အရှက်

by Hla Soewai - Apr 13 2025

တိုင်းပြည်တွင် ရာစု နှစ် တနှစ် အတွင်း အပြင်းထန်ဆုံးဟု ပြော၍ ရသည့် မြေငလျင် ကြီး လှုပ်ခပ်သွား၍ တကမ္ဘာလုံးက စာနာဂရုဏာ သက်စွာ ဖြင့် ဝိုင်းဝန်း ကူညီ နေကြသော်လည်း ထို အထဲမင်းအောင်လှိုင် နှင့် အဖွဲ့ တော့ မပါဝင်ပေ။

 

၎င်းတို့ အားလုံး အစဉ် တဆက် ခံယူထားကြသည်က အများ အမြင် တွင် အား‌ ပျော့သွားပြီ ဆိုသည်ကို အထင် မခံ နိုင်ကြခြင်း ပင် ဖြစ်သည်။

 

ယခု လည်း မျက်စိ ရှေ့မှောက်တွင် တမြို့လုံး နီးပါး ပျက်စီးကာ လူများ ရာ နှင့် ချီ ၍ ပိတ်မိနေပြီး ထောင်ချီ နေသော နိုင်ငံတကာ မှ ကယ်ဆယ်ရေး လုပ်သားများက ပြိုကျ ပျက်စီး နေသော အင်္ဂတေ တုံးများ၊ အုပ်ကျိုး အုပ်ပဲ့ များ အား တူးဆွ ရှာ‌ ဖွေ နေသည်ကို တွေ့နေရပါလျက် ပြောသင့် မပြောသင့်မှန်း ချိန်ဆရကောင်း မှန်း မသိဘဲ ရွေးကောက်ပွဲ ကို စီစဉ် ထားသည့် အတိုင်း ဆက်လုပ်သွားမည်ဟု ပြောလာပြန်သည်။

 

တရုတ်၏ ဖိအားပေးမှု ကြောင့် ငါးရက် ကြာပြီး နောက်မှသာ အပစ်အခတ် သုံးပတ် ရပ်နားမည်ဟု ကြေညာလာသော်လည်း ထို့နောက်ပိုင်း လေကြောင်းမှ ၁၆ ကြိမ်၊ အခြား တိုက်ခိုက်မှု အကြိမ် ၆၀ ကျော် ဖေါက်ဖျက် ခဲ့သည်ဟု ဂျီနီဗာ ရှိ ကုလ လူ့ အခွင့် အရေး ရုံးမှ မြန်မာ အရေး ပြောခွင့် ရမှ သတင်း ထောက်များကို ထုတ်ဖေါ် အသိပေးခဲ့သည်။ အဆိုပါ ရုံး မှ ပင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးနေသည့် ငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရောက်ရှိစေရန် ကန့်သတ်ပိတ်ပင်နေကြောင်း လည်း ပြောဆိုလိုက်ပြန်သည်။

 

၎င်းတို့၏ ကတိပေးချက်များ သည် မည်သို့မျှ ယုံစား၍ မရ ဆိုသည်ကို နိုင်ငံတကာ က သိရှိသွားကြပြီး ထိုကဲ့သို့သော လူမျိုး များ နှင့် စားပွဲဝိုင်း အတူ ထိုင်ပြီး နိုင်ငံရေး ဖြေရှင်းချက် ရရှိဖို့ ဆိုသည်က ရေပေါ်တွင် အရုပ်ရေး သလိုသာ ဖြစ်ပေလိမ့်မည်။ ဤသည်ကို မြန်မာ့အရေး ဖြေရှင်းရမည်ဟု တစာစာ ကြွေးကြော်နေသူ များက ကောင်းစွာ သိထားပါလျက် political correctness အဖြစ် သာ စိတ်ထဲက မယုံကြည်ဘဲ ပြောဆိုနေကြခြင်းသာ ဖြစ်သည်၊ ထိုသို့ မဟုတ်ဟု ဆိုက စိတ်ဖေါက်ပြန် နေကြသူ များသာ ဖြစ်ပေလိမ့်မည်။

 

The Conversation ဝက်ဆိုဒ် တွင် Northern Illinois university မှ မြန်မာ အရေး အသေးစိတ် လေ့လာထားသူ တဦးက စစ်တပ် အုပ်ချုပ်လာသည့် နှစ်ပေါင်း ခြောက်ဆယ်ကျော် အတွင်း သဘာဝ‌ ဘေး အန္တရာယ် ဖြစ်ပွားလာတိုင်း ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း အတွက်သာ အမြတ်ထုတ်ခဲ့ကြသည့် အစဉ်အလာ များက ရှိထားပြီး ဖြစ်သည်ဟု ရေးသားထားသည်။

 

လူ တသိန်းကျော် သေဆုံးခဲ့သည့် နာဂစ် မုန်တိုင်းဒဏ် ကြောင့် တနိုင်ငံလုံး ပူဆွေး ‌သောက နှင့် ဗျာများ နေချိန်တွင်ပင် ၎င်းတို့ ရေးဆွဲထားသည့် ဖွဲစည်းပုံ အတွက် ဆန္ဒခံယူပွဲ ကို ရက်သတ္တပတ် အနည်းငယ် အတွင်း မှာပင် လုပ်ဖြစ်အောင် လုပ်ခဲ့ပြီး မဲပေးပိုင်ခွင့် ရှိသူ များထဲမှ ၉၈.၁၂ ရာနှုန်း လာရောက် မဲပေးပြီး ထောက်ခံမဲ ၉၂.၄၈ ရာနှုန်းရရှိခဲ့သည် ဟု ကြေညာကာ အတည်ပြုခဲ့ကြသည်။

 

လာမည့် ရွေးကောက်ပွဲ အားလည်း နိုင်ငံရေး ဖြေရှင်းချက် မျိုးအဖြစ် နိုင်ငံတကာ တွင် ဈေးဗန်းခင်းလာသော်လည်း ၎င်းတို့ နှင့် မကင်းရာ မကင်းကြောင်းများက ဘာမှ မလုပ်သည်ထက် စာလျင် တော်ပေ သေးသည် ဆိုကာ ထောက်ခံပေးလာကြသည်။ ၎င်းတို့ နိုင်ငံ အနှံ့ မိုးကြိုးပစ်သလို ဖြစ်သွားခဲ့သည့် မစဉ်းစား မဆင်ခြင်ပဲ လုပ်ခဲ့သည်ကို ထန်းရွက်နှင့် ကာရံ ကြိုးစားနေမှု မျိုးသာ ဖြစ်သည်ကို အားလုံးက သိထားကြပြီး ဖြစ်သည်။

 

The Conversation မှ ၎င်းတို့ ဖျက်ဆီးခဲ့သည့် ဒီမိုကရေစီ အားလည်း မန္တလေး ရှိ မြေငလျင်ဒဏ် ကြောင့် ထိခိုက် ပြိုလဲသွား မှု နှင့် နှိုင်းယှဉ် ဖေါ်ပြထားသည့် ပုံ ကို တွေ့နိုင်ပေသည်။

 

စစ်တပ်သည် ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေး အတွက် ထွက်ပေါက် အဖြစ် လက်ရှိ မြေငလျင် ကြီးကို ကောင်းစွာ အသုံးချ နိုင်သည့် အခွင့် အရေးကိုလည်း လက်လွှတ်ခဲ့ကြသည်။ အကူအညီများ လက်ခံခြင်း၊ အပစ်အခတ် ရပ်စဲရေး ဆိုသည်ကိုလည်း တကယ်တမ်း မကောင်းဆိုးဝါး သဖွယ် ဖြစ်နေသော ၎င်းတို့၏ ပုံရိပ် ကောင်းလာ စေဖို့သာ ကြေညာခဲ့ခြင်း ဖြစ်‌ သော်လည်း တကယ်တမ်းတွင်တော်လှန်ရေး တပ်များ အားနည်းသွား အောင် အခွင့်ကောင်း ယူ အသုံးချရန် အတွက် ဖြစ်သည်။

 

၂၀၁၀ နောက်ပိုင်း ၎င်းတို့၏ ပြုပြင်ပြောင်းလဲရေး များသည်လည်း ငလျင်ကြောကြီး ပေါ်တွင် တည်ဆောက်ခဲ့ခြင်း မျိုး ဖြစ်၍ ၂၀၂၁ တွင် ပြိုလဲသွားခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ၂၀၂၅ မြေငလျင်ကြီးကို အခွင့် အရေး တရပ် အဖြစ် အမြတ်ထုတ်နေမှု များသည်လည်း အချိန်တန်လျင် ပျက်စီး ကြေမွသွား မည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင် သည် ၎င်း၏ လုပ်ရပ်ကို အဟုတ်ကြီး ထင်နေဟန် ရှိပြီး ရွေးကောက်ပွဲ ကို ဆက်လုပ်သွားမည်ဟု နီပေါ ဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် အတည်ပြု ပြောဆိုသွားခဲ့သည်။

 

၎င်းသည် အိန္ဒိယ နှင့် ထိုင်း ဝန်ကြီးချုပ် တို့ နှင့်လည်း သီးခြား တွေ့ဆုံခွင့် ရခဲ့ပြန်သည်။ မိုဒီ မှ ရွေးကောက်ပွဲသည် အားလုံး ပါဝင်ပြီး ယုံကြည် လက်ခံနိုင်‌ လောက်သည့် ရွေးကောက်ပွဲ မျိုး ဖြစ်ရမည်ဟု သတိပေး သွားခဲ့သည်။ ပဋိပက္ခ မှန်သမျှ ကို စစ်ရေး အရ ဖြေရှင်းဖို့ ဆိုသည်က မည်သို့မျှ မဖြစ်နိုင်‌ပဲ အားလုံး အတူတကွ ဆွေးနွေး ညှိနှိုင်း ခြင်းဖြင့်သာ အဆုံးသတ်ရိုး ထုံးစံရှိသည်ဟု လေကုန်ခံ ပြီး ကျွဲ ပါး စောင်းတီး ပြခဲ့ပြန်သည်။

 

မင်းအောင်လှိုင်သည် ပွဲတက်များလေ ၎င်းတွင် personality ကော၊ charisma ခေါ်သည့် ဩဇာတိက္ကမ နှင့် ပြည့်စုံ သူ မဟုတ်ကြောင်း၊ အထင်ကြီး စရာ တကွက် မရှိကြောင်း ၎င်းနှင့် စကား ပြောခဲ့သည့် လူတိုင်း ရှေ့ ကိုယ့်အထုတ်ကို ကိုယ်ဖြေပြ ‌လေ ဖြစ်မည် ဆိုသည်ကား သေချာ နေပေသည်။

 

ဤသည်ကလည်း ပြည်ပခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်များ၊ ဖုန်း နှင့် စကား ပြောဆိုခဲ့သည်များ ကို ၎င်းတို့ မီဒီယာများမှပင် ထုတ်လွှင့်ခဲ့ကြ၍ ကြားရသူ အပေါင်းက ထိုသို့ပင် ယူဆထားပြီး ဖြစ်ရာ ပြည်ပနိုင်ငံ များမှ ခေါင်းဆောင်များကကော ထိုသို့ မယူဆပဲ နေကြမည်လော။

 

မင်းအောင်လှိုင် အဖို့ တွေးတတ်မည် ဆိုက အရှက်ဗြန်းဗြန်း ကွဲစရာ ဖြစ်ခဲ့ရသည်က ၎င်းအား လာခွင့် ပြုခဲ့၍ အပြင်းအထန် ဝေဖန်ခံလာရသော ထိုင်း အစိုးရ ဖက်မှ ကမန်းကတန်း ‌ဖြေရှင်းချက် ထုတ်လာရခြင်းပင် ဖြစ်သည်။ 

 

မိမိတို့ သည် အိမ်ရှင် နိုင်ငံ ဖြစ်သည့် အားလျှော်စွာ ဝတ္တရား ရှိသည့် အတိုင်း လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း၊ အဖွဲ့ဝင် တနိုင်ငံ ပျက်ကွက်က ပူးတွဲ ကြေညာချက် ထုတ်ပြန်နိုင်ဖို့ မဖြစ်နိုင်ဟု ထိုင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး ညွှန်ချုပ် က ရှင်းပြခဲ့သည်။

 

ဆန္ဒပြသူများက ၎င်းတည်းခိုရာ ရှန်ဂရီလား ဟိုတယ် အနီးတွင် "လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့ မကြိုဆို" ဟူ သော ဗီနိုင်းစာတန်းကြီး ချိတ်ဆွဲ ခဲ့ကြသည်။

 

ဗြိတိန်ရှိ အဖွဲ့အစည်းများ မှ အလှုငွေ ကောက်ခံရာတွင် ချားလ်ဘုရင် နှင့် မိဖုရား တို့မှ ရက်ရက်ရောရော ထည့်ဝင်ခဲ့ကြပြီး တရက်တည်း နှင့် စတာလင် ပေါင် ၇.၅ သန်း ရရှိသွားခဲ့သည်ဟု သိရသည်။

 

အိန္ဒိယ၊ ဂျပန်၊ ဩစတေးလျှ နှင့် အမေရိကန် တို့ ပါဝင် ဖွဲ့စည်းထားသည့် QUAD ဟု လူသိများသည့် လေးနိုင်ငံ အဖွဲ့မှ ဒေါ်လာ သန်း ၂၀ ကူညီ ထောက်ပံ့သွားမည်ဟု ကတိပြု ကြေညာခဲ့သည်။

 

အားလုံးက ယခု အချိန်တွင် စာနာသနားမှု အီမိုရှင်းများ မြင့်တက်နေပြီး တခုခု လုပ်ပေးမှ ဖြစ်မည်ဟု ပြောဆိုလှုဒန်း နေသော်လည်း စစ်ကောင်စီ လက်ထဲ ရောက်သမျှ ထဲမှ ငလျင်ဒဏ်သင့် လူထု ထံ ဆယ်ရာခိုင် နှုန်း ရောက်လျင်ပင် ကံကောင်းဟု ဒေါ်မီမီ ဝင်းဘတ်က ဧရာဝတီ နှင့် တွေ့ဆုံ မေးမြန်းရာတွင် ပြောဆိုသွားခဲ့သည်။

 

"Half the world is composed of people who have something to say and can't, and the other half who have nothing to say and keep on saying it."

 

Robert Frost 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!