ဂေါ်ကီ ၏ အမေ(7)

by Hla Soewai - Apr 13 2025

သူတို့ နှစ်ဦး အကြား စကားစမြည် ပြောခဲလှပြီး တွေ့သည့် အချိန်ကလည်း မရှိသလောက်ပင်။ မနက် တွင် ပါဗယ်သည် ‌ဘာစကား မှ မပြောဘဲ ကော်ဖီ သောက်ပြီးသည်နှင့် အလုပ်သို့ ထွက်သွားသည်။ နေ့လည်ပိုင်း ထမင်းစားချိန်တွင် ပြန်ရောက်လာသည်။ စားပွဲ တွင် ထိုင်မိကြသည့် အခါလည်း အရေးမပါသည့် အကြောင်းများ တခွန်းစ၊ နှစ်ခွန်းစ ပြောရင်း ကုန်လွန်သွားခဲ့သည် ချည်းပင် ဖြစ်သည်။

 

အလုပ် ပြန်သွားပြီး နောက် ည နေ အလုပ်ပြီးသည့် အချိန်အထိ မတွေ့ရတော့၊ အလုပ်ပြီး၍ အိမ်ပြန်ရောက်သည့်အခါ ရေမိုးချိုး ညစာစား၊ ပြီးသည်နှင့် စာအုပ် နှင့် မျက်နှာ မခွာတော့။ အချိန်အတော်ကြာကြာ စာဖတ်နေခဲ့သည်။

 

အလုပ်ပိတ်ရက်များ တွင်လည်း မနက်ကတည်းက အိမ်မှ ထွက်သွားသည်။ ညဉ့် အတော်နက်မှ အိမ်ပြန် ရောက်လာသည်။ အမေလုပ်သူက သားဖြစ်သူ မြို့ထဲသွားပြီး ပြဇာတ်ရုံများဖက် ရောက်နေသည်ဟု သိထားခဲ့သည်၊ သို့သော် မြို့မှ တဦးတလေမျှ သူ့ဆီ ရောက်လာခဲ့ကြခြင်း မရှိ။

 

သားဖြစ်သူ သည် တဖြေးဖြေး နှင့် စကား အပြောအဆို နည်းသည်ထက် နည်းလာပုံရသည်ဟု ထင်မိသည်။ တခါတရံ တွင် သူ့ထံမှ နားမလည် နိုင်သော စကားများ ကြိမ်ဖန်များစွာ ရေရွတ်နေသည်ကို သတိပြုမိလာသည်။ သို့သော် ယခင်ကလို ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း စကားများ ထွက်မလာတော့။

 

သား၏ အပြုအမူ အပြောအဆိုများထဲတွင် ပြောင်းလဲလာသည့် စရိုက် လက္ခဏ များကို သတိမပြုမိဘဲ နေ၍ မရအောင် သိသာထင်ရှားလာသည်။ အရင်ကလို ဝတ်ကောင်းစားလှ ဝတ်ပြီး ဂိုက်ထုတ်ခြင်း မျိုးလည်း မရှိတော့၊ သို့သော် တကိုယ်ရေ တကာယ သန့်ရှင်းမှု နှင့် သေသေသပ်သပ် ဝတ်ဖို့ကို အလေးပေးလာသည်။ လွတ်လွတ်လပ်လပ် သွားလာပြီး ပတ်ဝန်းကျင်ကို သတိထားတတ်လာသည်။

 

သား ဖြစ်သူ ၏ အပြောအဆို တဖြေးဖြေး နှင့် နူးညံ့ သိမ်မွေ့သည်ထက် သိမ်မွေ့လာပြီး၊ ရိုးရိုးရှင်းရှင်း နေတတ်ထိုင်တတ် လာသည်ကို ကြည့်ပြီး အမေသည် စိတ်ဝင်စားမှု နှင့် အတူ ရတက်မအေး ဖြစ်လာနေသည်။

 

တကြိမ်တွင် ပါဗယ်သည် ပုံတပုံကို အပြင်က ယူလာပြီး နံရံတွင် ချိတ်လိုက်သည်။ ပုံထဲတွင် လူသုံးဦးသည် ပေ့ါပါး လွတ်လပ်ပြီး အပူအပင်ကင်းစွာ စကားစမြည် ပြောရင်း လမ်းလျောက်လာသည်ကို တွေ့ရသည်။

 

"ဒါက ယေရှု ခရစ်လေ ၊ သေရာကနေ နိုးထလာပြီး အာမေရုစ် မြို့ကို နောက်လိုက် တပည့် နှစ်ယောက် နဲ့ လမ်းလျှောက် သွားနေပုံ လေ အမေ"

 

အမေက သူ့ယူလာသည့် ပုံ ကို သဘောကျသွားခဲ့သည်၊ သို့သော် သူမ ခေါင်းထဲ အတွေးတခု ပေါ်လာသည်နှင့် ကောက်ကာ ငင်ကာ ဆိုသလို မေးလိုက်မိသည်။

 

"သားက ယေရှု ကို လေးစားသမှု တော့ ရှိသားပဲ၊ အဲ့တာနဲ့ ဘာဖြစ်လို့ ဘုရားကျောင်းကို မသွားတာလဲ သား"

 

နောက်ပိုင်း တွင် နံရံ ပေါ် တွင် တပုံပြီး တပုံ တွေ့လာရသည်။ စင်များ ပေါ်တွင်လည်း စာအုပ်များက နေရာယူလာသည်။ သူ့အတွက် စာအုပ်တင်ရန် စင်များကို သူငယ်ချင်း လက်သမား ဆရာတဦးက သေသေသပ်သပ် လုပ်ပေးခဲ့သည်။ အခန်းသည် တဖြေးဖြေး နှင့် အိမ်နှင့် တူလာချေပြီ။

 

မိခင် အားလည်း လေးစားသမှု နှင့် အရင်လို မာမား ဟု မခေါ်တော့ပဲ "အမေတို့" ဟု တရိုတသေ ခေါ်လာသည်။ သို့သော် တခါတရံ ကောက်ကာငင်ကာ ပြောလာသည့် အခါများတွင်တော့ "မာမား ကျွန်တော် ဒီည အိမ်ပြန် နောက်ကျရင် မစိုးရိမ်နဲ့နော်" ဟု ခေါ်နေကျ အတိုင်း ခေါ်ပြီး ပြောတတ်ပြန်သည်။

 

သားဖြစ်သူ စကားကြောင့် အ‌မေသည် ကျေနပ်သွားသော်လည်း စိတ်ထဲတွင် လေးလံသလို ခံစားလာရသည်။

 

သားဖြစ်သူ ၏ ထူးထူး ဆန်းဆန်း အပြုအမူ များက အချိန် ကြာလာသည် နှင့် အမျှ ပဟေဋ္ဌိ လို ဖြစ် ဖြစ်လာ‌ နေ၍ သူမ၏ စိတ်မသက်မသာ ဖြစ်မှုကလည်း တိုး၍သာ လာနေသည်။ တခုခု များ ဖြစ်လာတော့မလား ဟူသော စိတ်ဖြင့် သူမ ရင်သည် လေးလံလာသည်။ ထိုသို့ ပူပန်‌ သောက ရောက်နေရ၍ လည်း သားဖြစ်သူ ထိုသို့ လုပ်နေသည်ကိုလည်း မကြာခဏ ဆိုသလို မကျေမနပ် ဖြစ်လာသည်။

 

"လူတိုင်းလည်း ဒီလိုပါပဲလေ၊ ငါ့သားက ရဟန်း တပါးလို ဖြစ်လာတယ်၊ အသက်အရွယ် နဲ့ မလိုက်အောင် တည်ကြည်လွန်းနေတယ်" ဟု တွေးမိပြန်သည်။ တခါတရံလည်း "ဟိုဖက် ထိပ်က မိန်းကလေး တယောက်ယောက်ကို များ စိတ်ဝင်စားနေတာ များလား" ဟု အတွေးဝင်လာပြန်သည်။

 

လူပျို လှည့်ဖို့၊ ရည်စားနဲ့ သွားဖို့လာဖို့ ဆိုသည်ကလည်း ငွေလိုသည်၊ သားဖြစ်သူ က ရသမျှငွေ ကို သူထံ တပြားမကျန် ပေးနေပြန်သည်။

 

ရက်သတ္တပတ် ပေါင်းများစွာ၊ လပေါင်းများစွာ ကုန်လွန်လာပြီး နှစ် နှစ် ဆိုသည့် အချိန်သည် ဖင်လှည့် ခေါင်းလှည့် နှင့် ပြီးဆုံး သွားခဲ့သည်။ ထို နှစ် နှစ် ဆိုသော ကာလ သည်လည်း သူတို့ သားအမိ အကြား ထူးထူးဆန်းဆန်း တိတ်ဆိတ် ငြိမ်သက်စွာ ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူမ ဖက်ကတော့ စိုးရိမ်စိတ်များ၊ ပူပင် သောက ရောက်စရာ အတွေးများ တနေ့တခြားတိုး၍ လာရင်းက ကုန်ဆုံး လွန်မြောက်လာခဲ့ရခြင်း ဖြစ်သည်။