တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြီး စပြီ

by Hla Soewai - Apr 13 2025

ကိုယ့် ရန်သူ အမှား လုပ်နေချိန်မှာ ဘယ်တော့မှ ဝင်မနှောက် မိစေနဲ့၊ ထိုစကားသည် တရုတ် စစ်ရေး မဟာဗျုဟာ ရှင်ကြီး ဆွန်ဇူး ပြောခဲ့ပုံရသည် ဟု ထင်ရသော်လည်း တကယ်တမ်း တွင် ကမ္ဘာတဖက်ခြမ်းရှိ နပိုလီယန် ဘိုနာပတ် ပြောခဲ့သည့် စကား ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း တရုတ် ခေါင်းဆောင် ရှီကျင့်ပင် တယောက် သတိလက်လွှတ် ဖြစ်သွားခဲ့ပုံရသည်။

 

ဧပြီ ၄ ရက်နေ့တွင် တရုတ် မှ အမေရိကန် သွင်းကုန်များ အားလုံးကို ၃၄ ရာနှုန်း အခွန်စည်းကြပ်တော့မည် ဟု ကြေညာလိုက်သည်၊ ထိုပမာဏ သည် တရုတ် သွင်းကုန်များအား အခွန် တိုး၍ စည်းကြပ် တော့မည်ဟူသော ယခင် နှစ်ရက်ခန့်က ဒေါ်နယ် ထရန့် ကြေညာလိုက်သည့် နှုန်းထား အတိုင်း အတိအကျ ဖြစ်နေသည်။

 

ဒေါ်နယ် ထရန့် မှ အမေရိကန် လူထု ၏ လွတ်မြောက်ရေး နေ့ ဟု တင်စားကာ ကုန်သွယ်ဖက် နိုင်ငံများ အပေါ် အခွန် အမျိုးမျိုး စတင် စည်းကြပ် ကောက်ခံလာသည်။ ဤသည်ကပင် ထရန့် အဖို့ မဟာ အမှားကြီး ကျုးလွန်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။ နပိုလီယန် စစ်ပွဲကြီးများ အတွင်း ဩစတီယား အင်ပိုင်ယာ အတွင်းရှိ အော်စတားလစ်ဇ် မြို့ အနီး တိုက်ပွဲတွင် အထက်စီး နေရာယူထားသည့် တောင်ကုန်းကို ဆုတ်ခွာ ပေးချင်းမျိုး နှင့် အလား သဏ္ဍန် တူ နေသည်။

 

S&P 500 အညွန်းကိန်း တွင် အမေရိကန် ကုမ္ပဏီ ကြီး များ၏ ရှယ်ယာတန်ဘိုးသည် ၅ ရာနှုန်း ထိုးကျသွားခဲ့သည်။ တရုတ်သည် ထရန့်၏ အမှားများကို ဝင်နှောက်ယုံတင် မက ပုံတူပါ ကူးချလာနေသည်။ တရုတ်၏ အခွန်တိုးမြှင့် စည်းကြပ်မှုသည် ထရန့်စတင်မည် နေ့၏ နောက်တရက် ဖြစ်သော ဧပြီ ၁၀ တွင် စတင် အသက်ဝင်လာမည် ဖြစ်သည်။

 

တရုတ်ဖက်မှ လက်တုန့်ပြန်လိုက်ခြင်းသည် ကမ္ဘာ စတော့ရှယ်ယာ ဈေးကွက် တွင် ခွက်ခွက်လန်အောင် အရှုံးပေါ်လာနေမှု ကို ပို၍ ဆိုးဝါးသွားစေခဲ့သည်။ အမေရိကန် ရှယ်ယာများသည် ယခုအချိန်အထိ ၅ ရာနှုန်းသာ ကျဆင်းနေဆဲ ဖြစ်သည်။ အ‌ခြေအနေများက ပို၍ ဆိုးဝါးလာနိုင်စရာ ရှိနေသည်။

 

ထရန့်က သူပိုင် ဆိုရှယ် မီဒီယာတွင် "တရုတ်လုပ်ရပ်တွေ မှားနေပြီ" ဟု ရေးသားလာခဲ့သည်။ ဒီတကြိမ် တော့ ထရန့်၏ အပြော မှန်သွားပြီ ဖြစ်သည်။ တရုတ်တို့ ယခုလို မကြေညာခင် အထိ ထရန့်ထက်စာလျင် စီးပွားရေး ကို ပို၍ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ကိုင်နိုင်ပုံ ရှိသည်။

 

ထရန့်သည် အစောပိုင်းက ဖန်တန်နော ထုတ်လုပ်မှု တွင် ပတ်သက်‌ နေသည် ဆိုကာ ၂၀% ဖြင့် ပထမ အချီ ထိုးနှက်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က တရုတ်သည် လက်တုန့်မပြန်ဘဲ ငြိမ်နေခဲ့သည်။ ထိုအစား လယ်ယာ သုံး စက် ပစ္စည်းများ၊ ဆီ၊ ပဲပုပ် ကဲ့သို့ အခြား နေရာ များ မှ အလွယ်တကူ ဝယ်၍ ရသည့် ပစ္စည်း လောက်ကိုသာ ၁၀-၁၅ ရာနှုန်း အခွန် တိုးမြှင့်ခဲ့သည်။

 

ပထမဆုံး ဖြစ်ပွားခဲ့သော ကုန်သွယ်ရေးစစ်ပွဲကတည်းက တရုတ်သည် ထရန့်၏ အခွန်စီးကြပ်လာမှု ကို ၎င်း လုပ်သလောက် လိုက်လုပ်၍ မဖြစ်ဆိုသည့် သင်ခန်းစာကို ရခဲ့ပြီး ဖြစ်သည်။ တရုတ်သည် အမေရိကန် တို့ မှ ၎င်းတို့၏ ကုန်ပစ္စည်းများ တင်သွင်းနေသည်ထက် နည်း၍ ဝယ်ယူ နေသည်ကို သိထားသောကြောင့်လည်း ဖြစ်သည်။

 

တကယ်တမ်းတွင် ပြန်၍ တုန့်ပြန် နိုင်သည့် အခြား နည်းလမ်းများ ရှိနေသည်။ ကမ္ဘာတွင် အကြီးမားဆုံး စီးပွားရေး ပမာဏ ကို ပိုင်ဆိုင်ထားကြသည့် နိုင်ငံကြီး နှစ်နိုင်ငံသည် အသေးအမွှားကအစ နှီးနွယ်ပတ်သက်နေကြ၍ တနိုင်ငံ နှင့် တနိုင်ငံ ထိခိုက်သွားအောင် လုပ်နိုင်သည့် နည်းလမ်းများ ဒု နှင့် ဒေးနှင့် ရှိနေပြီး ဖြစ်သည်။ အချို့နေရာများ တွင် တရုတ်သည် ရောင်းသူ အဖြစ် ပို၍ ဩဇာတိက္ကမ ရှိနေသည်။ ဥပမာ အားဖြင့် လွန်များ၊ ဂျက်လေယာဉ် များ၊ လွှ များ ထုတ်လုပ်ရာတွင် သုံးသည့် ရှားပါး သတ္ထု တခု ဖြစ်သည့် အဖြိုက်နက် များ အဓိက ထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည်။ ဖေဖေါ်ဝါရီ လထဲတွင် အမေရိကန်ကို လက်တုန့်ပြန်သည့် အနေဖြင့် အဖြိုက်နက် အပြင် မိုလစ်ဘီနမ် တင်ပို့နေမှု များကို ထိန်းချုပ်လာခဲ့သည်။

 

တရုတ်သည် အမေရိကန်၏ ငွေပင်ငွေရင်းများ လက်ခံ ထားရသည့် အနေအထားကိုလည်း အသုံးချ နိုင်သည်။ ၂၀၂၂ တွင် တရုတ်ပြည်ရှိ အမေရိကန်မှ နိုင်ငံစုံ ကုမ္ပဏီကြီးများ၏ အရောင်း ပမာဏ သည် ဒေါ်လာ ၄၉၀ ဘီလီယံ ရှိခဲ့သည်။ ယင်းသည် အမေရိကန် မှ တရုတ်သို့ တင်ပို့နေသည့် ပမာဏ ၏ နှစ်ဆကျော် ရှိနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တရုတ်အတွက် လုပ်၍ ရသည့် လက်နက် များစွာ ရှိနေပြီး ဖြစ်သည်။

 

တရုတ်သည် ထိုလက်နက်များ အားလုံးကို ဧပြီ ၄ ရက်နေ့ တွင် ထုတ်သုံးလာခဲ့သည်။ MRI scan တွင် သုံးသည့် ဂါဒိုလီနီယမ်၊ ဒီပရိုဆီယမ်၊ သံလိုက်များ တွင် သုံးသည် သတ္တုများ အပါအဝင် အမျိုးအစားပေါင်း ခုနှစ်မျိုး အား ပို့ကုန် ကန့်သတ်မှု တွင် ထည့်သွင်းလာခဲ့သည်။ ကာကွယ်ရေး နှင့် သက်ဆိုင်သော ကုမ္ပဏီကြီး ၁၁ ခု အား တိုင်ဝမ် နှင့် ပတ်သက်နေသည် ဆိုကာ "ယုံကြည်စိတ်ချရမှု မရှိသော" စာရင်းတွင် ထည့်သွင်းခဲ့သည်။ ထို့အပြင် လုပ်ငန်းကြီး ၁၁ ခုအား တင်ပို့နေမှု များကို ကန့်သတ်ခဲ့သည်။ ဒရုန်းများ ထုတ်လုပ်သော Skydio နှင့် BRINC ကုမ္ပဏီများကိုလည်း တရုတ် တွင် ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ရန် ပိတ်ပင်ခဲ့သည်။

 

ဒီတကြိမ်တွင် တော့ တရုတ် ခေါင်းဆောင်များ ဖက်က လုံလောက်မှု မရှိဟု ယူဆလာသည်။ အမေရိကန် တို့ အား ဆိုးဆိုးဝါးဝါး ကသိကအောက် ဖြစ်စေပြီး မိမိတို့ဖက်ကို အနည်းဆုံး ထိခိုက်နိုင်မည် အခွန်စည်းကြပ်မည့် ပုံစံမျိုး တွက်ချက် နိုင်သည်။ သို့သော်လည်း တရုတ် ဖက်က အမေရိကန် ၏ အခွန် စည်းကြပ်မှုနှုန်းကို မည်မျှပင် လွဲချော် နေစေကာမူ အတိအကျ ပုံတူကူးချလာခဲ့ကြသည်။

 

ထိုသို့ အသုံးပြုခဲ့သည့် ဖေါ်မြူလာအား ကုန်သွယ်ရေး ဖက် စီးပွားရေး ပညာရှင်များ၊ ပညာရှင်များက နှာခေါင်းရှုံ့ခဲ့ကြသည်။ ထိုသို့ အတွက်အချက်သည် ကမ္ဘာအကြီးဆုံး စီးပွားရေး ကို ပိုင်ဆိုင်ထားကြသည့် နိုင်ငံကြီး နှစ်နိုင်ငံ၏ ကုန်သွယ်ရေး မူဝါဒ များ ကို ယခုအခါ စေစားလာပြီ ဖြစ်သည်။

 

၂၀၁၈ အတွင်း ပထမဆုံး အကြိမ် ကုန်သွယ်ရေး စစ်ပွဲကြီး ဖြစ်ပွားခဲ့စဉ် အတွင်း ရှီကျင့်ပင်သည် ၎င်း၏ စိတ်ထဲတွင် ရှိသည်များကို အမေရိကား နှင့် ဥရောပရှိ ကုမ္ပဏီ နှစ်ဆယ်ခန့်မှ အကြီးအကဲများကို ယခုလို ရှင်းပြခဲ့သည်။

 

"အနောက်တိုင်းမှာ လူတစ်ယောက်က ခင်ဗျားရဲ့ ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကိုပါ ကမ်းပေးရမယ် ဆိုတဲ့အယူအဆ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေး မှု မှာ တော့ ပြန် ထိုးရမှ ဖြစ်မယ် ဆိုတာပဲ"

 

သူ၏ အပြောသည် မျှတမှု ရှိသည်။ သို့သော်အကယ်၍ တစုံတယောက်သည် ကိုယ့်မျက် နှာ ကိုယ် ပြန်ထိုးနေလျင် တရုတ်များက ထိုသို့ ကိုယ့်မျက်နှာကိုယ် ပြန်ထိုးကြမည်လော။

 

၂၀၂၅ ဧပြီ ၄ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "China hits back hard against Trump’s tariffs" ဆောင်းပါးကို ပြန်လည် တင်ပြသည်။