ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(28)

by Hla Soewai - Apr 13 2025

ဗိုလ်ချုပ်ကြီး လေယာဉ် ပေါ် တက်ရန် လျှောက်လမ်း ပေါ် ခြေချ လိုက်မိချိန်တွင် ကျွန်တော်က လင်း နှင့် ဒပ်တို့ ရှေ့က တက်နိုင်ရန် ရပ်စောင့် နေခဲ့သည်။ သူတို့ ရောက်လာသည်ကို မတွေ့ရ၍ လှည့်ကြည့်လိုက်ရာ ကျွန်တော့် နောက်က ပါမလာသည်ကို သိလိုက်သည်။

 

"တက်..တက်" ဟု လေယာဉ် ကုန်တင်ကုန်ချ တာဝန်ခံ သည် ကျွန်တော် ဘေးမှ ပါးစပ်ပြဲ ကြီး နှင့် အသံကုန် အော်ဟစ် နေသည်မှာ တလှုပ်လှုပ် ဖြစ်နေသည့် အာသီး ကိုပင် မြင်နေရသည်။ မောင့်ရင် လူ‌ တွေ မရှိတော့ဘူး ဟေ့ ဟု ပြောလာသည်။

 

မီတာ နှစ်ဆယ် အကွာ လောက်တွင် ဘွန် အား ဒူး ထောက်ရက်သား တွေ့လိုက်ရသည်။ လင်း ကိုလည်း သူ့ရင်ဘတ် နှင့် ကပ်၍ ပွေ့ထားသည်။ သူမ၏ အဖြူရောင် ဘလောက်စ် အင်္ကျီ ပေါ်တွင် သွေးကွက်ကြီး ကို မြင်နေရသည်။ 

 

ကျည်တတောင့်က ကျွန်တော်တို့ ကြားရှိ ကွန်ကရစ် ကို လျပ်တိုက်သွား၍ ဖုံမှုန့် များ ဖွာလံ ကျဲသွားသည်။ ကျွန်တော့် အာခေါင်များလည်း အရည် တစက်မှ မကျန်တော့သည်အထိ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ ကျောပိုးအိတ်ကို ကုန်တင်ကုန်ချ တာဝန်ခံ ထံ ပစ်ပေးလိုက်ပြီး သူတို့ရှိရာ သို့ လမ်းတွင် ဖရိုဖရဲ ပျံ့ကျဲ နေသော ခရီး‌ ဆောင် အိတ်များကို ကျော် ခွ ရင်း ပြေးထွက်လာခဲ့သည်။

 

နှစ်မီတာ ခန့် အကွာ တွင် ကျွန်တော်လည်း ဆက် မပြေး တော့ဘဲ လျောတိုက် လိုက်သလို ဖြစ်သွား၍ ခြေထောက်က အရင်ရောက်သွားပြီး ဘယ်ဖက် လက် နှင့် တံတောင်ဆစ် တို့ ပွန်းပဲ့ကုန်သည်။

 

ဘွန် ထံ မှ တခါမှ မကြားခဲ့ဖူးသော နာနာကြည်းကြည်း အော်လိုက်သည့် အသံနက်ကြီး ထွက်လာ နေသည်။ သူ နှင့် လင်း အကြားတွင် ဒပ် ကို တွေ့လိုက်ရသည်။ မျက်လုံးက အထက်ကို လန် တက်နေပြီး ရင်ဘတ် ပေါ်တွင် သွေးများ ဖြင့် ရွှဲ နစ် နေသည့် အစိုင်အခဲလို တစုံတခု က အမေကို ဖောက်ထွက်ပြီး သူ့ကို ထိမှန်သွားပုံရသည်။

 

ဗိုလ်ချုပ်ကြီး နှင့် လေယာဉ် တာဝန်ခံက ကျွန်တော် ရှိရာဖက် လှမ်းအော်နေသော်လည်း တဝီဝီ လည် နေသော လေယာဉ် ပန်ကာ ဒလက်သံများ ကြောင့် သဲသဲကွဲကွဲ မကြားရ။ ကျွန်တော်က ထားခဲ့တော့၊ လေယာဉ် ထွက်နေပြီ ဟု ပြောပြောဆိုဆို နှင့် ဘွန် ၏ အင်္ကျီစ ကို ဆောင့်ဆွဲ လိုက်သော်လည်း သူက ပူဆွေး နေ၍ တုတ်တုတ်မျှ မလှုပ်၊ အော်နေသော အသံ တိတ်ပြီး လင်းကို တင်းတင်း ဖက်ထားသော လက်များ ပြေလျော့သွားစေရန် ကျွန်တော်လည်း အခြား နည်းလမ်း မရှိ‌တော့ ၍ သူ့ မေးရိုး ကို လက်သီး နှင့် ခပ်ပြင်းပြင်း တချက် ထိုးထည့်လိုက်သည်။ 

 

ပြီးနောက် သူ့လက်ထဲက လင်း၏ ခန္ဓာကိုယ်ကို တချက် ဆောင့်ဆွဲထုတ်လိုက်သည်။ လင်း နှင့် အတူ ဒပ် ၏ အသက်မဲ့ ခန္ဓာကိုယ် လေးသည် ကွန်ကရစ် ပြေးလမ်း ပေါ်သို့ ပြိုလဲ ကျလာသည်။ ကလေး၏ ခေါင်းက ပျော့ခွေ နေပြီ ဖြစ်သည်။

 

ကျွန်တော်သည် လင်း ကို ပုခုံးပေါ်ထမ်းပြီး လေယာဉ် နောက်သို့ ပြေးလိုက်လာခဲ့သည်၊ ဘွန်၏ နောက်မှ မသဲမကွဲ အော်ဟစ်‌ နေသံ ကို ကြားနေရသည်။ သူမကိုယ်မှ ထွက်လာနေသော ပူနွေး စိုစွတ်သော သွေးများဖြင့် ကျွန်တော့ ပုခုံး နှင့် လည်ပင်းတဝိုက် ရွှဲရွှဲစိုလာနေသည်။

 

လေယာဉ် ဘီးက တရွေ့ရွေ့ လိမ့်စ ပြုနေပြီ ဖြစ်သော်လည်း လျှောက်လမ်းကို မ မတင်သေးဘဲ ဗိုလ်ချုပ်ကြီး နှင့် လေယာဉ်တာဝန်ခံက ကျွန်တော်ကို လက်ကမ်းပေးနေဆဲပင် ဖြစ်သည်။ လေယာဉ်သည် တချက်ခြင်း ပစ်ခတ်နေသော ကက်ယူရှာ ဒုံးကျည်များ နှင့် လွတ်မည် ထင်သည့် ပြေးလမ်းကို ရှာနေဆဲ ဖြစ်သည်။

 

ကျွန်တော်လည်း အားကုန်သုတ် ပြေးနေခဲ့၍ အဆုတ်သည်ပင် လိမ်ကောက် ကုန်သလား ထင်ရသည်။ လျှောက်လမ်းပေါ် ရောက်သည်နှင့် လင်းအား ဗိုလ်ချုပ်ကြီးထံ ပြောင်းပေးလိုက်သည်။ ဘွန်သည်လည်း ကျွန်တော့် ဘေးက ပြေးလိုက်လာသည်ကို သတိထားမိလိုက်သည်။ သူလည်း ဒပ်ကို လေယာဉ် တာဝန်ခံထံ ပြောင်းပေးလိုက်သည်။ တာဝန်ခံသည် ခဘေးတဖက် တချက်သို့ ခေါင်း လည်နေသော ဒပ်၏ ကိုယ်လေးကို တတ်နိုင်သမျှ ငြင်ငြင်သာသာ ပင် ပွေ့ယူလိုက်သည်။

 

လက်က သားဖြစ်သူ လွတ်သွားသည် နှင့် ဘွန်သည် ပြေးနေသည့် အရှိန်ကို လျော့ချလိုက်သည်။ ခေါင်း ငိုက်စိုက်ချပြီး ငိုကြွေးနေပြန်သည်။ ကျွန်တော်လည်း သူ့ တံတောင်ဆစ် အကွေးကို လှမ်းဆုတ်လိုက်ပြီး ရှေ့သို့ တွန်းတင်ပေးလိုက်သည်။ တာဝန်ခံက သူ့အင်္ကျီကော်လံကို ကိုင်ကာ ဆွဲတင်လိုက်သည်။ ကျွန်တော်လည်း နောက်က သူ့ကို တွန်းတင်ပေးရင်းက လျောက်လမ်း ပေါ် ခုန်တက်လိုက်သည်။

 

ကျွန်တော့် ကိုယ်သည် လျောက်လမ်းပေါ် ဘေးစောင်းကြီး ကျသွားပြီး ခြေထောက်က လေထဲတွင် တွဲလောင်းကြီး ဖြစ်နေသည်။ လေယာဉ် သည် ပြေးလမ်းပေါ် တွင် အရှိန်ရလာနေပြီ ဖြစ်၍ ဗိုလ်ချုပ်ကြီးက ကျွန်တော်၏ ဒူးဆစ်ကို ဖမ်းကိုင်ကာ လေယာဉ် ဝမ်းဗိုက်ထဲသို့ ဆွဲသွင်းလိုက်သည်။ လျှောက်လမ်းသည် ကျွန်တော့် နောက်မှ ကြွ တက်လာနေသည်။

 

ကျွန်တော်သည် တဖက်က ဗိုလ်ချုပ်ကြီး၊ ကျန်တဖက် တွင် လင်း နှင့် ဒပ်တို့၏ မှောက်ရက်လဲနေသော ခန္ဓာကိုယ် များ အကြား ညပ်နေသည်။ ရှေ့တွင် ရောက်နေသော လူများ၏ နောက်ကို ပြန်တွန်းခြင်း ခံနေရပြန်သည်။

 

လေယာဉ်သည် ကောင်းကင်သို့ တဖြေးဖြေး ထိုးတက်လာသည် ‌နှင့် အမျှ စက်သံကလည်း ဆူညံလာသည်။ စက်သံသည် လေယာဉ် ကိုယ်ထည်ကို ဖေါက်ထွက်လာသည့် အပြင် M-16 လွယ်ကာ အသင့် အနေဖြင့် ရပ်နေသော လေယာဉ် အမှုထမ်းရှိရာ ဘေး တံခါး ပေါက် မှလည်း ဝင်လာနေသည်။ သူ့ဆီမှ သုံးချက်လောက် ဆက်ပစ် လိုက်သည့် အသံကိုလည်း ကြားရသည်။

 

ဖွင့်ထားသော တံခါး မှ တဆင့် အောက်ရှိ ဟိုတကွက် ဒီတကွက် တွေ့နေရသော လယ်ကွင်းများ၊ ကန်သင်းရိုး များအား တစောင်းကြီး တွေ့လာရသည်။ လေယာဉ် မှုးသည် လေယာဉ်ကို အောက်မှ ပစ်ခတ်နေသည်ကို ရှောင်ရှားသည့် အနေ့ဖြင့် ကွေ့ကာ ဝိုက်ကာ ပျံသန်းနေ၍ ဖြစ်သည်။

 

လေယာဉ်၏ ဆိုးဆိုးဝါးဝါး စက်သံ အပြင် ဘွန်သည် ဝမ်းဗိုက်ထဲ ရောက်လာပြီ ဖြစ်သော လျောက်လမ်း အား သူ့ ခေါင်း နှင့် စောင့်နေရင်းက အော်ဟစ် နေသံ ကိုလည်း ကြားနေရသည်။ သူ့ထံမှ ထွက်လာသော အသံကြီးသည် ကမ္ဘာပျက်သွား၍ မဟုတ်ဘဲ သူ၏ မျက်လုံး အစုံကို တစုံတယောက်က ‌ကလော်ထုတ်လိုက်၍ နာကျင်စွာ ဟစ်အော်လိုက်သည့် အသံမျိုး ဖြစ်နေသည်။