စစ်ကိုင်းသို့ မင်းအောင်လှိုင် ဆယ်ရက် အကြာမှ ရောက်လာ

by Hla Soewai - Apr 13 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငလျင် ၏ ဗဟိုချက် လည်း ဖြစ် အပျက်အစီး အများဆုံး လည်း ဖြစ်သည့် စစ်ကိုင်းသို့ လာသင့်သည်ထက် လွန်စွာ နောက်ကျပြီး ဆယ်ရက် အကြာ တနင်္ဂ‌ နွေ နေ့ မှ ရောက်ရှိလာသည်။ 

 

ထို့အတွက် ၎င်းအနေဖြင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဘာသာရေး အသင်း အဖွဲ့များကို ဦးစားပေးသွားမည် ဟု ယူဆရကြောင်း South China Morning Post သတင်းစာက သုံးသပ်ထားသည်။

 

စစ်ကိုင်း တိုင်း အတွင်း တော်လှန်ရေး တပ်များ ထိန်းချုပ် နယ်မြေများသို့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း များ ဝင်ရောက်ခွင့် မရအောင် ပိတ်ဆို့ပြီး နှောင့်နှေးအောင် လုပ်နေသည်ဟု ဆိုသည်ဟုလည်း ရေးသားထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ ကောက်ယူ ရရှိထားသော စာရင်းဇယားများအရ လက်ရှိတွင် စစ်ကိုင်း တွင် ၆၉၃ ဦး သေဆုံးသွားသည်ဟု သိရသည်။

 

ထိုဒေသ အား အညှာတာ ကင်းမဲ့စွာ ဗုံးကြဲ တိုက်ခိုက်နေကျ လည်း ဖြစ်၍ ထိုသို့ ပိတ်ဆို့ ထားခြင်းသည်ကပင် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက် မဟုတ်ပါလား။

 

သတင်းစာက ဆက်လက် ရေးသားရာတွင် မင်းအောင်လှိုင်သည် နိုင်ငံတွင်း အဆိုးဝါးဆုံး ရင်ဆိုင်နေရသည့် ငလျင်ဒဏ် ကြီး ကြောင့် အပျက်အစီး၊ အသေ အပျောက် တောင်ပုံ ရာပုံ ဖြစ်လာနေသည့် ကြားမှ ဘန်ကောက်သို့ အစည်းအဝေး တက်ရန် ထွက်သွားခဲ့မှု အပေါ် အပြင်းအထန် ဝေဖန်ခံနေရချိန်လည်း ဖြစ်သည်ဟု ဆိုသည်။

 

၎င်းနှင့် တွေ့ဆုံခဲ့ကြရသည့် ခေါင်းဆောင်များသည်လည်း ပူတင်လို စာအုပ်ထုတ်လာပြီး မျောက်မင်းကြီး၊ မိကျောင်းမင်းကြီး အစရှိသဖြင့် ပြောခံရမည့် အရေး စိုးရိမ်ထိတ်လန့် နေပုံရသည်။

 

၎င်း ဆယ်ရက်အကြာ လျစ်လျု ရှူထားခဲ့သည့် စစ်ကိုင်းသည် မြို့၏ ၈၀ ရာနှုန်း ပျက်စီးသွားခဲ့၍ အဆိုးဝါး ဆုံး ထိခိုက်သွားခဲ့သည့် မြို့လည်း ဖြစ်သည်။

 

စစ်တပ် သည် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားတိုင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ အကူအညီများ ရောက်ရှိရေး ကို အမြဲလို ပိတ်ဆို့ ထားတတ်သည့် အစဉ်အလာများက ရှိထားပြီးလည်း ဖြစ်သည်။ ထိုသို့ ခွဲခြား ခွဲခြား လုပ်လာနေမှု ကို ကုလ အဖွဲ့အစည်းများက ဒေသ ခံ အဖွဲ့များ နှင့် ပူးပေါင်း၍ သတိပေးလာနေပြီ ဖြစ်သည်။

 

စစ်ကိုင်း တွင် မင်းအောင်လှိုင်က သင့်တင့် လျောက်ပတ် သလို ငွေသား ဖြင့် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ မြို့အားလည်း အရင်ကထက် ပိုမိုကောင်းမွန်လာအောင် ပြန်လည် တည်ဆောက်ပေးသွားမည်ဟု ပြောပြန်သည်။

 

သို့သော်လည်း ၎င်းတို့ တိုင်းပြည်အား လေးနှစ်တာ ကာလ ပတ်လုံး အဖက်ဖက် တွင် ဖွတ်ဖွတ် ညက်ညက် ကျေ အောင် လုပ်ထားခဲ့သည် များကို ကြည့်၍ မည်သူကမျှ အယုံအကြည် ရှိကြမည် မဟုတ်ပေ။

 

နောက်ဆက်တွဲ ငလျင်ငယ်များ ဆက်တိုက်လှုပ်နေ၍ အသက်ရှင် ကျန်ရစ်သူများ လမ်းဘေး တွင် ယာယီ ရွက်ဖျင်တဲများ ဖြင့် နေထိုင်နေရချိန် ဖြစ်ပြီး ၎င်းတို့ အတွက် သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါး များ အလွန်အမင်း လိုအပ်နေချိန်လည်း ဖြစ်၍ ၎င်းမျက်နှာ လာပြသည်ထက် လိုလေသေး မရှိ ပံ့ပိုး ပေးမှု ကိုသာ တောင့်တနေကြမည်ကား အမှန်ပင် ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ အစဉ်အလာ အရည် အချင်း မဲ့လာမှု များ ကြောင့် လုပ်ချင်သည့် တိုင်အောင် စီမံခန့်ခွဲ နိုင်စွမ်း မရှိ ဖြစ်နေသည်ကို နိုင်ငံတကာ ရှိ ကယ်ဆယ်‌ရေး ဝန်ထမ်းများ တအံ့တဩ ဖြစ်နေကြမည်က အမှန်ပင် ဖြစ်သည်။

 

ထိုအနေအထား တွင် ကောင်းကင် သို့ ထိုးတက် ပျံသန်းသွားသည့် တိုက်လေယာဉ်များ ကိုလည်း မမြင်ချင်မှ အဆုံး တွေ့နေကြပေဦးမည်။ ထိုတိုက်လေယာဉ်များသည် ပြည်ပ မှ ကျူးကျော််လာသူများကို ‌ချေမှုန်း ရန် မဟုတ်ဘဲ ၎င်းတို့ ကာကွယ် စောင့်ရှောက်ပါမည် ဆိုသော ပြည်သူများကို "အကြမ်းဖက်သမား" များဟု ကင်ပွန်း တပ်ကာ ဗုံးကြဲ တိုက်ခိုက်ရန် ဆိုသည်ကိုလည်း မသိဘဲ နေကြမည် လည်း မဟုတ်ပေ။

 

ပုံတွင် တွေ့ရသည့် အတိုင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ၎င်းတို့ မျက်မြင် ကိုယ်တွေ့ ကြုံနေရသော ဆိုးဝါးလှသည့် အဖြစ်အပျက်များ ကြောင့် မျက်နှာ မသာမယာ ဖြစ်နေချိန်တွင် ၎င်းတို့ထံ အားကစားပွဲ တခု အား လာရောက် အားပေးသလို ပြုံးဖီးဖီး နှင့် ရောက်လာနေသည့် ‌နိုင်ငံ အကြီးအကဲ အား တွေ့လိုက်ရ၍ ရှေ့ရေး အတွက် တွေးပြီး ရင်လေး နေကြမည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင်က ပြိုကျ ပျက်စီးသွားသော စေတီ ပုထိုးများကို မူလ အနေအထား အတိုင်း ပြန်လည် တည်ဆောက်သွားရန် ညွှန်ကြားသွားသည်၊ ပါးစပ်ပါတိုင်း အလွယ်ကလေး ပြောနေခြင်း ပင် မဟုတ်ပါလား၊ ကယ်ဆယ်ရေး လုပ်နေသူများကို ဆုငွေများ ချီးမြှင့်သွား မည်ဟု ဆိုသည်၊ ဤသည်က ၎င်း အနေဖြင့် အပြော မဟုတ်ဘဲ လက်တွေ့ လုပ်ပြနိုင်သည့် တခု တည်းသော အရာပင် ဖြစ်သည်။

 

လက်ရှိတွင် အပျက်အစီး ပုံများအား လူအင်အား ဖြင့်သာ ဖယ်ရှား ရှင်းလင်းနေရဆဲ ဖြစ်ပြီး ကယ်ဆယ် ရေး လုပ်နေသူများ အမှန်တကယ် လိုအပ်နေသည့် မြေတူးစက်များ၊ ဘူဒိုဇာ ကဲ့သို့သော စက်ယန္တရားများ တစီးတလေမျှ ပင် မတွေ့ရ ဖြစ်နေသည်ကလည်း မည်သို့ ပြောရမှန်းပင် မသိအောင် တအံ့တဩ ဖြစ်ရသည်။

 

ထို့ပြင် ကယ်ဆယ်ရေး အဖွဲ့များက ၎င်းတို့ လုပ်ဆောင်မည့် အဆောက်အဦး လိပ်စာ အပါအဝင် အသေးစိတ် အချက်အလက်များကို ရှာဖွေ ကယ်ဆယ်ရေး တာဝန်ယူထားသော စစ်ကောင်စီ ရုံးသို့ အရင်ဦးဆုံး လျှောက်လွှာ တင်ကြရသည်ဟု မြန်မာ နောင်း သတင်းတွင် ပါရှိလာသည်။ အိမ်ရှင် များက ၎င်းတို့ အိမ် ၎င်းတို့ ရှင်းလင်းဖို့ လုပ်နေချိန်တွင် စစ်သားများ ချက်ခြင်းလို ရောက်ရှိလာပြီး ခွင့်ပြုချက် စာရွက် ထုတ်ပြရန် တောင်းလာသည်ဟု စစ်ကိုင်း ဒေသခံ တဦးက ဆိုသည်။

 

ငလျင် လှုပ်ပြီး နှစ်ရက်ကြာသည်အထိ ကယ်ဆယ်ရေး အဖွဲ့များကို ဝင်ရောက်ခွင့် မပေးဘဲ အစားအသောက် နှင့် ရေများ သယ်ယူလာသည့် ကားများကို သာ ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် တို့ အဖို့ကား ၎င်းတို့ ထိန်းချုပ် နယ်မြေ အတွင်း ဖြစ်လာသည့် အရည်အချင်း စစ် စာမေးပွဲ ကို ပင် ကျပြီးရင်း ကျနေဆဲပင် ဖြစ်သည်။

 

ထို့သို့သော လူများ အား တွန်းလှန်နေခြင်းသည် မဖြစ်မနေ ထမ်းရွက်ရမည့် သမိုင်းပေး တာဝန်ကြီး ဆိုသည်ကိုလည်း နိုင်ငံတကာက ကိုယ်ချင်းစာ နားလည် သဘောပေါက် လာကြမည်က ဧကန်မုချ ပင် ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!