လူသား ကွန်ယက်(19)

by Hla Soewai - Apr 13 2025

အခန်း (၂)

 

ပုံ ဝတ္ထု များ သို့မဟုတ် အတိုင်းအဆမဲ့ ဆက်သွယ် ပေးခဲ့မှု များ

 

ကျွနုပ်တို့ မနုဿ အနွယ်ဝင်များသည် ကမ္ဘာကြီးကို လွှမ်းမိုး နိုင်ခဲ့သည်မှာ ဉာဏ် အမျှော်အမြင် နှင့် ပြည့်စုံ ကြွယ်ဝနေခြင်းကြောင့် တော့ မဟုတ်၊ တကယ် တမ်း တွင် အုံ နှင့် ကျင်းနှင့် ဟိုကွေ့ ဒီတက်နှင့် လှော်၊ ဒီကွေ့ ဟိုတက် နှင့် လှော် ဆိုသလို ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ကြ၍ ဖြစ်သည်။

 

ထိုသဘောတရားကို ကျွနုပ်၏ ယခင် စာအုပ် များ ဖြစ်သော Sapiens နှင့် Homo Deus တို့တွင် ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခု အနည်းငယ် အကျဉ်းချုပ် ပြန်လည် ရှင်းပြဖို့က မဖြစ်မနေ လိုအပ်လာသည်။

 

မနုဝင် တို့ အထက်တွင် ဆိုခဲ့သည့် နည်း အတိုင်း ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့ခြင်းသည် သူ့အလိုလိုတော့ မဟုတ်၊ အခြားသော တိရစ္ဆာန် များ ဆီမှ အတုခိုးလာခဲ့ကြခြင်းသာ ဖြစ်သည်။

 

ချင်ပန်ဇီ ကဲ့သို့ နို့တိုက် သတ္တဝါများသည် ၎င်းတို့ အချင်းချင်း အခြေအနေ အချိန်အခါ ကို ကြည့်ကာ သိသိသာသာ လိုက်လျောညီထွေ ပူးပေါင်း လုပ်ဆောင်လာသည်ကို ပြသခဲ့ကြပြီး ဖြစ်သည်။ အခြား အသင်းအဖွဲ့ နှင့် နေတတ်သော ပုရွက်ဆိတ်များသည်လည်း အလားတူပင် ဖြစ်သည်။

 

သို့သော် ချင်ပန်ဇီများ၊ ပုရွက်ဆိတ်များသည် အင်ပါယာများ၊ ဘာသာရေး အဖွဲ့များ၊ ကုန်သွယ်ရေး ကွန်ယက်များကို တည်ထောင်ခဲ့ကြခြင်း မရှိပေ။ မနုဝင်များကတော့ ထိုသို့ လုပ်နိုင်စွမ်း ရှိကြသည်။ ချင်ပန်ဇီ များထက်လည်း ပို၍ ပင် အ‌ခြေ အနေကို လိုက်၍ ဆောင်ရွက် နိုင်စွမ်း ရှိကြသည့် အပြင် ပုရွက်ဆိတ်များ ထက် သာလွန်များပြားသော အရည်အတွက် ဖြင့် တပြိုင်နက်တည်း လိုလို ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။

 

တဦး နှင့် တဦး ပူးပေါင်းကြရာတွင်လည်း အရည်အတွက် မည်ရွေ့မည်မျှဟု ကန့်သတ်ထားခြင်း မရှိပေ၊ ကက်သိုလစ် ဘုရားကျောင်း တော်များ၏ အဖွဲ့ဝင် စုစုပေါင်းသည် ၁.၄ ဘီလီယံ ရှိနေသည်။ ကမ္ဘာ ကုန်သွယ်ရေး ကွန်ယက်ကြီးသည် မနုဝင် ၈ ဘီလီယံကို ချိတ်ဆက်ပေးထားသည်။

 

လူသဘာဝ အရ ဆိုလျင် လူသားများသည် ရာဂဏန်း အနည်းငယ်မျှကိုသာ ရေရှည် မြဲမြံစွာ ရင်းရင်းနှီးနှီး လက်တွဲ နိုင်စွမ်း ရှိသည်ကို ကြည့်မည် ဆိုက ယခု လောက် ပမာဏ ရှိနေသည်ကပင် အံ့အားသင့်စရာ ကောင်းနေရပေသည်။ တစုံတ‌ဦး၏ ကိုယ်ပိုင် စရိုက် လက္ခဏာ၊ သမိုင်းကြောင်း လေ့လာပြီး အပြန်အလှန် ချစ်ခင် ယုံကြည်မှု ရှိလာရန် သည် နှစ်ပေါင်း များစွာ အချိန်ယူရတတ်သည်၊ မနုဝင်တို့ အချင်းချင်း ဆက်နွယ်လာမှု သည်သာ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး ရင်းနှီး မြုပ်နှံမှု မျိုးကို အခြေခံခဲ့မည် ဆိုလျင် ကျွနုပ်တို့၏ ကွန်ယက်သည် လွန်စွာ သေးငယ် နေမည်သာ ဖြစ်သည်။

 

ထိုကဲ့သို့သော အခြေအနေမျိုး ကျွနုပ်တို့၏ ညီနောင် ဝမ်းကွဲများ ဖြစ်သော ချင်ပန်ဇီ တို့ တွင် တွေ့လာရသည်။ ၎င်းတို့ ၏ အစည်းအရုံးသည် ထုံးစံ အားဖြင့် ၂၀ မှ ၆၀ ခန့် အထိ သာ ရှိသည်။ ၁၅၀ မှ ၂၀၀ အထိ ရှိသည်ကိုကား ‌တွေ့ရခဲသည်။ ထိုသို့သော အနေအထားမျိုးကို ဥရောပ ကျောက်ခေတ် လူသားများ၊ သမိုင်း မတင်မီ ခေတ် လွန်စွာ ရှေးကျသော မနုဿ အနွယ်ဝင်များတွင် တွေ့ရသည်။ ဒါဇင် အနည်းငယ်မျှသာ ရှိသော ကိုယ့်အစု လေး နှင့် ကိုယ် နေထိုင်ကြသည်။ အခြား အုပ်စုများ နှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြလေ့ မရှိပေ။

 

လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်သောင်း ခန့် လောက်က စ၍ မနု အနွယ်ဝင် အုပ်စုများ သည် မကြုံစဖူး ပူးပေါင်းလာကြသည်။ ယင်းကို အုပ်စုများ အကြား ကုန်ဖလှယ် မှု စနစ်၊ ပန်းချီ ပန်းပု နှင့် အာဖရိက မြေ မှ ကျွနုပ်တို့ ဘိုးဘေး များသည် အုပ်စု ဖွဲ့၍ ကမ္ဘာအနှံ့ ခြေဆန့်လာခဲ့သည့် ကို အထောက်အထားများ အရ တွေ့ရသည်။

 

ဤသည်ကား ၎င်းတို့၏ ဦးနှောက် ဖွဲ့စည်းပုံ အဆင့်ဆင့် ပြောင်းလဲလာမှု နှင့် အတူ ဘာသာစကား များ ပေါ်ပေါက်လာခြင်းကြောင့်ဟု ဆိုရမည် ဖြစ်သည်။ ဘာသာစကား နှင့် အတူ စိတ်ကူးယဉ် ပုံတိုပတ်စများ ပြောနိုင်လာပြီး လွန်စွာ မှလည်း လေးလေးနက်နက် ယုံကြည်သက်ဝင်လာကြသည်။

 

ဥရောပ ကျောက်ခေတ် လူသားများကဲ့သို့ လူသား အချင်း ချင်း သံကြိုးများကဲ့သို ဆက်သွယ်ပေါင်းစည်းခြင်း မရှိဘဲ ရှေးအကျဆုံး လူသားများသည် လူအချင်းချင်း မဟုတ်ဘဲ လူ နှင့် ပုံဝတ္ထု များ ဆက်သွယ် ပေါင်းစည်းမှု စတင်လာခဲ့သည်။

 

ထို့အတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် တဦး နှင့် တဦး အသိအကျွမ်း ဖွဲ့စရာ မလိုတော့ဘဲ ၎င်းတို့ ယုံကြည် ထားသည့် ဇာတ်လမ်း ဇာတ်ကွက်များ တူညီနေဖို့သာ လိုအပ်တော့သည်။ ထို အခြေခံသည် ဘီလီယံ နှင့် ချီသော လူများ အတွက်လည်း အတူတူ ပင် ဖြစ်သည်။

 

ဇာတ်လမ်း ဇာတ်ကွက် တခုသည် အလယ်မှ နေ၍ ဟိုဖက်ဒီဖက် ဆက်သွယ် ပေးနိုင်သည့် ပစ္စည်း ဖြစ်လာသည်။ ထိုပစ္စည်း တွင် အပြင်မှ လာရောက် ချိတ်ဆက် နိုင်သည့် ပလပ်ပေါက်များစွာ ရှိနေ၍ မရည်တွက် နိုင်သော လူ များ ပလပ် တပ် နိုင်လာသည်။

 

ဥပမာအားဖြင့် ၁.၄ ဘီလီယံ ရှိ‌သော ကက်သိုလစ် ကျောင်းတော်ဝင်များ အချင်းချင်း သမ္မာကျမ်းစာက ဆက်သွယ်ပေးထားသည်။ ထိုကဲ့သို့ပင် ၁.၄ ဘီလီယံ ရှိသော တရုတ် နိုင်ငံသားများအား ကွန်မြူနစ် ဝါဒ သဘောတရား နှင့် တရုတ် အမျိုးသားရေး ဝါဒများက ချိတ်ဆက်ပေးလာခဲ့သည်။

 

၈ ဘီလီယံ ခန့် ရှိ‌သော ကမ္ဘာကုန်သွယ်ရေး ကွန်ယက်ကြီးထဲ ပါဝင်နေသူများအား ‌ငွေကြေးစနစ်၊ ကော်ပိုရေးရှင်းကြီးများ၊ ကုန်အမှတ် တံဆိပ်များ ဖြစ်သော ဇတ်လမ်းများက ဆက်သွယ်ပေးထားခဲ့သည်။

 

လူသန်းပေါင်း များစွာ ၏ ယုံကြည် ထောက်ခံမှု ရထားသော ဩဇာတိကမ္မ နှင့် ပြည့်စုံသည့် ခေါင်းဆောင်များသည်လည်း ၎င်းတို့တွင် ခြွင်းချက် ဟူ၍ မရှိပဲ ထို စည်းမျဉ်း အတိုင်းပင် နောက်လိုက်အချင်းချင်း ပေါင်းစည်း ပေးထားခဲ့သည်။

 

ရှေးဟောင်း တရုတ် အင်ပါယာ ပြည့်ရှင်များ၊ အလယ်ခေတ် ပုပ်ရဟန်းမင်းကြီး၊ သို့မဟုတ် ခေတ်သစ် ကော်ပိုရေးရှင်းကြီးများ၏ အကြီးအကဲ များ သည် ပုံဝတ္ထု များ မဟုတ်ပဲ သွေး နှင့် ကိုယ်၊ သားနှင့် ကိုယ် ဖွဲ့စည်းထားသော လူသားစစ်စစ် ဖြစ်သော်လည်း ၎င်းတို့ အားလုံးသည် သန်းပေါင်းများစွာ ရှိသော နောက်လိုက်နောက်ပါများကို ချိတ်ဆက်ပေး နိုင်သည့် ဆက်စပ်ကိရိယာ တခု အဖြစ် ဆောင်ရွက်လာခဲ့သည်။

 

သို့ရာတွင် ၎င်းတို့၏ နောက်လိုက် နောက်ပါများသည် ခေါင်းဆောင်ဆိုသူများ နှင့် နှီးနွယ် ပတ်သက်နေကြ သူ များ မဟုတ်ကြ။ ၎င်းတို့ အချင်းချင်း ဆက်သွယ်ပေးနေခြင်းသည် သေချာ ကျနစွာ ဖန်တီးထားသော ခေါင်းဆောင် အကြောင်းဇာတ်လမ်း ဇာတ်ကွက်များသာ ဖြစ်သည်။ ထိုဇတ်ကွက် များ အပေါ်လည်း ယုံကြည်စွာ ပုံအပ်ထားကြသည်။

 

သမိုင်းတလျောက် အကြီးမားဆုံး ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှု ခံခဲ့ရသူသည် ဂျိုးစက် စတာလင်ပင် ဖြစ်သည်။ ၎င်းသည် ထိုအကြောင်းရင်းခံ များကို ကောင်းစွာ သိနားလည် ထားသူလည်း ဖြစ်သည်။

 

စတာလင် တွင် ဗာဆီလီ ဆိုသည့် ခပ်ဆိုးဆိုး သားသားတယောက်ရှိသည်၊ ၎င်းသည် ဖခင်ဖြစ်သူ အား လူအများ ကြောက်ရွံ့တတ်မှု ကို အမြဲလို အခွင့်အရေးယူ အသုံးချ တတ်သူ ဖြစ်သည်။ ၎င်း၏ လုပ်ရပ်များကို ဖခင်က ဆူပူ ကြိမ်းမောင်းသည့် အခါ "ကျွန်တော်လည်း စတာလင်ပဲ" ဟု ပြန်ပြောခဲ့သည်။

 

ဖခင်က "နိုး..မင်း စတာလင် မဟုတ်ဘူး၊ ငါလည်းပဲ စတာလင် မဟုတ်ဘူး၊ စတာလင် ဆိုတာ ဆိုဗီယက် ရဲ့ ပါဝါ၊ စတာလင် ဆိုတာ သတင်းစာ‌ တွေထဲ၊ ချိတ်ဆွဲ ထားတဲ့ ဓါတ်ပုံ‌ ‌တွေ ထဲက လူ၊ မင်းလည်း မဟုတ်ဘူး၊ ငါလည်းပဲ စတာလင် မဟုတ်ဘူး"