နောက်ထပ် လက်နက် ထပ်တိုးလာ

by Hla Soewai - Apr 13 2025

စစ်ကောင်စီ သည် မတ်လ ၂၈ ရက်နေ့ က လှုပ်ခပ်သွားခဲ့သော မြေငလျင် ကြီးကို သဘာဝ ဘေးအန္တရာယ် ကြီး အဖြစ် မယူဆတော့ဘဲ ၎င်းတို့အာဏာ ကို ဆက်လက် ဆုပ်ကိုင် ထားနိုင်‌ဖို့ လက်နက် အဖြစ် အသုံးချလာပြီဟု အေးရှား တိုင်းမ် သတင်းစာ တွင် ဆောင်းပါး ရေးသားလာခဲ့သည်။

 

နိုင်ငံတကာ မှ ပေးလာသည့် အထောက်အပံ့ များကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးရမည့် အစား အခြေ အနေများ ဖရိုဖရဲ ဖြစ်နေမှု ကို အခွင့်ကောင်းယူကာ တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများ ကို ပစ်မှတ်ထားကာ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ပေးလာသည့် အကူအညီများကို ပိတ်ဆို့ပစ်ခဲ့သည့် အပြင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လာခဲ့သည်။

 

ထိုသို့ သဘာဝ ဘေးဒုက္ခ ကြီး ကိုပင် ၎င်းတို့ အကျိူး အတွက် ပြောင်ပြောင်တင်းတင်း အသုံးချ လာနေမှု ကို အာဆီယံ အနေဖြင့် ပြတ်ပြတ်သားသား တုန့်ပြန်ရန် လိုအပ်နေပြီ ဆိုသည်ကို မီးမောင်းထိုးပြလိုက်ခြင်း ပင် ဖြစ်သည်။

 

နောက်လ တွင် ပြုလုပ်မည့် အာဆီယံ၏ ထိပ်သီး အစည်းအဝေး သည် မြန်မာ အရေးကို ကိုင်တွယ် ဖြေရှင်း ရေး တွင် လွန်စွာ အရေးပါသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ရတော့မည့် အဖြစ် နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။ 

 

လက်ရှိ ဥက္ကဌ မလေးရှားသည်လည်း ထိရောက်သည့် တုန့်ပြန်မှု မျိုး လုပ်ခွင့်ရနေပါလျက် မလုပ်နိုင်သည်လား၊ မလုပ်ချင်သည်လား ဟူသည်ကား အတိအကျ မသိနိုင် ဖြစ်နေဆဲပင်၊ ဝန်ကြီးချုပ် အီဘရာဟင် အန်နဝါ က လက်ရှိ အကူအညီ ပေးနေမှုများ မှ တဆင့် သက်ဆိုင်သူ အားလုံး ပါဝင်မည့် ဆွေးနွေး ပွဲ ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အဖြေရှာရန် မင်းအောင်လှိုင်အား အချက် ငါးချက်ကို လက်ခံအောင် ချည်းကပ်သွားမည့် ဖေါ်မြူလာ ကို မနေ့က ချပြလာပြီ ဖြစ်သည်။

 

၎င်း၏ မြန်မာ အရေး အကြံပေးသမား များ ဖြစ်သည့် သာစင် နှင့် ဟွန်ဆန်တို့က မြန်မာ အရေးကို ဖြေရှင်းရာတွင် ဒီမိုကရေစီ နှင့် လူ့ အခွင့် အရေး ဦးစားပေးရမည့် အချိန်မဟုတ် ဟု ပြောဆိုထားပြီး သူများလည်း ဖြစ်သည်။

 

ကျွန်တော် အမြင်အရ ပြောရလျင် ထိုပုဂ္ဂိုလ် နှစ်ဦးသည် မြန်မာပြည်အား သုံးစားမရသည့် လူများသာ အုပ်ချုပ် စေချင်ကြသူ များသာ ဖြစ်သည်။

 

ဟွန်ဆန်သည် ၂၀၂၂ တွင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့စဉ်က မင်းအောင်လှိုင်အား အာဆီယံမှ ထိပ်သီး အစည်း အဝေး တက်ရောက်ခွင့် မပေးသည့်ကြားမှ တိုက်ရိုက် ဆက်ဆံခဲ့သူ ဖြစ်သည်။

 

ဟွန် ဆန်သည် ကမ္ဘောဒီယားကို အာဏာရှင် အဖြစ် အုပ်ချုပ်ခဲ့သည့် သမိုင်းကြောင်းနှင့် covid-19 ကို အကြောင်းပြ၍ အတိုက်အခံများအား ဖိနှိပ်ခဲ့သည် များ ရှိခဲ့သည် နောက်ခံ အကြောင်းများ ရှိနေသည့် ကြားမှ အကြံပေး အဖြစ် ခန့်အပ်ထားသည်ကို ကြည့်မည်ဆိုက အာဆီယံ သည်မြန်မာ အရေးအား ဒီမိုကရေစီ ကို ဦးတည်မည့် ဖြေရှင်းချက်မျိုး စိတ်ကူး မရှိသည်က ထင်ရှားပေသည်။

 

သာစင်သည်လည်း ထိုင်း နိုင်ငံရေးတွင် အငြင်းပွားစရာ များ ကျန်ရစ် အောင် အုပ်ချုပ်သွားခဲ့သူ ဖြစ်၍ အာဆီယံ ၏ ဒီမိုကရေစီ မျှော်မှန်းချက်များကို စွမ်းဆောင် ပေနိုင်မည့် သူ အဖြစ် ယုံကြည်ခံရမည့် လူမျိုး မဟုတ်ပေ။

 

ထိုနှစ်‌ဦး အား အကြံပေး အဖြစ် ထည့်သွင်းလာခြင်းကပင် မြန်မာ အရေးအား ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ မရှိဘဲ ရေရှည်ထက် ၎င်းတို့ အကျိုး အတွက် လတ်တလော အဆင်ပြေ နိုင်မည့် နည်းလမ်းမျိုးသာ ရည်ရွယ်ထားခြင်း ဖြစ်သည်။

 

ယခုလည်း မွေးဖွားပြီးလျင် ပြီးချင်း မီးတွင်းထဲ မှာပင် သေဆုံးသွားသည့် အဖြစ်မရှိသည့် အချက် ငါးချက်အားလည်း မြန်မာ အရေး အပေါ် ၎င်းတို့၏ ဖြေရှင်းချက် အဖြစ် ဆုပ်ကိုင်ထားသော်လည်း အကောင်အထည် ပေါ်အောင် အတင်းအကျပ် လုပ်ခြင်းမျိူးလည်း မရှိခဲ့ပေ။

 

လက်ရှိတွင်တော့ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လုပ်နေကျ ပုံစံ အတိုင်း လက်ရှိ အကျပ်အတည်းကို ၎င်းတို့ လိုသလို ကြိုးကိုင် ချယ်လှယ်ပြီး အာဏာကို ဆက်၍ ချုပ်ကိုင်ထားရန် လုဲးပမ်းနေကြသည်။ လာမည့် ဒီဇင်ဘာလော၊ ဇန်နဝါရီ လော မသိရသေးသည့် ရွေးကောက်ပွဲ ကိုလည်း အကြောင်းပြ ရွှေ့ဆိုင်းဦးမည်သာ ဖြစ်သည်။

 

နိုင်ငဲတကာ ကလည်း ၎င်းတို့၏ မတရားလုပ်ရပ်များ ကို အရေးယူရန် တုံ့နှေးနေကြပြီး အာဆီယံ ကိုသာ ပုံချထားသည်။ အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို တာဝန် ရှိသည့် အဖွဲ့အစည်း အဖြစ်မှ မသက်‌ဆိုင်သလို ဖြစ်လာနေသည်။

 

လက်ရှိ ဥက္ကဌ ဖြစ်လာသည့် မလေးရှားသည် ထိုသို့ ပျက်ကွက်လာမှု များကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးနိုင်မည့် လွန်စွာ အရေးပါသော အခွင့်အလန်း ရရှိလာပြီ ဖြစ်သည်။

 

လတ်တလော တွင် အာဏာသိမ်း အဖွဲ့အား အကူအညီများကို ၎င်းတို့ အကျိုး အတွက် ကြိုးကိုင် ချယ်လှယ် နိုင်ခြင်း မရှိစေရန် နှင့် တော်လှန် ရေး တပ်များ လက်အောက်ရှိ ဒေသများပါမကျန် ငလျင်ဘေးသင့်သည့် ဒေသ အားလုံး သို့ ရောက်ရှိရန် လုပ်ဆောင်သင့် ပေသည်။ ထိုသို့ လုပ်နိုင်ရန် စစ်တပ်ကို ဘေးဖယ်ပြီး ပြည်တွင်း ပြည်ပ NGO အဖွဲ့များနှင့် တိုက်ရိုက် ထိတွေ့ပြီး လုပ်ဆောင်သွားရမည် ဖြစ်သည်ဟု ရေးသားထားသည်။

 

ထိုသို့ မဟုတ်က မည်သူက မည်မျှပင် အကူအညီ‌ပေးနေစေကာမူ လိုအပ်နေသူ များထံ မည်သို့ မျှ ရောက်နိုင်စရာ မရှိ ဟု မိမိအနေဖြင့် ယူဆမိပေသည်။

 

ယခုအခါ ကုလ အထူး သံတမန် ရောက်ရှိလာချိန်တွင် ပင် စစ်ကိုင်းတိုင်း ဝန်သို မြို့ နယ် အတွင်း ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် အမျိုးသမီး နှင့် ကလေးသူငယ်များ အပါအဝင် လူ သုံးဆယ်ခန့် သေဆုံးသွားခဲ့ပြီ ဆိုသော သတင်းဆိုးကြီး ထွက်ပေါ်လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!