ကျွနုပ်တို့သည် ဟစ်တလာ အား အဓိပတိ အဖြစ် ခန့်အပ်ခံခဲ့ရမှု အား မည်သို့မျှ တားဆီး၍ မရ အောင် ၎င်း မလွဲမ သေ အာဏာ ရလာခဲ့ခြင်း၏ တစိတ်တပိုင်း ဖြစ်သည်ဟု လက်ခံလာခဲ့ကြသည်။ ထိုအမြင်သည် စစ်ပြီးခေတ် မျိုးဆက်တလျောက် ပညာရှင်များ၏ လေ့လာခဲ့မှု အပေါ် မူတည် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
အများစုသည် ပြောနေကျ ဇတ်ကြောင်းများ ဖြစ်သည့် နာဇီ တို့ အာဏာ သိမ်းယူခဲ့မှု မှ နိုင်ငံရေး၊ လူမှု ရေး ပိုင်းတို့ တွင် ဖိနှိပ်ချုပ်ချယ် မှု များ၊ တနိုင်ငံလုံးကို သွန်လိုသွန် မှောက်လို မှောက် အုပ်ချုပ်လာခြင်း၊ ထိုမှ တဆင့် ကျူးကျော်စစ်များ ဆင်နွှဲလာပြီး ဒုတိယ ကမ္ဘာစစ်ကြီး နှင့် အတူ လူ သန်း ပေါင်း များစွာ ကို မီး လောင် တိုက်သွင်းခဲ့သည် အထိ ဖြစ်လာခြင်း ဆိုသည့် သမာရိုးကျ ပုံစံခွက်ထဲက အမြင်မျိုးသာ ရှိပြီး အခြား ဖြစ်နိုင်ခြေ များ လည်း ရှိနေသည်ကို ဘေးဖယ်ထုတ်ထားခဲ့ကြသည်၊ လျစ်လျု ရှုထားခဲ့ကြသည်။
ကျွနု့ပ်သည် ယခု ဆောင်းပါးကို သုတေသန ပြု ရေးသားရာ တွင် ထိုသို့ နောက်ဆုံးတွင် ဖြစ်ပေါ်လာသော ရလဒ် များကို တမင်တကာ လျစ်လျုရှုထားခဲ့ပြီး ထိုအစား ဖြစ်ပျက်ခဲ့သည်များကို အချိန်နှင့် တပြေးညီ ရေးသားခဲ့သည့် မသေချာ မရေရာမှုများ၊ မှားယွင်းသော အကဲဖြတ် မှု များကို ခြေရာခံ ဆန်းစစ် ခဲ့ခြင်း ဖြစ်သည်။ သာဓက ပြရမည် ဆိုလျင် ထိုစဉ်က ၁၉၃၃ ဇန်နဝါရီ ၃၁ ရက် နေ့ထုတ် နယူးယောက် တိုင်းတွင် ဟစ်တလာ အား အဓိပတိ အဖြစ် ခန့်အပ်ခဲ့ခြင်း အကြောင်း ရေးသားထားသည့် သတင်း ခေါင်းစဉ် အား "ဟစ်တလာသည် အာဏာရှင် ဖြစ်လာရန် ရည်ရွယ်ချက် ကို ဘေး ဖယ် ပစ် ခဲ့ပြီ" ဆိုသည့် ပေးထားခြင်းပင် ဖြစ်သည်။
၁၉၈၀ ကျော် နှစ်များ ကုန်ဆုံးကာနီး တွင် ဟားဗတ် တက္ကသိုလ် တွင် "ဝိုင်မာ နိုင်ငံတော် နှင့် နာဇီ ဂျာမဏီ" အကြောင်းများ သင်ကြားခဲ့စဉ် အတွင်း ကျွနုပ်သည် နုရင်ဘတ် ခုံရုံး တွင် ဂျာမဏီ၏ ဥပဒေရေးရာ မဟာဗျူဟာ ရေးဆွဲရသူ ဟန်းစ် ဖရန့် ပြောခဲ့သည်များကို ရွတ်ဆို ပြခဲ့ဖူးသည်။
ဟစ်တလာ၏ နိုင်ငံရေး ဘဝ သည် တည်မြဲမှု မရှိသည် ကို ယခုလို ပြောခဲ့ဖူးသည်။
"ဖူးဟား ကဲ့သို့ လူမျိုးသည် ဂျာမဏီ ၌ ထိုကဲ့သို့သော အချိန်မျိုး တွင်သာ ဖြစ်နိုင်သည်" ၊ ဟစ်တလာသည် ဂျာမဏီ တွင် ဘုရင်စနစ်လည်း မရှိတော့၊ အစားထိုးလာသည့် သမ္မတ နိုင်ငံသည်လည်း ခိုင်ခိုင်မာမာ မရှိသေးသည့် စပ်ကူးမပ်ကူး ကာလ တွင် အတိအကျ ထွက်ပေါ်လာသူ ဖြစ်သည်။
ဟစ်တလာ ဆက်ခံခဲ့သည့် ကပ် ဗွန် ရှလက်ချာသည်သာ အဓိပတိ အဖြစ် နောက်ထပ် ခြောက်လ ဆက်ရှိနေဦးမည် ဆိုလျင်၊ သမ္မတ ဖြစ်သူ ပေါလ် ဗွန် ဟစ်ဒင်ဘတ်ခ် သည်သာ ၎င်း၏ ဖွဲ့စည်းပုံပါ လုပ်ပိုင်ခွင့် အာဏာများကို နှိုင်းနှိုင်းချိန်ချိန် ကျင့်သုံးခဲ့မည် ဆိုလျင်၊ ရိုက်ခ်ျစတက် လွှတ်တော်ရှိ ကွန်ဆာဗေးတစ် အမတ်များထဲမှ သဘောထား အလယ်အလတ် ရှိသူ အချို့က မဲ ကို ပြောင်းထဲ့ခဲ့ကြမည် ဆိုလျှင် သမိုင်း လမ်းကြောင်းသည် လုံးဝ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။
သို့သော် ဟစ်တလာ၏ အဓိပတိ အဖြစ် တက်လှမ်းလာမှု နှင့် ဖွဲ့စည်းပုံ ဆိုင်ရာ အရံအတားများကို ရိုက်ချိုး ဖျက်ဆီးခဲ့မှု သည် သမိုင်းကြောင်းအရ မလွှဲသာ မရှောင်သာ ဖြစ်လာခဲ့မှု ဟု မယူဆဘဲ နိုင်ငံရေး အရ ဖြစ်ပေါ်လာသည့် အခြေအနေများ အပေါ် မူတည်ပြီး အလျင်းသင့်သလို လုပ်သွားခြင်း သာ ဖြစ်သည် ဟု သဘောပေါက် လာခဲ့သည်။
ဂျာမဏီသည် ပထမဆုံး ဒီမိုကရက် သမ္မတ နိုင်ငံ အဖြစ် ပေါ်ထွန်းလာမှု နှင့် အတူ ဟစ်တလာအား ဝန်ကြီးချုပ် ရာထူး နှင့် ညီမျှသော အဓိပတိ အဖြစ် ခန့်အပ်လာခဲ့မှု သည် ဟစ်တလာ ကိုယ်တိုင်သာ မက တနိုင်ငံလုံး အတွက်လည်း အံ့အားသင့်စရာ ဖြစ်လာခဲ့ရသည်။
သုံးနှစ် နီးပါးမျှ စောင့်ကြည့်နေသူများ မူးနောက်သွားမတတ် နိုင်ငံရေး စင်မြင့်ပေါ်သို့ အလျင်အမြန် တက်လှမ်းလာခဲ့ပြီး နောက်တွင် ဟစ်တလာသည် ၁၉၃၂ နိုဝင်ဘာ ရွေးကောက်ပွဲ တွင် မဲအရည်အတွက် နှစ်သန်း နှင့် အမတ်နေရာ ၃၄ နေရာရရှိပြီး ပြတ်ပြတ်သားသား အနိုင်ရလာခဲ့သည်။ ထိုအမတ်အရေ အတွက်၏ နောက်ထပ် တဝက်နီးပါးအား ဟူဂင်ဘတ်ခ်၏ ဂျာမန် အမျိုးသားရေး ဝါဒီများ က ရရှိခဲ့သည်။
၁၉၃၂ ဒီဇင်ဘာလ တွင် ဟစ်တလာ၏ အဖွဲ့သည် ဘဏ္ဍာရေးအရရော၊ နိုင်ငံရေး နှင့် သဘောတရား ရေးရာ အပိုင်းတွင်ပါ စုန်းစုန်းမြုပ်လု မတတ် ဖြစ်သွားခဲ့သည်။ သူ့ကိုယ်သူပင် အဆုံးစီရင်ရန် စိတ်ကူးနေသည်ဟု အရင်းနှီးဆုံး လုပ်ဖေါ်ကိုင်ဖက်များကို ပင် ထုတ်ပြောလာသည်။
နောက်ပိုင်း ကြိတ်ဝိုင်း ဖွဲ့ အပေးအယူ လုပ်လာခဲ့မှု များ နှင့် အတူ ၁၉၃၃ ဇန်နဝါရီ နှောင်းပိုင်းတွင် လက်ရှိ အဓိပတိ ဖြစ်သူ ရှလိုက်ချာ သည် ရာထူး မှ ဖယ်ရှားခံခဲ့ရပြီး ဟစ်တလာသည် ၎င်းနေရာကို ဆက်ခံလာခဲ့သည်။ ရာထူး မှ ဆင်းပေးလိုက်ရသော ရှလိုက်ချာသည် ၎င်းအား ဟစ်တလာ ပြောခဲ့သည့် စကား များ ကို နောက်ပိုင်းတွင် အမှတ်ရလာခဲ့သည်။
"သူ့ဘဝမှာ အံ့ဩစရာ ဖြစ်ရတာက သူကိုယ်တိုင် မျှော်လင့်ချက်တွေ အားလုံးကုန်ဆုံးသွားပြီလို့ ထင်တဲ့အချိန်တိုင်းမှာ အမြဲတမ်း ကယ်တင်ခြင်းခံရတာပဲ" ဟူ၍ ဖြစ်သည်။
ဟစ်တလာ ပြောသည်ကလည်း အမှန်ပင် ဖြစ်သည်။၎င်းအား အဓိပတိ ခန့်လိုက်ခြင်းသည် အကြိတ်အနယ် ဆွေးနွေးပြီးမှ နောက်ဆုံး အချိန် ကျမှ သဘောတူခဲ့ကြခြင်း ဖြစ်ပြီး ထို့အတွက် နိုင်ငံရေး အရ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ ဟစ်တလာသည် ၎င်း အပေါ် တချိန်လုံး သစ္စာရှိခဲ့သူများကို အာဏာရဖို့ အတွက် လမ်းပေါ်တွင် ခွေးသေ ဝက်သေ အလား စွန့်ပစ်ခဲ့သူ ဖြစ်သည်။
အဆိုးဆုံးက ၎င်း၏ ကက်ဘိနက် အဖွဲ့ကိုပင် နိုင်ငံရေး အရ တစောင်းဆေး နှင့် မျက်ချေး ဖြစ်နေသည့် ယခင် အဓိပတိ ဟောင်း ဖြစ်သူ ဖရန်ဇ် ဗွန် ပေပင် ရွေးပေးခဲ့သူ များကို လက်ခံခဲ့ရခြင်း ပင် ဖြစ်သည်။ ဟစ်တလာ လက်ချက် ဖြင့် ၎င်း၏ အစိုးရ ပြုတ်ကျသွားခဲ့ရခြင်း ဖြစ်ပြီး ယခုအခါ ပေပင်သည် ဒုတိယ အဓိပတိ အဖြစ် ပြန်ပါလာခဲ့သည်။
ထိုထက် ပို၍ ဆိုးသည်က ရိုက်ခ်ျစတက် တွင် အမတ် နေရာ ၅၁ နေရာ ရထားသော ဟူဂင်ဘတ်ခ် သည် ၎င်း အား အချိန်မရွေး ပြုတ်ကျသွား အောင် လုပ်နိုင်သည့် အကျပ် အတည်း နှင့် ဟစ်တလာ ကြုံနေရပြီး ကျားသနား မှ နွားချမ်းသာ အဖြစ် ရောက်နေ သည်။ ဟူဂင်ဘတ်ခ််သည် ထိုသို့ ပြုတ်ကျလု နီးပါး ဖြစ်အောင်လည်း လုပ်လာခဲ့သည်။
၁၉၃၃ ဇန်နဝါရီ ၏ တနင်္လာနေ့ တမနက် တွင် သမ္မတ ဟစ်ဒင်းဘတ်ခ် သည် ဟစ်တလာအား လက်ခံ တွေ့ဆုံရန် စောင့်ဆိုင်းနေစဉ် ပါလီမန် ရွေးကောက်ပွဲအသစ် ခေါ်ယူ ရေး နှင့် ပတ်သက်ပြီး ဟူဂင်ဘတ်ခ် နှင့် သမ္မတ ရုံးခန်း အပြင်ဖက် ခမ်းမ အတွင်း အခြေအတင် စကားများနေခဲ့သည်။ ဟူဂင်ဘတ်ခ် က တချိန်လုံး "နိုး..နိုး..နိုး" ဟု သာ ပြောနေသည်။
ပထမ ကမ္ဘာစစ် အတွင်း စစ်သူရဲကောင်း တဦး ဖြစ်ခဲ့ပြီး ၁၉၂၅ ကတည်းက ဂျာမန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟစ်ဒင်းဘတ်ခ် သည် စိတ်မရှည် ဖြစ်လာပြီး နောက်ထပ် မိနစ် အနည်းငယ် စောင့်လိုမှ ပေါ်မလာလျှင် ထွက်သွားတော့မည်ဟု ပြောကြောင်း သမ္မတရုံး၏ ဝန်ထမ်း အကြီးအကဲ အော်တို မိုင်းစနာ က ပြောပြခဲ့သည်။
ဟစ်ဒင်းဘတ်ခ် သာ ၎င်းပြောသည့် အတိုင်း ထွက်သွားခဲ့လျင် ပြီးခဲ့သည့် ၄၈ နာရီ အတွင်း ပေပင် အတင်း ပေါင်းစပ်ပေးထားသည့် ညွှန်ပေါင်း အစိုးရသည် ပြိုလဲသွားတော့မည် ဖြစ်ပြီး ဟစ်တလာ သည် အဓိပတိ ဖြစ်လာစရာ အကြောင်းမရှိတော့၊ တတိယ ရိုက်ခ်ျ နိုင်ငံတော်ကြီးလည်း ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။
ဟစ်တလား အား မဖြစ်စလောက် ဝန်ကြီး ရာထူး နှစ်နေရာ သာ ခန့်အပ်ခွင့် ပေးလာခဲ့သည်။ အဓိက ကျသည့် စီးပွားရေး၊ နိုင်ငံခြားရေး နှင့် စစ်ဖက် တို့ နှင့် မသက်ဆိုင်သော ရာထူးများ ဖြစ်သည်။
ဟစ်တလာသည် ဝီလျံ ဖရစ်ကို ပြည်ထဲရေး ဝန်ကြီး အဖြစ် ရွေးချယ်ခဲ့ပြီး ဟာမန်း ဂိုရင်း အား ဌာန လက်ကိုင် မရှိ ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ဟစ်တလာသည် လက်ရှိ အစိုးရ ဖွဲ့စည်းပုံ နှင့် လုပ်ငန်းစဉ် များ တွင် အားနည်းချက်များ ရှိလာ နေသည်ကို သတိထားမိလာပြီး ၎င်း၏ ဝန်ကြီး နှစ်ဦး အား ဝိုင်မာ သမ္မတ နိုင်ငံ၏ ဒီမိုကရေစီ ဒေါက်တိုင်ကြီး များ ဖြစ်သော လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ တရားရေး လုပ်ငန်းများ၊ လူထု မဲဆန္ဒ ခံယူပွဲ နှင့် အစိုးရ၏ လုပ်ပိုင်ခွင့် များကို ပစ်မှတ်ထား၍ လှုပ်ရှားရန် ညွှန်ကြားခဲ့သည်။ ။
ဖရစ်ခ် သည် သမ္မတ နိုင်ငံ၏ ဖက်ဒရယ်စနစ်၊ ရွေးကောက်ပွဲ လုပ်ထုံး လုပ်နည်းများ နှင့် သတင်း စာနယ်ဇင်းများကို တာဝန်ယူလာရသည်။ ဟစ်တလာ အစိုးရ၏ အစီအစဉ်များကို တင်ပြရမည့် ပထမ ဆုံး ဝန်ကြီး ဖြစ်လာသည်။
"ကျွန်တော်တို့မှ တိုင်းပြည် နဲ့ လူမျိုးကို ကာကွယ်ပေးမည့် Enabling Law ကို ရိုက်ခ်ျစတက် လွှတ်တော် သို့ တင်သွင်းပြီး ဖွဲ့စည်းပုံ နှင့် အညီ အစိုးရကို ဖျက်သိမ်းပစ်ဖို့ ရှိနေပါတယ်" ဟု သတင်းထောက်များကို ရှင်းပြလာသည်။
ဟစ်တလာသည် နိုင်ငံအတွက် ရည်မှန်းချက် ကြီးကြီး ထားသူ ဖြစ်သော ကြောင့် ထူးထူးကဲကဲ လုပ်ဖို့ လိုအပ်နေ၍ ဖြစ်သည်ဟု ရှင်းပြခဲ့သည်။ ဟစ်တလာသည် ၎င်း လုပ်မည့် အကြောင်းများကို ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံသို့ ရေဒီယို မှ အသံလွှင့် မိန့်ခွန်းပြောရာတွင် "အမျိုးသား အစိုးရသည် ဂျာမန် ပြည်သူများ၏ စိတ်ဓါတ် နှင့် ခွန့်အား ညီညွတ်မျှတ လာအောင် ပြန်လည် ဖေါ်ဆောင်ပေးရမည့် တာဝန် များကို ထိပ်ဆုံးက ဦးစားပေးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ သို့မှသာ ကျွန်တော်တို့ နိုင်ငံရဲ့ အင်အားတွေ ကို အခြေခံတဲ့ အောက်ခံ ဖေါင်ဒေးရှင်းကို ထိန်းသိမ်း ကာကွယ် သွားနိုင်မှာ ဖြစ်ပါတယ်" ဟု အလေးအနက် ထား ပြောဆိုသွားခဲ့သည်။