နေပြည်တော် တွင် ရောက်ရှိ နေသော ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ် ၏ မြန်မာ နိုင်ငံ ဆိုင်ရာ ဒုတိယ တာဝန်ခံ အယ်လီနာ ဗူယိုလို ကုလ သတင်းဌာန နှင့် အင်တာဗျုး တွင် နိုင်ငံတွင်း အခြေအနေသည် "an emergency within an emergency" ဟု ဆိုကာ သူမ၏ အတွေ့အကြုံ များကို ယခုလို သုံးသပ် သွားခဲ့သည်။
ယခုလို သဘာဝ ဘေးအန္တရာယ်ကြီး မကြုံခင်ကပင် လူ သန်းပေါင်း ၁၂ သန်း ခန့်သည် ကျန်းမာရေး စောင့်ရှောက်ပေးဖို့ လိုအပ်နေသည်။ ထိုအနေအထား တွင် မြေငလျင် ကြောင့် အခြေအနေများ ပို၍ ဆိုးဝါးလာခဲ့သည်ဟု ဆိုသည်။
သေဆုံးသူ အရည်အတွက် ၃,၉၀၀ ကျော်သွားပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရသူ ၆,၀၀၀ နီးပါး ဖြစ်လာချိန်တွင် ဝမ်းရောဂါ နှင့် ငှက်ဖျားရောဂါ ဖြစ်ပွားလာနိုင်သည့် အလားအလာ များ ရှိနေသည်။
ထို့ပြင် ရေ၊ အစားအသောက် နှင့် အမိုးအကာ များလည်း လိုအပ်နေသည်။
ယခု အခါ တပတ်ကျော်လာခဲ့ပြီ ဖြစ်၍ ပိတ်မိနေသူ များ ကို ကယ်ထုတ်နိုင်ရန် အကောင်းဆုံး ဖြစ်သည့် သုံးရက်သည် လွန်မြောက်သွားပြီ ဖြစ်၍ အခွင့် အလန်း နည်းသည်ထက် နည်းလာနေသည်။
ဖြစ်ပွားပြီး ၂၄ နာရီ အတွင်း WHO မှ ရန်ကုန်ရှိ ဂိုဒေါင်များ ထဲမှ လိုအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများ စုစည်းပြီး ဖြစ်ပွားရာသို့ သယ်ယူ လာနိုင်ခဲ့သည်။
ပြီးခဲ့သည့် တပတ်လုံးလုံး အခြားကယ်ဆယ်ရေး အဖွဲ့များ နှင့် အတူတူ လက်တွဲပြီး နှစ်ဆယ့်လေးနာရီ မရပ်မနား လုပ်ခဲ့ရသည်။ ကံဆိုး မိုးမှောင်ကျခဲ့ရသည်က ဆေးရုံများ ပြိုလဲ လာနေသည်ကို တွေ့ခဲ့ရခြင်းပင် ဖြစ်သည်။ နိုင်ငံတွင်း ကျန်းမာရေး စနစ်သည် လေးနှစ်ကြာ ပဋိပက္ခ ဖြစ်ပွားနေခြင်းကြောင့် နည်းနည်း နှင့် ကျဲကျဲ ဝိုင်းနေရဆဲ ဖြစ်သည်။ ယခု မြေငလျင် က ထိုအခြေအနေများ ကို ဆိုးဝါးသည်ထက် ဆိုးဝါးအောင် တွန်းပို့ပေးလာခဲ့သည်။
ဆေးရုံများကလည်း လူနာ နှင့် မမျှ အောင် ဖြစ်လာနေသည်။ ကုသဖို့ လိုအပ်နေသူများ သာမက ခွဲစိတ်ရန် ရှိနေသူများကိုပါ သင့်တင့် လျောက်ပတ်စွာ ကုသ ပေးနိုင်ခြင်း မရှိ။
အရေးကြီးဆုံး လိုအပ်နေသည်က ခွဲစိတ်ကုသ နိုင်ရန် နှင့် စိတ်ဒဏ်ရာ ရနေသူများ အား စောင့်ရှောက်ပေးနိုင်ရေး ဖြစ်သည်။
WHO သည် ပြီးခဲ့သည့် အပတ် အတွင်း တန်ချိန် ၁၀၀ ခန့်ရှိ ကယ်ဆယ်ရေး ပစ္စည်းများ ယူဆောင်ခဲ့ပြီး ဖြစ်သည်။ လူတဦးအား အဆောက်အဦးပျက် အောက်မှ ဆွဲထုတ်ပြီးသည်နှင့် ပစ္စည်းပစ္စယာ ပြည့်စုံသည့် ဆေးရုံတွင် လိုအပ်သလို မှန်ကန်စွာ ခွဲစိတ် ကုသ ပေးနိုင်ဖို့ လိုသည်။
အဓိက အခက်အခဲကား ဆေးရုံ၊ ဆေးခန်းများ၏ ၈၆ ရာနှုန်း ပျက်စီးသွားခဲ့ခြင်းပင် ဖြစ်သည်။
လက်ရှိတွင် သောက်ရေသန့်များ နှင့် မိလ္လာစနစ် ပျက်စီး နေခြင်းများကြောင့် ဝမ်းရောဂါ မဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနေရသည်။ ပြီးခဲ့သည့် နှစ်အတွင်း မန္တလေး တိုင်း အတွင်းရှိ မြို့နယ် တဝက် နီးပါး ဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ကာကွယ်ဆေးကို လူ ၇၀,၀၀၀ နီးပါးကိုသာ ထိုးပေးနိုင်ခဲ့သေး၍ မန္တလေး တွင် ထပ်မံ ဖြစ်ပွားလာနိုင်သည့် အန္တရာယ် ရှိနေသည်။
နိုင်ငံတကာ အကူအညီများ ဖြတ်တောက်ခံထားရခြင်း ကြောင့်လည်း ထင်သလောက် ခရီးမပေါက် ဖြစ်နေရသည်ဟု ဆိုသည်။ သောက်သုံးရေ၊ အစားအသောက်၊ အမိုးအကာများ လိုအပ်လာမှု သည်လည်း တနေ့တခြား မြင့်တက်လာနေသည်။
ယခုအခါ ယာယီ ဆောက်လုပ် ဖွင့်လှစ်ထားသည့် ဆေးရုံ များ တွင်သာ လုပ်ကိုင်နေရသည်။ လျပ်စစ်မီး ကဲ့သို့ လိုအပ်သည့် အရင်းအမြစ်များ မရှိဘဲ အပူချိန် ၃၉°C ရှိနေ၍ လုပ်ရကိုင်ရ ခက်ခဲလာနေရသည်။ လူများသည်လည်း လုံခြုံ စိတ်ချရသည်ဟု မယူဆသေး၍ လမ်းပေါ် တွင် ယာယီ အမိုးအကာ များ အောက် နေ နေကြဆဲဖြစ်သည်။
ဒဏ်ရာရသူ ၅,၀၀၀ ကျော်အတွက် ကုသပေးရမည့် အပြင် နာလံ ပြန်ထူ လာရေး အတွက် ရေရှည် လေ့ကျင့်ခန်းများ ဖြင့် စောင့်ရှောက်ပေးရမည် ဖြစ်သည်။ ဆီးချို၊ သွေးတိုး ရှိနေသူများ အတွက် ဆေးဝါးများ ရရှိဖို့လည်း လိုအပ်နေသည်။
သူမ၏ အတွေ့အကြုံကို ပြောပြရာတွင် ခြေထောက် ဒဏ်ရာရသွားသည့် လုပ်ဖေါ်ကိုင်ဖက်တဦး ကို ဆေးရုံ ပို့ဖို့ ကြိုးစားခဲ့ရာတွင် ခေါ်လာသည့် ဆေးရုံ နှစ်ရုံစလုံး ကုပေးနိုင်သည့် အနေအထား မရှိသည်ကို တွေ့ခဲ့ရပြီး နောက်ထပ် ဆေးရုံ ခပ်သေးသေး တခုဆီ ခေါ်လာခဲ့သော်လည်း ချုပ်ပေးနိုင်ဖို့ လိုအပ်သည့် ပစ္စည်း များ မရှိ ဖြစ်နေသည်။ နောက်ဆုံး ရန်ကုန်သို့ ခေါ်လာခဲ့ရသည်ဟု ဆိုသည်။
မြေငလျင် လှုပ်ပြီး နှစ်နာရီ အကြာတွင် ဆေးရုံများ တွင် လိုအပ်သည့် ပစ္စည်းများ မလောက်မငှ နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
လတ်တလော ရက်ပေါင်း ၃၀ အတွင်း ဒေါ်လာ ၈ သန်း ရဖို့ အလှုခံ နေသော်လည်း ရေရှည် ကုစားသွားနိုင်ဖို့က ထိုထက်မက လိုအပ်နေသည်။
၂၀၂၄ အထိ မြန်မာသည် လူသားချင်း စာနာ ထောက်ထားမှု ပိုင်းတွင် ရံပုံငွေ အရ အနည်းဆုံး ဖြစ်နေသည်။ အမေရိကန် နှင့် အခြား နိုင်ငံများ၏ ရံပုံငွေ ဖြတ်တောက်လာမှု ကြောင့် လုပ်နိုင်ကိုင်နိုင်စွမ်း မရှိ ဖြစ်လာသည်။ မတ်လ အထိ ယခုနှစ် အတွက် လိုအပ်နေသော ပမာဏ ၏ နှစ်ရာခိုင် နှုန်း အောက်သာ ရရှိသေးသည်ဟု ဆိုသည်။
လက်ရှိတွင် ထို အကျပ်အတည်းမှ ရုန်းထွက် နိုင်ဖို့ နှင့် အကြံသစ် ဉာဏ်သစ်များ ထုတ်ပြီး ဒေသတွင်း အဖွဲ့အစည်း များ နှင့် လက်တွဲသွားရမည်ဖြစ်သည်။
ယခု အခါ နိုင်ငံ အသီးသီးမှ ဆေးအဖွဲ့များ စေလွှတ်လာနေ၍ အားတက်မိကြောင်း လည်း ပြောသွားခဲ့သည်ကို ကောက်နှုတ် တင်ပြလိုက်ရပါသည်။
မန္တလေး တွင် ၄၅ မိနစ်ကြာ မိုးကြီး လေကြီး ကျလာပြန်၍ အခြေအနေများ ရှုပ်ထွေးကုန်သည်ဟု သိရသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရို မှ ဘရပ်ဆဲလ် ရှိ နေတိုး စစ်ဌာချုပ်တွင် မြန်မာ အရေး နှင့် စပ်လျှင်း၍ အမေရိကန် ၏ တုန့်ပြန်မှု အပေါ် မေးမြန်းလာသည်ကို ဖြေကြားရာတွင် မိမိတို့သည် ကမ္ဘာ အစိုးရလည်း မဟုတ်၊ ကမ္ဘာတဝှမ်းရှိ လိုအပ်နေသော အကူအညီများ၏ ၆၀-၇၀ ရာနှုန်းကို အမေရိကန် တဦးတည်း ပေးရမည် ဆိုသည်က တရားမျှတမှု မရှိကြောင်း၊ အခြား အိန္ဒိယ၊ တရုတ်ကဲ့သို့ ချမ်းသာသည့် နိုင်ငံများလည်း ထည့်ဝင် ကူညီရမည် ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကူညီ သွားမည် ဖြစ်သော်လည်း နိုင်ငံ တွင်းရှိ စစ်အာဏာသိမ်း အဖွဲ့က မိမိတို့ကို မနှစ်မြို့ကြောင်းနှင့် မိမိတို့ လုပ်ချင်သည့် ပုံစံ မျိုးကိုလည်း ခွင့်မပြု၍ ဘယ်လို နည်းနှင့် မဆို အခက်အခဲများ ရှိလာမည် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။
လူတိုင်းသည် ကိုယ့်သမိုင်း ကိုယ် ရေးနေကြစမြဲ ဖြစ်၍ မိမိတို့သည်လည်း မိမိတို့ သမိုင်း မိမိတို့လက် ဖြင့် ရေးဆွဲ နိုင်ခွင့် ရနေသည်ကပင် လွန်စွာ ဂုဏ်ယူစရာ ကောင်းလှပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!