မြန်မာ ရိုးရာ နှစ်သစ်ကူးပွဲက စတင် ခဲ့ပြီ ဖြစ်သည်။ သို့သော် နှစ်ကူး တွင် အပျော်များက မည်သူ့ထံမှ မကူးစက်တော့ဘဲ အဆောက်အဦး ပျက်များ အကြားပိတ်မိ နေသည့် သက်မဲ့ ခန္ဓာကိုယ်များ အကြားတိတ်ဆိတ် ငြိမ်သက်စွာ ဆုတောင်းပွဲများ နှင့် စတင်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန် နှင့် မန္တလေး တဝိုက် ရပ်ကွက်များ အတွင်း ကလေး သူငယ်များ ရေသေနတ် နှင့် ပျော်ပါးနေကြသည်ကို သာ တွေ့ရသည်ဟု AFP နှင့် AP သတင်းများတွင် ရေးသားထားသည်။
မြန်မာ သင်္ကြန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် ယူနက်စကို ၏ မမြင်နိုင်သော လူသားတို့၏ ယဉ်ကျေးမှု အမွေ အနှစ် Intangible Cultural Heritage of Humanity စာရင်းဝင် အဖြစ် ပူပူနွေးနွေး သတ်မှတ်ခံခဲ့ရပြီ ဖြစ်သည်။
အသက်ရှင် ကျန်ရစ်သူများ အဖို့ တနေကုန် အစားအသောက်၊ သောက်ရေသန့် ရဖို့ တန်းစီကြရပြီး ညဖက် တွင်လည်း လမ်းဘေးတွင် ခြင်ကိုက်သည့် ဒဏ် ကို အလူးအလဲ ခံကြရသည်ဟု ဆိုသည်။
အန္တရာယ်ကြီးသည် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေး ဟု သဘာဝ လောကကြီး က ထပ်မံ သတိပေးသည့် အနေဖြင့် မိတ္ထီလာကို ဗဟို ပြု၍ ပြင်းအား ရစ်ခ်ျတာ စကေး ၅.၅ ရှိ မြေငလျင် ကြီး တနင်္ဂနွေ နေ့တွင် ထပ်မံ လှုပ်ခပ်သွားခဲ့ပြီး မန္တလေး၊ နေပြည်တော် အထိ ပင် ရောက်ရှိသွားခဲ့သည်။
စစ်-ကိုင်း ငလျင်ကြီးသည် မြန်မာ့ သမိုင်းတွင် မှတ်တမ်း အဖြစ် ကျန်ရစ်ခဲ့တော့ မည် ဖြစ်ပြီး ယင်းနှင့် အတူ စစ်အာဏာသိမ်း အဖွဲ့ ၏ ကိုင်တွယ်ခဲ့ပုံ များသည်လည်း အမည်းစက်ကြီး အဖြစ် စွန်းထင်း ကျန်ရစ်ခဲ့ပေတော့မည်။ ဒေါ်စိန်အေး ကျောင်းထွက်များ အဖို့က သွားရောက် စစ်ဆေး လိုအပ်သည်များ မှာကြား ဆိုသည် တို့နှင့် လုံးချာ လိုက်နေသည်က လွဲ၍ လက်တွေ့ ဘာတခုမျှ စွမ်းဆောင် ပေးနိုင်ခြင်း မရှိသည်က ပေါ်လွင်နေသည်။ ကုလသမဂ္ဂ ကပင် အကူအညီ များ ပေးနေမှု ကို ပိတ်ဆို့ထားခြင်းများကို ဖွင့်ပေးရန် ပင် ဝင်ရောက်ပြောဆိုနေကြပြီ ဖြစ်သည်။
စစ်ကောင်စီ အဖို့ ကမ္ဘာသတင်းမီဒီယာ များ၏ အာရုံစိုက်နေမည့် ခုနှစ်ရက် ဆိုသော ကာလ အတွင်း တွင် ပင် လှုချင်သူများလည်း ပို၍ လှုချင်လာအောင် မျက်ရည်ချုရမည်၊ တိုက်ခိုက်နေမှု များ တပတ်လောက် အောင့်အီးထားသင့် သည် ဆိုသည်မျပင် သိနားလည်ထားဟန် မတူပေ။
၎င်းတို့ ဝမ်းနည်းကြောင်း ပေါ်လွင် စေရန်သာ ဆောက်လုပ်ပြီး သင်္ကြန် မဏ္ဍပ်များကို ပြန်ဖျက်ပြီး တိတ်ဆိတ် ငြိမ်သက်စွာ ဖြင့် အပျော်အပါး၊ အဆိုအက များ မပါပဲ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ၎င်းတို့ နေထိုင်ရာ နေပြည်တော်တွင်တော့ မဏ္ဍပ်များက ဆက်ရှိနေပြီး မင်းအောင်လှိုင် နှင့် အဖွဲ့ လမ်းလျောက်သင်္ကြန်အဖြစ် ဆင်နွှဲခဲ့သည်ဟု သိရသည်။
ကမ္ဘာကြက်ခြေနီ အဖွဲ့ မှ တာဝန်ရှိသူများက ဆည် များ ကြံ့ခိုင်ရေးကို အသေအချာ စစ်ဆေးရန် သတိပေးချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် စစ်-ကိုင်း၊ မန္တလေး၊ နေပြည်တော် ပြီးလျင် စတုတ္ထမြောက် အပြင်းထန်ဆုံးခံခဲ့ရသည့် ရှမ်းပြည်တောင်ပိုင်း မြို့များသို့ နှစ်ပတ် အကြာတွင် ရောက်ရှိလာပြီး ပြန်လည် တည်ဆောက်ရေး အတွက် မည်သို့ မည်ပုံ စီစဉ်ထားသည်ဟု မပြောပဲ ဝင်ငွေရအောင် ဟင်းသီးဟင်းရွက် စိုက်ပျိုးပြီး ပြည်ပ တင်ပို့ နိုင်အောင် လုပ်ကြဖို့ အင်မတန်မှ တန်ဘိုးကြီးလှသည့် အကြံဉာဏ်များ ပေးသွားခဲ့သည်ဟု သိရသည်။
ထိုသို့ မင်းအောင်လှိုင်က အလုပ်ကို ကြိုးစား လုပ်ကိုင်ဖို့၊ ဟင်းသီးဟင်းရွက် စိုက်ကြဖို့ ဟောပြောနေစဉ် မိန်းမ ဖြစ်သူသည် သား၊ ချွေးမ အပါအဝင် ဗိုလ်ချုပ် ကတော် တသိုက် နှင့် သွားများ အအေးပတ် မည်ကို စိုးရိမ်ရလောက် အောင် ပြုံးဖြီး နေသော မျက်နှာ ပေးနှင့်ဒေါ်လာ ထောင်ကျော် တန်သည့် LV အိတ်ကြီး ဆွဲကာ ပင်လုံ ရှိ မေတ္တာအေးရိပ် ဘုန်းကြီးကျောင်းတိုက် ဖွင့်ပွဲသို့ ရောက်ရှိလာခဲ့သည်။
ဤသည်ကို ကြည့်၍ ဧရာဝတီ သတင်းကပင် Vuitton and Veggies ခရီးစဉ်ဟု ကင်ပွန်းတပ်ခဲ့သည်။
ချင်းမိုင် သင်္ကြန်သို့ ရောက်ရှိနေသော ထိုင်းဝန်ကြီးချုပ် ဟောင်း သာစင် မှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ အကြား ငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲ များ ပြုလုပ်ဖို့ အခွင့် အလန်း လွန်စွာ မြင့်မားလာနေပြီဟု ထုတ်ဖေါ် ပြောဆိုသွားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ တွင် ရေးသားထားသည်။
သာစင်သည် မင်း အောင်လှိုင် နှင့် တွေ့ချင်နေ၍ ဘန်ကောက်သို့ အစည်းအဝေး တက်ရန် ရောက်လာသည်ကို အခွင့်ရေး တရပ် အဖြစ် အသုံးချကာ တိတ်တဆိတ် တွေ့ဆုံခဲ့ရာမှ ယခုလို ခန့်မှန်းနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မင်းအောင်လှိုင် အား သာစင် တွေ့နိုင်ဖို့ အစည်းအဝေးကို ဟန်ပြ ဖိတ်ခဲ့သည်လော၊ ခရီးစဉ် အတွက် သတ်မှတ်ထားသည်ထက် တရက်စောပြီး အဘယ် ကြောင့် ပြန်သွားရသလဲ ဆိုသည်များက ပဟေဠိ အဖြစ် ကျန်ရှိနေဆဲပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် အင်းမလှုပ် အဲမလှုပ် ဖြင့် ၎င်း ပြောသည်ကို နားထောင်နေ၍ သာစင်သည် အားတက်လာပြီး သဘောတူ လိမ့်မည်ဟု ယူဆလာခြင်းလည်း ဖြစ်သည်။ သဘောတူမည်ဆိုက မည်သည့်ဖက်မှ မလိုက်ဘဲ ဖြစ်အောင် စီစဉ်ပေးမည်ဟု ဆိုသည်။
သို့သော် သာစင် ကိုယ်နှိုက်က ယခုလို မငြိမ်းချမ်းသေးပဲ ရွေးကောက်ပွဲ လုပ်မည်ဆိုသည်ကို ယုံကြည်ခြင်း မရှိ၍ ၎င်းနှင့် တွေ့ရာတွင် ထည့်မဆွေး နွေး ခဲ့ဟု ပြောသည်။
သာစင်သည် လက်တွေ့သမား ဖြစ်ပြီး အခွင့်အရေးကိုလည်း ရအောင် ဖန်တီးတတ်သည်၊ အာဏာရရှိရေးနဲ့ ထိန်းသိမ်းရေးကို အဓိကထားသည့် နိုင်ငံရေးမျိုး ဖြစ်သော real politics ကို အဓိက ထားသူ ဖြစ်၍ မင်းအောင်လှိုင်၏ ထွက်ပေါက် ပိတ်မိနေသည့် အဖြစ်မှ မည်သို့ မည်ပုံ ရုန်းထွက်ရမည် ဆိုသည် ကို တလွှာချင်း ခွာ ချပြ ပြီး နားချ လိမ့်မည် ဆိုသည်က ယုံမှားသံသယ မရှိပေ။
တဖက်တွင်လည်း မြန်မာ ပြည်သူများက မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ အနာဂတ်ကို စီမံခန့်ခွဲရာ တွင် တနည်းမဟုတ် တနည်း ဆက်ပြီး ပတ်သက်နေမည်ကို လုံးဝ လို လားခြင်း မရှိဆိုသည်ကို ကောင်းစွာ သိထားပြီး ဖြစ်ရာသော်လည်း အမှန်တကယ် ဖြစ်ပျက်နေမှု ကို အခြေခံပြီး ပျော်ရာမှာ မနေ တော်ရာမှ နေရမည်ဟု လက်ခံထားသူ လည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!