မင်းအောင်လှိုင် ခြေရာဖျောက်ဖို့ ပြင်ဆင်နေပြီလော

by Hla Soewai - Apr 13 2025

East Asia Forum တွင် Myanmar’s Min Aung Hlaing sets the groundwork for a possible political exit ခေါင်းစဉ် ဖြင့် ရေးသားထားသော ဆောင်းပါး ဖြစ်သည်။

 

၂၀၂၅ ဖေဖေါ်ဝါရီ မှ စ၍ မင်းအောင်လှိုင်သည် အရေးပါသော ခြေလှမ်းများ ကို လှမ်းလာခဲ့သည်။ ဤသည်ကား ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေ ၂၀၁၀ တွင် လုပ်လာသ ကဲ့သို့ပင် နိုင်ငံရေး မှ ထွက်ခွာနိုင်ရန် စစ်ဖက် နှင့် ဝန်ကြီး ရာထူး များကို အပြောင်းအလဲ ပြုလုပ်လာခြင်း ဖြစ်သည်။

 

အရာရှိ ငယ်များကို အရေးပါသော စစ်ဖက်ရာထူးများ နှင့် ဝါရင့် အရာရှိများကို အစိုးရ ရာထူးများဖက် ရွှေ့ပြောင်းတာဝန်ပေးနိုင်ရန် ဖြစ်သည်။ သို့သော် စစ်မျက်နှာများ အသီးသီး တွင် မကြုံစဖူး အောင် အရေးနိမ့်လာမှု များနှင့် တော်လှန်ရေး ဖက်က တဖြေးဖြေး အင်အားကြီးထွားလာမှု များ ကြောင့် ၎င်းတို့ စိတ်ရှိတိုင်း စေစား၍ မရ ဖြစ်လာနိုင်ခြေ ရှိနေသည်။

 

ဗိုလ်သန်းရွှေသည် ၎င်းနှင့် လက်ထောက်ဖြစ်သူ ဗိုလ်မောင်အေး တို့ နေရာကို ဆက်ခံရန် လူငယ် အရာရှိ နှစ်ဦးကို ရွေးချယ်ခြင်းဖြင့် ၎င်း၏ ထွက်ရပ်လမ်းကို သေချာ ကျနစွာ စီစဉ် အကွက်ချ လာခဲ့သည်။ ထိုနှစ်ဦး မှာ တိုက် ရေး ခိုက်‌ ရေး တွင် အ‌ တွေ့အကြုံဟူ၍ မရှိဘဲ အုပ်ချုပ်ရေး နှင့် နိုင်ငံရေး ဖက်တွင် သာ ရှိသည့် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အကြမ်းပတမ်း ဖက်တွင် အားသန်သည့် ‌ဗိုလ်ချုပ် စိုးဝင်းတို့ပင် ဖြစ်သည်။

 

 ၁၉၉၂ တွင် ဗိုလ်သန်းရွှေသည် ဝါရင့် ‌စစ်တိုင်းမှုး များကို ဝန်ကြီး ရာထူး များ ပေးခဲ့ပြီး ၁၉၉၇ တွင် အားလုံးကို အနားပေးပစ်ခဲ့သည်။ ၎င်းနှင့် ပုခုံးချင် ယှဉ်လာသည်ဟု ယူဆခံရသူ ထောက်လှန်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်အား ဖမ်းဆီးခဲ့သည်။

 

စစ်တပ် အတွင်း အပြည့်အဝ ထိန်းချုပ်လာနိုင်ပြီဟု ယူဆလာသည့် အချိန် ၂၀၀၈ တွင် ဖွဲ့စည်းပုံ ကို ချပြခဲ့ပြီး ၎င်း စီမံထားသည့် အသွင်ကူးပြောင်းရေး ကို စတင်ခဲ့သည်။

 

မင်းအောင်လှိုင်သည်လည်း အာဏာသိမ်းပြီး ငါးနှစ်နီးပါး ‌ရှိလာချိန်တွင် ဗိုလ်သန်းရွှေ၏ မဟာဗျူဟာကို ပုံတူ ကူးချလာပုံရသည်။ ၎င်းထက် ငယ်သည့် အမှတ်စဉ် ၁၆ မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်တပ် တွင် တတိယ အကြီးဆုံး ရာထူး ဖြစ်သည့် ကြည်း ရေ လေ စစ်ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မင်းအောင်လှိုင် ကဲ့သို့ပင် ကျော်စွာလင်းသည် တိုက်ခိုက်ရေး ဖက်တွင် အတွေ့အကြုံ မရှိသူ ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ် ရုံးတွင် အုပ်ချုပ်ရေး တာဝန်များ ယူခဲ့သူ ဖြစ်သည်။ တိုက်ပွဲ အတွေ့အကြုံထက် ရုံးလုပ်ငန်း များနှင့် ပို၍ ရင်းနှီး ကျွမ်းဝင်သူ လည်း ဖြစ်သည်။

 

အမှတ် (၁) အထူး စစ်ဆင်ရေး ဗျူရို အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးအားလည်း ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ နှင့် ဆွေးနွေးပွဲများကို ဦးဆောင်စေခဲ့သည်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုး သန်းထိုက်အားလည်း စစ်ဦးစီးချုပ် (ကြည်း) အဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ၂၀၂၄ တွင် စစ်ကိုင်း ဒေသကြီး အတွင်း အရပ်သားများ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့ကြသည့် စစ်ရာဇဝတ်မှု များ အတွက် အဓိက တာဝန်ရှိသူများ ဖြစ်သည်။

 

မင်းအောင်လှိုင် လုပ်လာသည့် အပြောင်းအလဲများကို ကြည့်မည်ဆိုက ၎င်းနေရာ ဆက်ခံရန် နေရာ ချ ထားချင်ကြောင်း ညွှန်ပြနေသည်။ ကိုကိုဦး သို့မဟုတ် သန်းထိုက်အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ် ပူးတွဲ စစ်ဦးစီးချုပ် ရာထူးများ တွင် ခန့်ထားဖို့ ရှိနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေကဲ့သို့ ပင် ၎င်း၏ ထွက်ရပ်လမ်း အတွက် လမ်းခင်းလာပုံ ရသည်။

 

၎င်းအား စိန်ခေါ်လာနိုင်သည့် ဝါရင့်စစ်ဗိုလ်ချုပ်များကို ဝန်ကြီးဌာန များ သို့ ပြောင်းလဲခန့်ထားပစ်ခြင်းဖြင့် ၎င်း လိုလားသူများ ဆက်ခံနိုင်ခွင့် ရအောင် လမ်းရှင်းပေးထားခြင်းလည်း ဖြစ်သည်။ ၁၉၉၀ ကျော် နှစ်များ အတွင်း ဗိုလ်သန်းရွှေ လုပ်သကဲ့သို့ ပင် စစ်တိုင်းမှုး များကို ဝန်ကြီးဌာနများ ကို ဦးဆောင်ခိုင်းဖြင့် အရေး မပါအောင် လုပ်ခဲ့သည်။

 

ဝန်ကြီး ဖြစ်လာသူ များသည် လည်း စစ်ဖက် နှင့် ဆိုင်သည့် အခမ်းအနားများ၊ လူမြင်ကွင်းများတွင် စစ်ယူနီဖောင်းများ ဝတ်ပြီး ထွက်လာသည်ကို တွေ့ရခဲလာ၍ စစ်ဖက် ရေးရာများတွင် ၎င်းတို့၏ အခန်းကဏ္ဍ မှေးမှိန် လျော့ပါးလာပြီ ‌‌ဆိုသည်ကို သိသာအောင် လုပ်လာခဲ့သည်။ ၎င်းတို့အား တပ် နှင့် အဆက်ဖြတ်ပစ်လိုက်ခြင်းဖြင့် မင်းအောင်လှိုင်သည် သူ့နေရာဆက်ခံမည့် လူကို စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရလာခဲ့သည်။

 

အာဏာသိမ်းပြီးနောက် သိသိသာသာ တန်ခိုးထွားလာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် စိုးထွဋ်ကိုလည်း ထောင်သွင်း အကျဉ်းချ ပစ်ခဲ့သည်။ စစ်ဖက် လုံခြုံရေး အကြီးအကဲ ရဲဝင်းဦး ကို မျက်နှာသာ ပေးထားသော်လည်း ထောက်လှန်းရေး ဖက်မှ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲလှသည်။ ရဲဝင်းဦး၏ အရှိန်အဝါ ကြီးလာသည် နှင့် အမျှ ရှေ့တန်း ရှိ စစ်တိုင်းမှုး များ နှင့် တင်းမာမှု များ ရှိလာခဲ့၍ ခင်ညွန့် ခေတ်ကလို အနေအထား ပြန်ရောက်လာသည်။

 

ဗိုလ်သန်းရွှေ ခေတ် တွင် နှစ်လ ကျော်မျှ ကြာမြင့်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး မှ လွဲ၍ အခြား ကြီးကြီးမားမား လူထု အုံကြွမှု နှင့် မကြုံခဲ့ရပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများနှင့်လည်း စီးပွား ရေး လုပ်ပိုင်ခွင့် များ ပေးကာ ceasefire capitalism မျိုးဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိထားခဲ့သည်။

 

မင်းအောင်လှိုင် လက်ထက်တွင်တော့ ၁၀၂၇ စစ်ဆင်ရေး အပြီး စစ်ရေး အရ ဆက်တိုက်ဆိုသလို အရှုံး ပေါ်လာပြီး၊ လူထု တော်လှန်ရေး အင်အားကောင်းလာ၍ ၎င်းစိတ်ကြိုက် အသွင် ကူးပြောင်းနိုင်ဖို့ စေစားချင်တိုင်း စေစား၍ မရ ဖြစ်လာသည်။

 

၂၀၂၄ တွင် လူဦးရေ စစ်တမ်းကို မြိုနယ် ၃၃၀ အနက် ၁၄၅ မြို့နယ်တွင်သာ ကောက်ယူ နိုင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များ နှင့်လည်း အပစ်အခတ် ရပ်စဲရေး ကို အခိုင်အမာ ရရှိထားခြင်း မရှိသေးပေ။ ထို့အတွက် မင်းအောင်လှိုင်သည် ၎င်း လုပ်ချင်သလို လုပ်ခွင့် မရနိုင်တော့ဘဲ တော်လှန်ရေး အဖွဲ့များ လက်ခံမှသာ ဖြစ်ပေတော့မည်။

 

စစ်မြေပြင်တွင် အရေးနိမ့်လာနေခြင်း၊ တော်လှန်ရေး ကျယ်ပြန့် ကြီးထွားလာနေခြင်း နှင့် နိုင်ငံကို ချုပ်ကိုင်ထားနိုင်မှု ပြေလျော့လာနေခြင်းများ ကြောင့် ဗိုလ်သန်းရွှေ ကဲ့သို့ အခွင့် အရေး မျိူး ရလာတော့မည် မဟုတ်ပေ။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!