လားရှိုး မှ ကိုးကန့် တပ်များ ဆုတ်ခွာတော့မည်

by Hla Soewai - Apr 13 2025

MNDAA သည် လားရှိုးအား စစ်ကောင်စီ တပ်များ လက်သို့ ယခုလ မကုန်မီ ပြန်လည် လွှဲပြောင်းပေးမည်ဟု DVB သတင်းတွင် ပါရှိသည်။

 

စစ်တပ်သည် သေနတ် တချက်မှပင် မဖေါက်လိုက်ရပဲ လားရှိူး မြို့တွင်းသို့ ပြန်လည် ဝင်ရောက်လာကြပေတော့မည်။ 

 

မကြာမီ မှာပင် မင်းအောင်လှိုင် ကိုယ်တိုင် သွားရောက်ပြီး "အကြမ်းဖက်သမားများ" ဖျက်ဆီးခဲ့သည်များကို ပြန်လည် တည်ဆောက်ပေးရန် တာဝန်ရှိသူ များ နှင့် ဆွေးနွေးဟု ၎င်းတို့၏ မီဒီယာများ တွင် ပြူးပြူး ပြဲပြဲ ပါလာ တော့မည်လည်း ဖြစ်သည်။

 

ထို့သို့ တဖက်ရန်သူ ကို အသာတကြည် လွှဲပြောင်း ပေးခဲ့ရသည့် ခြင်း မျိုးသည် ကမ္ဘာပြည်တွင်းစစ်များ သမိုင်းတွင် တခါဖူးမျှ မရှိခဲ့ဖူးသည့် ဖြစ်စဉ် အဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ပေတော့မည်။

 

ယခု အခါ အရင် ကြားနေခဲ့သလို မဟုတ်တော့ဘဲ လားရှိုး မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခု စလုံးကို စစ်ကောင်စီ လက်ထဲ လွှဲ အပ်သွားမည်ဟု သိရသည်။

 

ဩဂုတ်လ ၃ ရက်နေ့တွင် ဂုဏ် ရောင် ထွန်းပြောင်စွာ သိမ်းပိုက်နိုင်ခဲ့၍ အားလုံး၏ တအံ့တဩ ချီးကြူးခံခဲ့ရသည့် MNDAA ၏ ရွှေရောင် နေ့ရက်များသည် ရက်ပေါင်း ၂၄၀ သာ ခံခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

လားရှိူး မြို့သိမ်း တိုက်ပွဲ တွင် ကျဆုံးခဲ့ရသည့် တပ်ဖွဲ့ဝင် များ၏ မိသားစု များကို မည်သို့သော မျက်နှာမျိုး နှင့် ရှင်းပြကြ မည်နည်း ဆိုသည်က မတွေးတတ်အောင်ပင် ဖြစ်သည်။

 

ယခုလို လွှဲမပေးက စစ်တပ် မှ ဗုံးကြဲမည်ဟု ခြိမ်းခြောက် နေသော ကြောင့်၊ တရုတ်ဖက်က အကုန်လုံး ဖြတ်တောက်ပိတ်ဆို့ ပစ်မည်ဟု ခြိမ်းခြောက်နေသောကြောင့် အစရှိသဖြင့် ပြောဆို နေကြမည်သာ ဖြစ်သည်။

 

လားရှိုး မြို့အား ၎င်းတို့ အုပ်ချုပ်နေစဉ် အတွင်း ပူးပေါင်း ကူညီ ခဲ့ကြသူများလည်း စစ်တပ်မှ "အကြမ်းဖက်သမား" များ နှင့် ပူးပေါင်း ခဲ့သည့် collaborators များဟု ရန်ညိုး ထားလာကြတော့မည် ဖြစ်သည်။ လားရှိူး မြို့ပေါ်ရှိ အသက် ၁၈ မှ ၃၅ နှစ်ကြား လူငယ်များလည်း တယောက်မကျန် စစ်တပ်ထဲ ဆွဲသွင်း ခံရဖို့ အလားအလာ ရှိနေသည်။

 

၎င်းတို့ တပ်တွင်းတွင်လည်း စိတ်ဓါတ်များ ဖရိုဖရဲ ဖြစ်ကာ နောက်ပိုင်း စစ်ဆင်ရေး လုပ်လာခဲ့လျင်ပင် လူထု ထောက်ခံမှု ကား ရတော့မည် မဟုတ်၊ စစ်တပ်သည် လားရှိူး တွင် အင်အား အလုံးအရင်း ဖြည့်တင်းပြီး ရွက်ဖျင်တဲ ထဲ ကုလားအုပ် ဝင်သလို တဖြေးဖြေး နှင့် ရှေ့တိုးလာကြတော့မည် ဖြစ်သည်။

 

MNDAA သည် ယခုအခါ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရေး ဇုံ ပါဝင်သည့် အသစ် ဖွဲ့စည်းလာသည့် အထူး ဒေသ (၁) လက်အောက်တွင် လားရှိူး အနီးရှိ ကျေးရွာ လေးများ ထည့်သွင်း အုပ်ချုပ်သွားမည် ဖြစ်သည်။

 

MNDAA သည် မြေငလျင်ဒဏ်ကြောင့် သေဆုံးသွားသည့် လက်ရှိ ၄,၀၀၀ ခန့်ရှိ လူများကို လေးစားသမှု နှင့် သင်္ကြန် ပျော်ပွဲ ရွှင်ပွဲ အားလုံးကို ဖျက်သိမ်းလိုက်ပြီး ကုန်ကျမည့် စရိတ်များကို ငလျင်ဘေး အတွက် အလှုငွေ ထည့်ဝင်သွားမည်ဟု တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ငလျင်ဒဏ် သင့် မြန်မာ ပြည်သူများ အတွက် ရေရှည် အကူအညီများ ပေးသွား နိင်ရန် စစ် ကောင်စီ အား ၎င်းတို့ ကြေညာထားသည့် အပစ်အခတ် ရပ်စဲ ရေး ကို သက်တမ်း တိုးမြှင့် ပေးရန် နိုင်ငံတွင်း ရောက်ရှိနေသော မလေးရှား နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးမှ အာဆီယံ ကိုယ်စား တောင်းဆိုလိုက်ကြသည်။

 

အားလုံး ၏ စိတ်ထဲတွင် တော့ တဖက်က မနိုင်တော့မည့် စစ်ကြီး ကို ဆက်တိုက်နေရရှာသည့် မင်းအောင်လှိုင် နှင့် အဖွဲ့သည် မည်သို့ မည်ပုံ ပြန်လည် တည်ဆောက်ကြမည်နည်းဟု တွေးနေကြပြီ ဖြစ်သည်။ ၎င်းတို့ အား တနိုင်ငံလုံး က ရွံ့မုန်းသည်ထက် ရွံရှာ မုန်းတီးလာနေကြပြီး၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများအားလည်း ချည်းကပ်၍ မရ၊ ကမ္ဘာဘဏ် နှင့် အာရှ ဘဏ် တို့မှလည်း ငွေ ချေးငှား၍ မရ ဖြစ်နေသည်။

 

ငလျှင် ဒဏ်ကြောင့် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်း ပဋိပက္ခသည် မည်သို့ သက်ရောက်မှု ရှိလာ နိုင်မည်နည်း။ နိုင်ငံတကာ မှ အာရုံစိုက်မှု လျော့ပါးသွားသည်နှင့် ဗုံးကြဲ တိုက်ခိုက်မှု များ ယခုထက် အရှိန်တိုးမြှင့်လာကြဦးမည် ဖြစ်သည်။

 

အချို့က ၎င်းတို့ ခံတပ်ကြီး အဖြစ် ရှိနေသည့် နေပြည်တော် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွား၍ သာ အရင်လို မဟုတ်ဘဲ နိုင်ငံတကာ အကူအညီများ တောင်းခံလာခြင်း ဖြစ်သည်ဟု ပြောဆိုနေကြောင်း လန်ဒန်ထုတ် ဂါဒီယန်း သတင်းစာတွင် ရေးသားထားသည်။

 

ငလျင်ကြောင့် ရှေ့တန်း တွင် ‌၎င်းတို့အတွက် တိုက်ပေးနေရသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၎င်းတို့ မိသားစု များ နှင့် အဆက်အသွယ် မရတော့၍ သေချာပေါက် စိတ်ဓါတ်များ ကျဆင်းလာနေကြပြီဟု ဆိုသည်။ ဤသည်ကို သိသော စစ်ကောင်စီ ဝါဒ ဖြန့် ယန္တရားကြီးသည်လည်း အဆက်မပြတ် လည်ပတ်နေပြီး ၎င်းတို့အား လည်း နိုင်ငံကို စောင့် ရှောက် ကယ်တင်သူများ အဖြစ် အမွှန်းတင်လာသည်။

 

သို့သော်လည်း ငလျင်ဒဏ် အကြီး အကျယ် ခံခဲ့ရသည့် မန္တလေး တွင် သိသိသာသာ ပင် လူမြင်ကွင်းမှ ပျောက်ကွယ်နေကြသည်ဟု သတင်းစာက ဆိုသည်။ လူအင်အား မရှိတော့သည်မှာ ဖြစ်နိုင်ကြောင်း နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မြန်မာအရေး တာဝန်ခံ ရစ်ချတ် ဟိုဆေးက ထောက်ပြခဲ့သည်။ (ပုံတွင် မန္တလေးရှိ သူဌေးကျောင်း ဘုန်ကြီးကျောင်းတိုက် မြင်ကွင်းကို တွေ့နိုင်သည်)

 

စစ်ကိုင်း မြို့တွင်းနေ လူဦးရေ၏ ၃၀ ရာနှုန်း ခန့်သာ အကူ အညီ ရနေပြီး မြို့အနီးတဝိုက် တွင် နေသူများ အဖို့ မည်သည့် အကူအညီမှလည်း မရဖြစ်နေသည်ဟု ဒေသခံတဦးက ဆိုသည်။

 

လက်ရှိတွင် နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ထမ်းများပင် စိတ်မချရသေး၍ လမ်းပေါ်တွင် အိပ်နေကြရ ဆဲ ဖြစ်သည်။

 

အနည်းဆုံး မြို့ပေါင်း ၂၀ ခန့် ပျက်စီးသွား၍ ပြန်လည် တည်ဆောက်ရေးအတွက် မည်သူက စိုက်ထုတ်မည်နည်းဟု မေးခွန်းထွက်ပေါ်လာသည်။

 

တရုတ်သည် စီမံကိန်း တခုစီ အတွက် ‌ငွေ ထုတ်ချေး ကောင်း ‌ချေး နိုင်သော်လည်း စစ်ခေါင်းဆောင်များကို ယုံကြည်မှု မရှိ၍ တလုံးတခဲတည်း ပေးမည် မဟုတ်ဟု ရစ်ချတ် ဟိုဆေးက ဆိုသည်။ လက်ရှိ အရေးပေါ် အခြေအနေ ကို ပင် စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ကြသူများ မဟုတ်သည်ကိုလည်း မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြပြီး ဖြစ်သည်။

 

လူထု အဖို့က တော့ ထိုဒဏ်မျာကို ကာလ ရှည်ကြာစွာ ခံကြရဦးမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!