"ကျွန်တော်ကတော့ ဒီလို အရူးတွေ တွေ့တိုင်း သူတို့ ဗီဇာတွေကို ဆွဲဆုတ်ပစ်မယ်" ဟု ကြိမ်းဝါးလိုက်သူကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို ပင် ဖြစ်သည်။ ၎င်းက တက္ကသိုလ် ကျောင်းဝင်း များ အတွင်း နိုင်ငံရေး လှုပ်ရှားတက်ကြွသူများကို နှင်ထုတ်ရန် ထရန့် အစိုးရ၏ ကြိုးပမ်းနေမှု များ အပေါ် ကိုယ်စားပြု ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
၎င်း၏ ဝန်ကြီးဌာနသည် ဗီဇာ ၃၀၀ ခန့်ကို ပယ်ဖျက်ပြီး ဖြစ်သည်ဟုလည်း ပြောလာသည်။ သို့သော်လည်း နိုင်ငံ အရှေ့ခြမ်းရှိ ထိပ်ထိပ်ကျဲ တက္ကသိုလ် ကြီးများ သာမက တော့ဘဲ ကျော်လွန်လာနေပြီ ဖြစ်၍ ယခု အခါ ထိုထက် များဖို့သာ ရှိသည်။ မူလ က ကျောင်းဝင်း အတွင်း ဆန္ဒပြသူများကို သာ ရည်ရွယ်ခဲ့ရာမှ ကျောင်းပြင်ပ အနေအထိုင် အပြုအမူ များကိုပါ ထည့်သွင်းစဉ်းစားလာပြီ ဖြစ်သည်။
ကယ်လီဖိုနီးယား ပြည်နယ်တခု ထဲတွင်ပင် ကျောင်းသား တရာကျော်ခန့် ဗီဇာရုပ်သိမ်းခံခဲ့ရသည်။ အချို့ဆိုက ကား အမြန်မောင်းသည် ဆိုသော ပြစ်မှု အသေးစား လေးနှင့်ပင် ရုပ်သိမ်းခံရသည့်အထဲ ပါသွားခဲ့ကြသည်။
ထိုသို့ နှိမ်နှင်းလာမှု များသည် ဒေါ်နယ် ထရန့်၏ ရွေးကောက်ပွဲ မဲဆွယ် ကာလ ကတိများ ဖြစ်သော လူများ အစုလိုက် အပြုံလိုက် နှင်ထုတ်ပစ်မည် ဆိုသည် နှင့် ဂါဇာ အား အစ္စရေး တို့ ကျုးကျော် တိုက်ခိုက်လာမှု ကို တက္ကသိုလ် ကျောင်းဝင်းများ အတွင်း ကန့်ကွက် ဆန္ဒပြရာတွင် ပါဝင်သည့် နိုင်ငံခြား ကျောင်းသားများကို နှင်ထုတ်မည် ဆိုသည် တို့ကို အကောင်အထည် ဖေါ်လာခြင်းလည်း ဖြစ်သည်။
ယင်းသည် တရားမဝင် ရောက်ရှိလာသူ အရည်အတွက် ကို လျော့ချရန် နှင့် ထပ်၍ ရောက်မလာရန် ဟန့်တားဖို့ မဟုတ်တော့ဘဲ အစိုးရ နှင့် သဘောကွဲလွဲသူများကို ဒဏ်ခတ်ဖို့ ရည်ရွယ်လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ ထိုသို့ နိုင်ငံမှ နှင်ထုတ်ခြင်း၊ ဗီဇာ ရုပ်သိမ်းခြင်းများ ကြောင့် တက္ကသိုလ် ကျောင်းဝင်းများ အတွင်း စိုးရိမ်ကြောင်ကြ ဖြစ်လာမှု များ နှင့် အတူ ပွက်လောရိုက်လာကြသည်။ အချို့ကလည်း အကျင့်စာရိတ္တ ကောင်းမွန်စွာ နေထိုင်ပါလျက် နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမှု ကြောင့် နိုင်ငံသား မဟုတ်သူများကို နှင်ထုတ်ခွင့် ရှိမရှိ ပေါ် မူတည်ပြီး တရားစွဲဆိုမှု များ ထွက်ပေါ်လာသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မည်သို့ မည်ပုံ ပစ်မှတ်ထား အရေးယူနေသနည်းဟု မေးခွန်းများ ထွက်ပေါ်လာသည်။ ဝန်ကြီးဌာန မှ အရာရှိများသည် AI ကို သုံးကာ ကျောင်းသားများ၏ ဆိုရှယ် မီဒီယာ အကောင့်များကို မွှေနှောက်ပြီး ၎င်းတို့သည် ပါလက်စတိုင်း လိုလားသော ကျောင်းဝင်း အတွင်း ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့သည် ဆိုသော သက်သေများ ရှာဖွေ ခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်လာသည်။
ဘီတာ ဆိုသည့် တက်ကြွလှုပ်ရှားသူ အုပ်စုတစု မှ အစိုးရကို ပါဝင်သူများ၏ အမည်များ ပေးပို့နေသည်ဟု ဆိုသည်။ လူဝင်မှု ကြီးကြပ်ရေး ဖက်မှ ထိုသို့သော သတင်းများကို လိုက်လံ စုံစမ်းခြင်း ရှိမရှိ ဆိုသည်ကို မူ အတိအကျ မသိရသေးပေ။ ထိုကဲ့သို့သော ကျောင်းသားများကို စုံစမ်းဖို့က အတော်လေး လွယ်ကူနေသည်။ ၁၉၉၀ ကျော် နှစ်များ ကတည်းက နိုင်ငံတကာ ကျောင်းသားများ အပေါ် စောင့်ကြည့် ထောက်လှန်းသည့် စနစ် ရှိနေခဲ့ပြီး 9/11 နောက်တွင် တိုးချဲ့လာခဲ့သည်။
တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့က SEVIS ဟု ခေါ်သည့် စနစ် ထဲ ဝင်ရောက်ကြည့်ရှု့သည့် အခါ အစိုးရမှ သတိပေးခြင်းမျိုး မရှိဘဲ ကျောင်းသားများ ၏ ဗီဇာ များ ဖျက်သိမ်းထားသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ ဖျက်သိမ်းခံရသူ များ အဖို့ အချိန်မရွေး နှင်ထုတ်ခံရမည့် အန္တရာယ် ရှိလာနေသည်။
အထင်ရှားဆုံး ဖြစ်ရပ်ကား ကိုလံဘီယာ တက္ကသိုလ်မှ ကျောင်းသား မာမွတ် ခါလီ ၏ အမှု ပင် ဖြစ်သည်။ မတ်လ ၈ ရက်နေ့တွင် မာမွတ် ခါလီ အား ၎င်း၏ ကိုယ်ဝန် အရင့်အမာ နှင့် ဖြစ်နေသော ဇနီး ရှေ့မှာပင် လူဝင်မှု နှင့် အကောက်ခွန် အရာရှိများက ဗီဇာ ရုပ်သိမ်းခံထားရသည် ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ သို့သော် ခါလီ တွင် ဂရင်းကပ် ခေါ် အမြဲတမ်း နေထိုင်ခွင့် ရှိထားပြီး ဆိုသည်ကို မစစ်ဆေးဘဲ လုပ်ခဲ့ကြခြင်း လည်း ဖြစ်သည်။
၎င်းအား လူဝစ်စီယားနား တွင် ထိန်းသိမ်းထားပြီး အယူခံ နှင့် ပတ်သက်၍ မူလ ဖမ်းဆီးရာ နယူးဂျာစီ ဖက်ဒရယ် တရားရုံး တွင် နှစ်ဖက် ရှေ့နေများ ငြင်းခုံ လျှောက်လှဲနေကြဆဲ ဖြစ်သည်။ ထရန့်သည် ထိုအမှု တွင် ဝင်ပါလာပြီး ခါလီသည် ဟားမားစ် လိုလားသော အစွန်းရောက် ပြည်ပ ကျောင်းသား တဦး ဖြစ်သည်ဟု ၎င်းပိုင် Truth ဆိုရှယ် မီဒီယာတွင် ရေးသားထားသည်။
ခါလီ၏ မဟာမိတ်များက သမ္မတ ကိုယ်နှိုက်က ထိုသို့ လူပုဂ္ဂိုလ် တဦးချင်းစီ အပေါ် ပစ်မှတ်ထားနေခြင်းသည် အမေရိကန် သမိုင်းကို အမှောင်ခေတ်ထဲ တွန်းပို့နေခြင်းဟု ပြောဆိုခဲ့ကြသည်။ ထိုကဲ့သို့ အဖြစ်မျိုး ကို ၁၉၅၀ ကျော်ကာလများ အတွင်း အမေရိကန် တွင် "အနီကြောက်" ရောဂါထ ပြီး နောက်ပိုင်း တခါဖူးမျှ မရှိခဲ့ဟုလည်း ခါလီ၏ ရှေ့နေတဦး က ဆိုသည်။
ထရန့် အစိုးရသည် ၁၉၅၂ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ကို လိုသလို အဓိပ္ပါယ်ဖေါ် အသုံးချလာခြင်း လည်း ဖြစ်သည်။ ထိုဥပဒေတွင် နိုင်ငံခြားရေး ဝန်ကြီးသည် လူပုဂ္ဂိုလ်တဦးကြောင့် နိုင်ငံခြားရေး မူဝါဒ အပေါ် ဆိုးဆိုးဝါးဝါး အကျိုး သက်ရောက်နိုင်သည်ဟု ယူဆက ထိုပုဂ္ဂိုလ်အား ပြည်ဝင်ခွင့် မပြုရန် ဆုံးဖြတ်နိုင်သည်ဟု ပါရှိသည်။ တရားရုံးများသည်လည်း မည်သို့သော ဆိုးကျိုး များ ဖြစ်နိုင်သနည်း ဆိုသည် နှင့် သက်သေအထောက်အထားများကို မေးမြန်းတောင်းဆိုခွင့် မရှိဟု အစိုးရက ပြောဆိုထားသည်။
အစိုးရ က ထိုပုဂ္ဂိုလ် ကြောင့် နိုင်ငံခြား ရေး မူဝါဒတွင် ဆိုးကျိုး ဖြစ်နိုင်သည်ဟု ကြိုက်သလို ကြေညာပြီး ဗီဇာ ရုပ်သိမ်းကာ နှင်ထုတ် နိုင်ခွင့် အာဏာ ရှိနေ၍ ချက်လက်မှတ် အလွတ်တစောင် ရထားသလို ဖြစ်နေသည်ဟု ပြောဆိုနေကြသည်။
သို့သော်လည်း တကယ်တမ်းတွင် ထိုဥပဒေကို အသုံးပြုခဲ့မှု လွန်စွာ ရှားပါးသည်ဟု ဆိုရမည် ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်း တွင် နိုင်ငံခြားရေး မူဝါဒ အကြောင်းပြ၍ နှင်ထုတ်ရန် ကြိုးပမ်းခဲ့မှု ၁၅ မှုသာ ရှိပြီး ထိုအထဲတွင် ၄ မှုသာ အောင်မြင်ခဲ့သည်။
ထရန့် အစိုးရ က မာမွတ် ခါလီ အမှု တွင် ၁၉၅၂ ဥပဒေ ဖြင့် မအောင်မြင်က ဂရင်းကတ် လျှောက်ခဲ့စဉ်က သတင်းအချက်အလက်များ ထိန်ချန်ခဲ့မှု ဆိုကာ ငြင်းခုံလာကြမည်သာ ဖြစ်သည်။
လွတ်လပ်စွာ ပြောဆိုခွင့် နှင့် ပတ်သက်၍ အမေရိကန် ဖွဲ့စည်းပုံ ပထမ ပြင်ဆင်ချက်တွင် နိုင်ငံသား၊ နိုင်ငံသား မဟုတ်သူ ဟူ၍ ခွဲခြားထားခြင်း မရှိပဲ တပြေး ညီ အကျုံး ဝင် နေသည်။
မာမွတ် ခါလီ ၏ အမှု ဆိုင်နေစဉ် အတွင်း မာကို ရူဘီယိုသည် ကျောင်းသားများ၏ ဗီဇာများကို ဆက်၍ ဖျက်သိမ်းနေမည်သာ ဖြစ်သည်။ ထို့အတွက် ကျောင်းသားများ အနေဖြင့် အမေရိကန် တွင် လာရောက် ပညာ သင်ကြားဖို့ စိတ် ဖိစီးမှု များ ရှိလာနေ၍ တန်၏ မတန်၏ ဆုံးဖြတ်ကြရတော့မည် ဖြစ်သည်။
(၂၀၂၅ ဧပြီ ၁၀ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "Donald Trump wants to deport foreign students merely for what they say"ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)