မင်းအောင်လှိုင်၏ နောက်တကြိမ် ဘန်ကောက် တောလား

by Hla Soewai - Apr 21 2025

မင်းအောင်လှိုင်သည် မြန်မာ နှစ်သစ်ကူးနေ့ ဧပြီ ၁၇ ရက်တွင် မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာမည်ဟု သိရသည်။

 

အန်နဝါသည် ထိုင်း ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝါထွာ နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိနေစဉ် အတွင်း မင်းအောင်လှိုင်အား လာတွေ့ရန် ဖုန်းဆက်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

 

အန်နဝါက ၎င်း ဖုန်းတချက် ဆက်လိုက်ယုံဖြင့် ယခုလို မြန်မာ နှစ်သစ်ကူး နှစ်ဆန်း တရက်လို အခါကြီး ရက်ကြီး တွင်ပင် တွေ့ရန် သ‌ဘောတူခဲ့ခြင်း အတွက် ကျေးဇူးတင်ကြောင်း နှင့် နိုင်ငံတွင်း စစ်ဆင်ရေး များ ရပ်တန့်မည် ဆိုလျင် အကူအညီများ ပေးမည်ဟု ရှင်းရှင်းလင်းလင်း အသိပေးသွားမည်ဟု ဆိုပြီး ယခု တွေ့ဆုံမည့် အရေးသည်လည်း လူသားချင်းစာနာ ထောက်ထားမှု နောက်ခံဖြင့် တွေ့ဆုံခြင်း ဖြစ်သည်ဟု ပြောကြောင်း မလေး သတင်းစာများ တွင် ရေးသားထားသည်။

 

အန်နဝါသည် ၎င်းမှ အပစ်ရပ်ရန် ဖုန်းဆက် ပြောပြီး နှစ်ရက် အကြာတွင် မင်းအောင်လှိုင်မှ ရပ်ဆိုင်းပေးခဲ့သည်ဟု လည်း ပြောပြန်သည်။

 

မင်းအောင်လှိုင်သည် ဘန်ကောက်တွင် သူ့ကိစ္စ နှင့် သူ ရောက်နေသော အန်နဝါ အီဘရာဟင် တဦးတည်း နှင့် သာ ‌တွေ့ဆုံမည် ဖြစ်သည်။

 

သတင်းတွင် သာစင် နှင့် တွေ့ရန် ရှိသည်ဟု ဖေါ်ပြမထားသော်လည်း အန်နဝါ ကမူ ၎င်း နှင့် ‌တွေ့ရန် ရှိသည်ဟု ဆိုသည်။

 

ကုလသမဂ္ဂ မှ ပင် စစ်ကောင်စီ၏ အပစ်ရပ်ရေးသည် ဟန်ပြသာ ဖြစ်ကြောင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ဧရာဝတီ၊ ကချင်၊ ကရင် ၊ မွန်နှင့် ရခိုင် တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း နှင့် ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင် သေဆုံးခဲ့ကြသည့် ကလေးငယ်များနှင့် ပြည်သူများ၏သတင်းဓါတ်ပုံကိုလည်း ထုတ်ပြန် ပြောဆိုထားသည့်တိုင် ယုံကြည်နေခြင်းသည် မည်မျှ အထိ ရူးသွပ်လှပေသနည်း၊ မင်းအောင်လှိုင်က ပါးစပ်က အပစ်ရပ်ရေး နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးပေးမည် ဟု ပြောလျင်လည်း ယုံကြည်ကြမည့် လူများသာ ဖြစ်သည်။

 

သာစင် နှင့် အာဆီယံက တရုတ်ကြီး၏ ထားရာနေ စေရာသွား တပည့်ကြီးအား သိမ်းသွင်းလို့ ရမည်ဟု ယူဆနေသည်ကလည်း အံ့ဩဖွယ်ပင် ဖြစ်သည်။

 

ငလျင် နိုင်ငံရေး နှင့် လူရာဝင်လာသော မအလ သည် သွေးနားထင်ရောက်လာပြီး ပြီးခဲ့သည့် ဘန်ကောက် ခရီးစဉ် တွင် အဆင့်နိမ့် ဆက်ဆံခံခဲ့ရသည်ကို အမှတ်ရှိပုံ မရပေ။ ယခုလည်း တရုတ်ကြီး၏ တပည့်တပန်း အဖြစ်မှ လူရာဝင်ချင်နေပုံရ၍လည်း အန်နဝါက ဖုန်းလေး တချက်ဆက်ယုံမျှ နှင့် အပြေး ပေါက်ချလာခြင်းလည်း ဖြစ်သည်။ ၎င်းအား အဘယ်ကြောင့် အန်နဝါသည် မလေးရှားသို့ မဖိတ်ကြား ပဲ နေလေသနည်း ဆိုသည်ကိုလည်း စဉ်းစား နိုင်ခြင်း မရှိတော့။

 

မည်သို့ပင် ဆိုစေ မြေငလျင်ကြီး ကြောင့် ၎င်းတို့ ရသင့်နေပြီမှာ ကြာပြီ ဖြစ်သည့် နိုင်ငံတကာ အသိအမှတ်ပြုခံရမှု ဆိုက်ရောက်လာလေပြီဟု ကြည်နူးနေကြမည်သာ ဖြစ်သည်။ ၎င်းတို့ အဖွဲ့က လူထု ခံစားနေရသော ဒုက္ခသုက္ခများကို မှီး၍ အခွင့် အရေးများ ရနိုင်သမျှ သဲ့ယူ နိုင်ရန် စီမံနေကြပြီ ဖြစ်သည်။

 

လားရှိုး အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံ‌ရေး အကျဉ်းသား ၂၀၀ ခန့် နှင့် စီဒီ အမ် ဝန်ထမ်းများသည် စစ်ကောင်စီ တပ်များ လားရှိုးသို့ ဝင်မလာမီ အမြန် ရွှေ့ပြောင်းရန် ပြင်ဆင်နေကြသည်ဟု DVB သတင်းက ဆိုသည်။

 

အများစုသည် လောက်ကိုင် အပါအဝင် MNDAA ထိန်းချုပ်ထားသည့် မြို့များသို့ ရွှေ့ပြောင်းကြမည်ဟု သိရသည်။

 

လားရှိုး မြို့ပေါ် အား စစ်ကောင်စီ မှ အုပ်ချုပ်မည် ဖြစ်ပြီး MNDAA သည် မြို့ပြင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည် ဖြစ်သည်။ လားရှိူး ရှိ တရုတ်ကောင်စစ်ဝန် ရုံး မှ နှစ်ဖက် တပ်များ အကြား ကြားနေသူ အဖြစ် ထိန်းသိမ်းသွားမည်ဟု သိရသည်။

 

ထိုအတိုင်းဆိုက တရုတ်သည် စစ်ကောင်စီအား ရပ်ရွာ ငြိမ်ဝပ်ပိပြားရေးကိုသာ တာဝန်ယူခိုင်းပြီး လားရှိုးမှ တဆင့် ရှမ်းမြောက်ဒေသ ရှိ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး များကို ကြိုးကိုင်သွားကြမည့် ပုံစံမျိုး ဖြစ်လာနေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!