ပြည်ထဲ ရေး ဝန်ကြီး ဖြစ်သူ ဖရဇ်၏ တာဝန်များ ထဲတွင် အတိုက်အခံ သတင်းစာ နှင့် စာနယ်ဇင်းများကို နှိပ်ကွပ်ရေး နှင့် ပြည်နယ်များ၏ အာဏာကို ဘာလင် မှ စုစည်း အုပ်ချုပ်နိုင်ရေး တို့ လည်း ပါဝင်သည်။
ဖရဇ်သည်လည်း ပြည်နယ်များ မှ ၎င်းတို့ ၏ အခွင့်အရေး များ အသုံးမချ နိုင်အောင် ကပျက်ယပျက် လုပ်လာသည့် အပြင် ကွန်မြူနစ် ပါတီ ၏ နေ့စဉ် သတင်းစာ ဖြစ်သော "အလံနီ" သတင်းစာ၊ ဆိုရှယ် ဒီမိုကရက် တို့ ၏ "ရှေ့သို့" သတင်းစာများကို ပိတ်ပင် ပစ်ခဲ့သည်။
ဟစ်တလာသည် ဂိုရင်းအား ပရပ်ရှား ပြည်နယ်၏ ယာယီ ပြည်ထဲရေး ဝန်ကြီး အဖြစ် ခန့်အပ်လိုက်သည်။ ပရပ်ရှား ပြည်နယ် သည် ဂျာမဏီ တနိုင်ငံလုံး ၏ သုံး ပုံ နှစ်ပုံ ခန့် ရှိနေ၍ လွန်စွာ အရေးပါသော ပြည်နယ်လည်း ဖြစ်သည်။ ပရပ်ရှားရှိ ပြည်နယ်ရဲ အဖွဲ့သည် စစ်တပ်ပြီးလျင် ဒုတိယ အကြီးမားဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ဆိုရှယ် ဒီမိုကရက် ဖက် ယိမ်းသည့် သဘောထား ရှိသည်။ ဂိုရင်းသည် တာဝန်ကျေပြွန်စွာဖြင့် ပရပ်ရှား ရဲ အဖွဲ့မှ အရာရှိကြီးများကို အကြောင်းအမျိုးမျိုး ပြကာ ထုတ်ပယ်ပစ်ခဲ့ပြီး နာဇီ ပါတီကို ထောက်ခံသူများ နှင့် အစားထိုးလာခဲ့သည်။
ရူးဒေါ့ဖ် ဒီယယ်သည် ပရပ်ရှား ပြည်နယ် ရဲ အဖွဲ့၏ အကြီးအကဲ လည်း ဖြစ်သည်။ ဖေဖေါ်ဝါရီ လ ၏ အစောပိုင်း တရက်တွင် အမှတ် ၇၆ အူးတာ ဒင် လင်ဒန် လမ်း ရှိ ၎င်း၏ ရုံးခန်း တွင် ထိုင်နေသည်။ ဂိုရင်းသည် ရုံးခန်း တံခါးကို ခေါက်ပြီး ဝင်လာရင်းက ဆိုင်းမဆင့် ဗုံမဆင့် "ကျုပ် အနေနဲ့ ဒီရုံးထဲမှာ လာထိုင်နေတဲ့ ကလိန်ကကျစ် ကောင်တွေ နဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူး" ဟု ပြောရင်း ပရပ်ရှား ရဲအဖွဲ့ကို သန့်စင်ရန် အချိန်ကျပြီဟု ဆိုသည်။
နောက်ပိုင်း တွင် "ပစ်ခွင့် အမိန့်" ထုတ်ပြန်လာခဲ့သည်။ ထိုအမိန့်အရ ပရပ်ရှား ရဲအဖွဲ့သည် ရာဇဝတ်သား များကို တွေ့သည့် နေရာတွင် ပစ်ခတ်ခွင့် ရလာခဲ့သည်၊ ထိုအမိန့်အရ အရေးယူခြင်း ခံရမည် မဟုတ် ဆိုသည်ကိုလည်း သိလာကြသည်။
ဂိုရင်းက "ရဲအဖွဲ့ အနေနဲ့ အရေးယူ ခံရမှာကို စိုးရိမ် ကြောင့်ကြနေရမယ် ဆိုရင် ကျွန်တော် အဖို့ အနီ ကောင်တွေ နောက် လိုက်ဖို့ သူတို့ကို အားကိုးလို့ ရမှာ မဟုတ်တော့ဘူး" ရှင်းပြလာသည်။ ထိုသို့ ပစ်ခတ် ဖို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ အားပေးလာသည်၊ "မောင်ရင် တို့ ပစ်တယ်လို့ သဘောမထားနဲ့ ကျုပ် ပစ်နေတာလို့သာ မှတ်" ဟု ဆိုသည်။ "လမ်းပေါ်မှာ တယောက်ယောက် သေနေတာ တွေ့ရင် ဘယ်သူ ပစ်တယ်ဆိုတာ မေးမနေနဲ့၊ ဂိုရင်း ပစ်သွားတယ်လို့သာ ယူဆလိုက်" ဟု ပင် ပြောလာခဲ့သည်။
ဂိုရင်းသည် နာဇီ မုန်တိုင်း တပ်ဖွဲ့ဝင်များကို "ရဲအဖွဲ့၏ လက်ထောက်များ" ဟု သတ်မှတ်ပေးလာခဲ့သည်။ ထို့အတွက် ပရပ်ရှား ရဲအဖွဲ့သည် ဂိုရင်း၏ ရှပ်ညိုဝတ် လူဆိုး လူမိုက်များကို လက်နက်များ ထုတ်ပေးဖို့ တာဝန် ရှိလာသည်။ လမ်းပေါ် ရိုက်ပွဲ များကိုလည်း ရဲအဖွဲ့အနေဖြင့် ၎င်းတို့ဖက်က ဝင်ကူ ပေးရတော့ မည် ဖြစ်သည်။
၎င်းတို့ ၏ အကျိုးရှိရာ ရှိကြောင်း အတွက် ဥပဒေ ကို လိုသလို ကြိုးကိုင်ချယ်လှယ်လာခြင်းဖြင့် ရှပ်ညို တပ်သားများ၏ အလွန်အကျွံ လုပ်ရပ်များကို ဥပဒေ ကြောင်း ဖြင့် တရားဝင် ဖြစ်အောင် လုပ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ဤနည်းဖြင့် ဟစ်တလာသည် ၎င်း၏ နည်းဗျူဟာများ အပေါ် ကောင်းစွာ စမ်းသပ် အသုံးချခွင့် ရရှိသွားခဲ့သည်။
ဟစ်တလာသည် အတိုက်အခံ များကို ချေမှုန်းပြီးအာဏာကို ထိန်းချုပ် နိုင်ရန် ကသောကမျော လုံးပမ်း နေရချိန်တွင် ၎င်း၏ အစိုးရ အဖွဲ့သည် ပြိုကွဲလုနီးနီး အခြေဆိုက်နေပြီဟု ကောလဟသများ ထွက်ပေါ်လာသည်။ ထိုအထဲတွင် မကြာမီကမှ အဓိပတိ ရာထူး မှ ဖယ်ရှားခံခဲ့ရသော ရှလိုက်ချာသည် စစ်အာဏာသိမ်းရန် စီစဉ်နေသည် ဆိုသော ကောလဟသ သည် ယုံကြည်လောက်စရာ အဖြစ် ယူဆခံခဲ့ရသည်။
နောက်ထပ် ကောလဟသ တခုသည်ကား ဟစ်တလာသည် ပေပင် ၏ ရုပ်သေးရုပ်သာ ဖြစ်ပြီး နကိုယ်ကမှ ဩစတီယားမှ တောသား တဦးလည်း ဖြစ်သည့် အတွက် ၎င်းသည် ဂျာမန် သူကောင်းမျိုး နွယ်တို့၏ အလုပ်အကျွေး ဖြစ်မှန်းမသိ ဖြစ်နေပြီ ဆိုခြင်းပင်။ ထို့အပြင် ဟစ်တလာသည် ဟူဂင်ဘတ်ခ် ၏ အလုပ်အကျွေးပြု ရှပ်ညို တဦးသာ ဖြစ်ပြီး ဂျာမန် စက်မှု လုပ်ငန်းရှင်များ မှ ၎င်းတို့ အမြတ်အစွန်း များများရရန် အလုပ်သမား တို့၏ ရပိုင်ခွင့် များကို ဖယ်ရှား ကန့်သတ်ပေးနိုင်မည့် ဟစ်တလာ နှင့် ပူးပေါင်း ကြံစည် နေကြခြင်းဟု လည်း စွပ်စွဲ ခဲ့ကြသည်။
နောက်ထပ် ထွက်ပေါ်လာသည့် စွပ်စွဲချက်သည်ကား ဟူဂင်ဘတ်ခ် သည် ဘုရင် စနစ် လိုလားသူ ဖြစ်၍ ကိုင်ဇာ ဘုရင်အား နန်းပြန်တင်ရန် ကြိုးပမ်းနေချိန်တွင် ဟစ်တလား အား အဆင်သင့် နေရာဦးခိုင်းထားခြင်းသာ ဖြစ်သည် ဆိုခြင်းပင်။
ထိုသို့ သော ကောလဟသ များ၊ စွပ်စွဲ ချက်များသည် မှန်ကန်မှု မရှိလှသော်လည်း ဟစ်တလာ အဖို့က စိတ်ပျက်လက်ပျက် ဖြစ်လာနေသော ဂျာမန် မဲဆန္ဒရှင်များအား မဲဆွယ်ကာလ အတွင်း ပေးခဲ့သည့် ကတိများကို မတ်လ ရိုက်ခ်ျစတက် ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည် ဖေါ်ပေးရန် အတွက် အခက်အခဲများ နှင့် ကြုံလာရသည်။
အလံနီ သတင်းစာ မှ အလုပ်သမား များကို ဟစ်တလာ ပေးထားသော ကတိများကို စာရင်းပြုစုပြီး ပုံနှိပ် ဖေါ်ပြလာခဲ့သည်။ လက်ယာ လက်ဝဲ မယိမ်းပဲ အလည်တွင် နေသည့် ပါတီကလည်း ဟစ်တလာ အား လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ကို ထောက်ခံရန်၊ ငွေကြေး ဖေါင်းပွမှု များကို တိုက်ဖျက်ပေးရန်၊ ဘဏ္ဍာရေး-နိုင်ငံရေး ဖက်တွင် လက်တည့် မစမ်းဘဲ ဝိုင်မာ ဖွဲ့စည်းပုံကို လိုက်နာရန် တို့ကို တောင်းဆိုလာခဲ့သည်။
တချိန်တည်းမှာပင် ဟစ်တလာမှ ပြဿနာများ ဖြေရှင်း နိုင်ဖို့ ၎င်းလက်ထဲ အာဏာကုန် အပ်ရန် နှင့် ညွှန်ပေါင်း အစိုးရထဲ ပါရန် ငြင်းဆိုခဲ့မှု အား ထောက်ခံခဲ့ကြသည့် လက်ယာသမား လူငယ်များက စိတ်ပျက်လာကြပြီး တတိယ နိုင်ငံတော် မဆိုထားဘိ ဒုတိယ နှင့် တပိုင်းပင် ဖြစ်မလာသေးဟု ဟစ်တလာ၏ အနေအထားကို တိုတို ရှင်းရှင်း ပင် ထုတ်ဖေါ် ပြောဆိုလာကြသည်။
ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် အလယ်-လက်ဝဲ သဘောထားရှိ Vossische Zeitung သတင်းစာမှ ဟစ်တလာ၏ ရွေးကောက်ပွဲ မဲဆွယ် ကတိများ နှင်ု နိုင်ငံရေး လေလုံး ထွားနေမှု သည် သာမန် ဂျာမန် နိုင်ငံသား တဦးအတွက် ဘာမျှ အပြောင်းအလဲ ဖြစ်မလာခဲ့ ဟု ရေးသားလာသည်။ ပြောင်းလဲလာသည် ဆိုလျင်ပင် အဆိုးဆုံးဖက် ဦးတည်သွားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ဟစ်တလာ၏ ပြည်ပမှ တင်သွင်းလာသော သီးနှံများ အပေါ် အခွန် နှစ်ဆတိုး စည်းကြပ်မည်ဟု ကတိပေးလာခြင်း ချုပ်ဆိုထားသော ကန်ထရိုက် စာချုပ်များ၊ လုပ်ငန်း သဘောအရ ရှုပ်ထွေး နက်နဲမှု များ ကြားတွင် သပွတ်အူ လိုက်လာနေသည်။
ဟူဂင်ဘတ်ခ်က "ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆိုးဝါးလာနေသော စီးပွားရေး အခြေအနေများသည် နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်သွားနိုင်ရေး ကိုပင် ခြိမ်းခြောက်လာနေပြီ" ဟု ကက်ဘိနက် အစည်း အဝေး တွင် ဟစ်တလာအား အသိပေးလာသည်။
Vossische Zeitung က ဆောင်းပါး အဆုံးတွင် "အစိုးရ သစ် ဆက်လက် ရပ်တည်သွားနိုင်ရေးသည် စကားလုံး များ ပေါ် မူမတည်ဘဲ စီးပွားရေး အခြေအနေများ အပေါ် မူတည်နေသည်" ဟု ရေးသားခဲ့သည်။
ဟစ်တလာသည် ရိုက်ခ်ျ နိုင်ငံတော်ကြီး နှစ်ပေါင်း တထောင် ကျော် တည်တံ့စေရမည်ဟု ကြုံးဝါးနေသော်လည်း ၎င်း၏ အစိုးရသစ်သည် နောက်ထပ် တလ ခံပါဦးမည်လော ဆိုသည်ပင် မရေမရာ ဖြစ်နေရသည်။
ဟစ်တလာ အား အဓိပတိ အဖြစ် မခန့်အပ်မီ ရှစ်လဆိုသော အချိန် အတော အတွင်း ဟစ်ဒင်းဘတ်ခ် သည် ဟင်းနရစ်ခ်ျ ဘရူနင်၊ ပေပင် နှင့် ရှလိုက်ချာ တို့အား ဖွဲ့စည်းပုံ ပါ ပုဒ်မ ၅၃ ကို အသုံးချ၍ အဓိပတိရာထူး မှ ဆက်တိုက်ဆိုသလို ထုတ်ပယ်ပစ်ခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ဟစ်တလာ အား စက်ဆုပ် ရွံရှာနေသည်မှာ လူတိုင်းသိသည့် အကြောင်းခြင်းရာ မျိုး ဖြစ်လာသည်။
ပြီးခဲ့သည့် နှစ် ဩဂုတ်လ အတွင်းက "ဘုရားသခင်၊ ကျွနုပ်၏ အသိဉာဏ် နှင့် နိုင်ငံ အကျိုး ကို ထောက်ထား၍ ဟစ်တလာ အား မည်သည့် အခါမျိုး တွင်မှ အဓိပတိ အဖြစ် ခန့်အပ်လိမ့်မည် မဟုတ်" ဟု လူသိရှင်ကြား ကြေညာ ခဲ့ပြီး ဖြစ်သည်။
အပြင်တွင်လည်း ဟစ်တလာ အား ရာထူး တခုခု ခန့်အပ်ရမည် ဆိုလျင် စာတိုက်ဝန်ချုပ် ရာထူး မျိုးသာ ဖြစ်လိမ့်မည်၊ ပြီးရင် ကျုပ်ရဲ့ တံဆိပ်ခေါင်းတွေကို နောက်ကနေ လျှာ နဲ့ ယက်ခိုင်းရမယ်" ဟုလည်း ခပ်ရိုင်းရိုင်း အရွှန်းဖောက်ခဲ့သည်။
သို့သော် ဇန်နဝါရီလ တွင်တော့ ဟစ်တလာအား မတတ်နိုင်သည့် အဆုံး အဓိပတိ အဖြစ် ခန့်အပ်လိုက်ရတော့သည်။ ၎င်းအား ဟစ်တလာ နှင့် အခန်းထဲတွင် မည်သည့်အခါမျှ နှစ်ယောက်တည်း မထားခဲ့ရ ဟူသော စည်းကမ်းချက်မျိုး နှင့် ဖြစ်သည်။
ဖေဖေါ်ဝါရီ လကုန်ပိုင်း အရောက်တွင် အသက်အရွယ် အိုမင်း လာနေပြီ ဖြစ်သော ဖီးလ်မာရှယ် ဖြစ်ခဲ့သူ သမ္မတ ဟစ်ဒင်းဘတ်ခ် သည် ဘိုဟီးမီးယား မှ တပ်ကြပ် တဦး အား မည်မျှအထိ သည်းခံနိုင်မည်နည်းဟု အားလုံး၏ စိတ်ထဲတွင် တွေးလာကြပြီဟု "ရှေ့သို့စာစောင်" မှ ရေးသားလာခဲ့သည်။