စတာလင်၏ အပြောကို ယခုခေတ် ဆိုရှယ်မီဒီယာ များ တွင် လွှမ်းမိုးနေသူများ၊ ထင်ရှားကျော်ကြားသူများကလည်း သဘောတူ ကြမည်သာ ဖြစ်သည်။ ဆိုရှယ် မီဒီယာတွင် ဖေါ်လိုဝါး သန်း ရာနှင့် ချီ ရှိနေသူ အချို့သည် နေ့စဉ်လို အွန်လိုင်းမှ တဆင့် ထိတွေ့ ပြောဆို နေကြသည်။ သို့သော် ၎င်းတို့၏ ဖေါ်လိုဝါးများ နှင့် တကယ်တမ်း အစစ်အမှန် ထိတွေ့ ဆက်ဆံမှု များ မရှိသလောက်ပင် ဖြစ်သည်။
ထင်ရှား ကျော်ကြားသူများ၏ ဆိုရှယ် မီဒီယာ အကောင့် များ တွင် တင်သမျှကို ကျွမ်းကျင်သူများက တာဝန်ယူထားပြီး တင်ရမည့် ပုံများ၊ စကားလုံးများကို သေချာ ကျနစွာ စီမံရေးသားပေးကြသည်၊ ၎င်းတို့ တင်သမျှသည် ကုန်အမှတ်တံဆိပ်တစ်ခုလို့ လူသိများလာ စေရန် တည်ဆောက် ပေးဖို့ သာ ရည်ရွယ်လုပ်ဆောင်လာခြင်း ဖြစ်သည်။
Brand ခေါ် ကုန်အမှတ် တံဆိပ်သည် တိတိပပ အဓိပ္ပါယ် မျိုး ဖေါ်ဆောင်မည့် ဇာတ်လမ်းတခု သာ ဖြစ်သည်။ ထုတ်ကုန် တခု၏ ကုန်အမှတ်သည် ထို ထုတ်ကုန်၏ ဇာတ်ကြောင်းကို ပြောပြမည်သာ ဖြစ်သည်။ ထို ဇာတ် ကြောင်းထဲတွင် တော့ ထုတ်ကုန်၏ တကယ်တမ်း ရှိမည့် အရည်အသွေး အကြောင်းတော့ ပါဝင်မည် မဟုတ်၊ ဖေါက်သည်များက ယင်း ကုန်အမှတ်တံဆိပ် နှင့် ပတ်သက်ပြီး လေ့လာသိရှိလာကြမည်သာ ဖြစ်သည်။
ဥပမာ ဆိုရက ကိုကာကိုလာ ကော်ပိုရေးရှင်းကြီးသည် ဆယ်စု နှစ်ပေါင်း များစွာ ကြော်ငြာ အတွက် ဒေါ်လာ ဘီလီယံ အားဖြင့် ဆယ်ဂဏန်း ကျော် သုံးစွဲ ခဲ့ပြီး ကိုကာ ကိုလာ အကြောင်း ထပ်တလဲလဲ ပြောဆိုလာခဲ့သည်။ လူအများအပြားသည် ထိုပုံပြင်ကို အကြိမ်ကြိမ် မြင်တွေ့ကြားနာခဲ့ကြသောကြောင့် သကြားအရသာပါသော ရေတစ်မျိုးကို ပျော်ရွှင်ခြင်းနှင့် နုပျိုခြင်းတို့နှင့် ဆက်စပ်လာကြသည် (သွားပိုးစားခြင်း၊ အဝလွန်ခြင်းနှင့် ပလတ်စတစ်အမှိုက်များဟူသော ဆိုးကျိုးများကို မေ့လျောသွားသည်)။ ထိုသို့ ဆက်စပ်လာအောင် လုပ်ဆောင်ခြင်းသည် ကုန်အမှတ်တံဆိပ် (branding) ဖန်တီးခြင်းပင်ဖြစ်သည်။
စတာလင်သည် ကုန်အမှတ်တံဆိပ်ကို ထိုသို့နည်းမျိုး ဖြင့် ဖန်တီးနိုင်ပါက လူပုဂ္ဂိုလ် တဦးကိုလည်း အလားတူ ပြုလုပ်နိုင်ကြောင်း သိခဲ့သည်။ အကျင့် စာရိတ္တ ဖေါက်ပြန်သော ဘီလီယံနာ သူဌေး တဦးအား ဆင်းရဲသားများဖက်က မားမားမတ်မတ် ရပ်တည်ပေးနေသည့် သူရဲကောင်း အဖြစ်လည်း ဖန်တီးပေးနိုင်သည်။ အလွန်ညံ့ဖျင်းပြီး ဉာဏ်မရှိသူတစ်ဦးကိုပင် မမှားနိုင်သော genius တစ်ဦးအဖြစ် တံဆိပ်ကပ် ပေးနိုင်သည်။ နောက်လိုက်နောက်ပါများ နှင့် လိင်မှု ရေးရာ ဖောက်ပြန်သူ ဂုရုကြီး တဦးအားလည်း ကာမဂုဏ် ရှောင်ရှားသည့် သူတော်စင်ကြီး အဖြစ်လည်း ပုံဖေါ် ပေး၍ ရသည်။
လူများသည် ပုဂ္ဂိုလ် တဦးတယောက် နှင့် ဆက်နွယ် ပတ်သက်နေသည်ဟု ထင်မြင်ကြသော်လည်း တကယ်တမ်း တွင် ထိုပုဂ္ဂိုလ် ကို မဟုတ်ဘဲ ၎င်းအကြောင်း ပြောဆိုထားသည့် ဇတ်ကြောင်းကိုသာ ဖြစ်သည်။ မကြာခဏ ဆိုသလို လူပုဂ္ဂိုလ် နှင့် ၎င်း ၏ ဇာတ်ကြောင်းများ အကြား ကြီးမားသော ကွာဟမှု ကြီး ရှိနေတတ်သည်။
အထက် တွင် တင်ပြခဲ့ပြီး ဖြစ်သည့် ရှား အမီး ဆို သော ခိုငှက်ကလေး ၏ ဇတ်ကြောင်းသည်လည်း အမေရိကန် စစ်တပ်၏ ခိုလုပ်ငန်း ပုံရိပ်ကို လူထု အကြား မြှင့်တင်ပေးရန် ကုန်အမှတ်တံဆိပ် မျိုး ပြုလုပ်ပေးခြင်းသာ ဖြစ်သည်။
၂၀၂၁ အတွင်း သမိုင်းပညာရှင် ဖရန့် ဘလားဇစ်သည် ရှား အမီး အကြောင်း ပြန်လည် ခြေရာကောက်လေ့လာရာတွင် အဆိုပါ ခိုငှက်ကလေးသည် ပြင်သစ် နိုင်ငံ မြောက်ပိုင်း တနေရာသို့ သတင်းအချက်အလက်များ ပါသော စာလွှာကို သယ်ဆောင်လာစဉ် ဒဏ်ရာ အကြီးအကျယ် ရရှိသွားခဲ့သည်မှာ မှန်သော်လည်း ခိုကလေး၏ ဇာတ်ကြောင်းပါ အဓိက အကြောင်းခြင်းရာများသည် သံသယ ဖြစ်ဖွယ် တိကျမှု မရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
ထိုခေတ်က စစ်မှတ်တမ်းများကို အခြေပြု လေ့လာရာတွင် စစ်ဌာနချုပ်သည် ပျောက်ဆုံးသွားသော တပ်ရင်း ရှိရာ နေရာ အတိအကျကို ခိုငှက်ကလေး ရောက်မလာမီ မိနစ် နှစ်ဆယ်ခန့်တွင် သိရှိခဲ့ပြီး ဖြစ်သည်ကို ဘလားဇစ် သည် သက်သေပြ နိုင်ခဲ့သည်။ ထို့အတွက် ပျောက်ဆုံး နေသော တပ်ရင်းကို ရန်သူ အမှတ် နှင့် ချေမှုန်းခံရမည့် အရေး မှ ကာကွယ်ပေးနိုင်ခဲ့သူသည် ခိုငှက်ကလေး မဟုတ်တော့ပေ၊ ထို့ထက် ပို၍ အရေးပါလာရသည်က ဗိုလ်မှုး ဝစ်တယ်ဆီ ရေးသားထားသော သတင်းကို သယ်ဆောင်လာသည့် ခို သည် ရှား အမီး ဖြစ်သည် ဆိုသည်ကို အလွယ်တကူ သက်သေမပြနိုင်ခြင်းပင် ဖြစ်သည်။ အခြား ခို တကောင်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ရှား အမီး ဒဏ်ရာ ရသွားသည်က ဇာတ်ကြောင်းပါ တိုက်ပွဲတွင် မဟုတ်ဘဲ အခြား တိုက်ပွဲ တခု အတွင်း တွင်သာ ဖြစ်နိုင်ခြေ ရှိနေသည်။
ထိုကဲ့သို့ ရှား အမီး၏ ဇာတ်ကြောင်း တွင် သံသယ ဖြစ်စရာများ၊ အဆီအငေါ် မတည့်မှု များ ရှိနေသော်လည်း စစ်တပ် အတွက် ဝါဒ ဖြန့်စရာ အဖြစ် တန်ဘိုး ရှိလာမှု နှင့် လူထု၏ သဘောကျ နှစ်ခြိုက်ခဲ့မှု များက ဖုံးလွှမ်းသွားခဲ့သည်။
နှစ်ပေါင်း များစွာ ကြာလာသည့်တိုင်း ရှား အမီး၏ ဇာတ်ကြောင်းအား ကြိမ်ဖန် များစွာ ထပ်တလဲလဲ ပြောဆိုလာ ခဲ့ကြသည်။ ထို့အတွက် အဖြစ်မှန်များက စိတ်ကူးယဉ် ဇာတ်ကြောင်းထဲမှ ရုန်းမထွက်နိုင်အောင် ပိတ်မိနေကြသည်။ သတင်းစာ ဆရာများ၊ ကဗျာဆရာများ၊ ရုပ်ရှင်သမားများကလည်း ၎င်းတို့ စိတ်ကူးရလျင် ရသလို ထပ်မံ ဖြည့်စွက်လာခဲ့ကြပြန်သည်။
ဥပမာ ခိုငှက်သည် မျက်လုံးတလုံးနှင့် ခြေထောက် တချောင်း ဆုံးရှုံးသွားခဲ့ပြီး ၎င်းအား စစ်မှုထမ်းကောင်း ကြက်ခြေ တံဆိပ် ချီးမြှင့်ခဲ့သည်။ ၁၉၂၀ ကျော် နှင့် ၁၉၃၀ ကျော် နှစ်များ အတွင်း ရှား အမီးသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ငှက်တကောင် ဖြစ်လာခဲ့သည်။ ရှား အမီး သေဆုံးသွားသည့် အခါ ၎င်း၏ ရုပ်ကလပ် ကို သေချာကျနစွာ ထိမ်းသိမ်းပြီးစမစ်ဆိုနီယမ် အမေရိကန် အမျိုးသား သမိုင်းပြတိုက်တွင် ပြသထားခဲ့သည်။ အမေရိကန် မျိုးချစ်များ နှင့် ပထမ ကမ္ဘာစစ် စစ်ပြန်များ ၏ သွားရောက် အလေးပြုရာ နေရာ ဖြစ်လာခဲ့သည်။
၎င်း၏ ဇာတ်ကြောင်းအား ပြောပါ များလာသည် နှင့်အမျှ အဓိကနေရာတွင် ပါဝင်ခဲ့သည့် ပျောက်ဆုံးသွားသော တပ်ရင်း တွင် အသက်ရှင်ကျန်ခဲ့သူများ သည်လည်း လူသိများ ထင်ရှားလာသည့် အ ကြောင်းအရာ ဖြစ်နေ၍ အငြင်းမပွားကြတော့ပဲ လက်ခံလာကြသည်။
ထိုတပ်ရင်း တွင် ပါဝင်ခဲ့သည့် ရှားမန်း အီဂါ ဆိုသူ အရာရှိသည် စစ်ကြီးပြီးနောက် ဆယ်စုနှစ်များ အကြာတွင် ၎င်း၏ ကလေးများကို ပြသရန် စမစ်ဆိုနီယမ် ပြတိုက်သို့ ခေါ်လာခဲ့သည်။
"မင်းတို့ အားလုံး အခုလို လူဖြစ်လာတာ ဒီငှက်ကလေး ရဲ့ ကျေးဇူး ကြောင့်ပဲ" ဟု ပြောခဲ့သည်။အမှန်တရားတွေ မည်သို့ပင် ရှိနေ စေကာမူ၊ ကိုယ့်ကိုယ်ကို ပေးဆပ်ပြီး ကယ်တင်ခဲ့သည့် အတောင်ပါ သော သူရဲကောင်းအကြောင်း ဇာတ်လမ်းကတော့ မည်သူမှ မငြင်းနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းလွန်းနေခဲ့ပြီ ဖြစ်သည်။