"ခေါင်းဆောင် နှစ်ဦး စလုံး အား" ဟု ဆိုနေပါလား

by Hla Soewai - Apr 21 2025

စစ်ကောင်စီ သည် ၎င်းတို့ ခေါင်းဆောင်ကြီးအား နောက်ဆုံးတွင် အသိအမှတ်ပြု ဆက်ဆံ နေရာပေးလာရပြီ ဖြစ်သည်၊ အာဆီယံ ဥက္ကဌ နှင့် တွေ့ဆုံရ၍ ကံဇာတာ တက်လာ‌ လေဟန် ပြည်တွင်း တွင် အကြီးအကျယ် ဝါဒ ဖြန့်ရန် ကြံရွယ်ထားသော်လည်း မှော်ဆရာ ကြီး အန်နဝါက အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်ပါ မင်းအောင်လှိုင် လေယာဉ် ပေါ် မတက်မီမှာပင် ‌ဆွေးနွေးခဲ့၍ သဲထဲ ရေသွန် ဖြစ်ခဲ့ရသည်။

 

အာဆီယံသည် NUG နှင့် ယခင်က အကြိမ်ကြိမ် ထိတွေ့ ဆက်ဆံခဲ့ပြီး ဖြစ်သော်လည်း အန်နဝါသည် မင်းအောင်လှိုင်ကဲ့သို့ ပင် ယခုအခါ တန်းတူ ဆက်ဆံခဲ့သည် ဆိုသည်ကို ပထမ ဆုံး အကြိမ် လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

အလားတူပင် အာဆီယံ ဥက္ကဌ တဦး အနေဖြင့် မင်းအောင်လှိုင် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်ဟု အန်နဝါသည် အသိပေးထားခဲ့ပြီး ဖြစ်သည်။

 

မလေးရှား ဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲ တွင် "ခေါင်းဆောင် နှစ်ဦးစလုံး" ဆိုသော စကားကို ကြိမ်ဖန်များစွာ သုံးစွဲ ပြောဆိုသွားခဲ့၍ တကယ်တမ်း စန်းထ လာသည်က NUG သာ ဖြစ်ပြီး ချောက်ကျ ကိနိး ကြုံခဲ့ရသည်က မင်းအောင်လှိုင်ပင် ဖြစ်ပေတော့သည်။

 

မင်းအောင်လှိုင် နှင့် ဆွေးနွေးရာတွင် "ပွင့်လင်းပြီး၊ အပြုသဘောဆောင်ကြောင်း" ဖေါ်ပြခဲ့ပြီး မြေငလျင်ဒဏ် သင့် မြန်မာ ပြည်သူများ အတွက် အရေးပေါ် အကူအညီများ နှင့် စစ်မြေပြင် ‌သုံး ဆေးရုံ တခု အလျင်အမြန် နေရာချထားပေးရေး အပါအဝင် နိုင်ငံ တွင်း အခြေအနေများ အမြန်ဆုံး ပြန်လည် ရောက်ရှိရေး တို့ ‌ပြောဆိုခဲ့သည်ဟု ပါရှိသည်။

 

စစ်ကောင်စီ နှင့် NUG နှစ်ဖွဲ့စလုံးမှ ခေါင်းဆောင်များက အပစ်အခတ် ရပ်စဲထားမှု ကို သက်တမ်းတိုးရန် သဘောတူခဲ့ကြပြီး အထူးသဖြင့် မင်းအောင်လှိုင်ထံမှ အခိုင်အမာ ကတိကဝတ် ကို ရရှိခဲ့၍ ကျေးဇူး တင်သည်ဟု လည်း ဆိုသည်။

 

မင်းအောင်လှိုင်အား လည်း ၎င်း အခိုင်အမာ ပေးခဲ့သည့် အပစ်ရပ်ရေး ဆိုသည့် ကတိအား စောင့်ထိန်းပါရန် တိုက်တွန်းကြောင်း ‌‌ဆွေးနွေးပွဲ အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မမေ့မလျော့ ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။ 

 

လက်ရှိ မင်းအောင်လှိုင် နှင့် ‌တွေ့ဆုံခဲ့မှုသည် အာဆီယံ ၏ အချက် ငါးချက် မှ သွေဖည်သွားခြင်း မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားရမည့် အကြောင်း ဖြစ်လာ၍သာ ‌ဆွေး‌နွေး ခဲ့ရခြင်း ဖြစ်သည်ဟု အရမ်း မျှော်လင့်ချက် ထားမလာနဲ့ သဘောမျိုး သတိပေးထားပြီး ဖြစ်သည်။ 

 

အန်နဝါ၏ အာဆီယံ ရေးရာ အကြံပေး သာစင် ပါ တက်ရောက်ခဲ့သော်လည်း ရွေးကောက်ပွဲ အကြောင်း တလုံး တပါဒမျှ ထည့်သွင်း ဆွေးနွေးသည်ဟု သတင်းထုတ်ပြန်လာခြင်း မရှိသည်ကို ထောက်က ၎င်း၏ ရွေးကောက်ပွဲ ကို အာဆီယံမှ ထောက်ခံမည် မဟုတ်ဆိုသည်က ထင်ရှား ပေါ်လွင်လာခဲ့သည်။

 

မင်းအောင်လှိုင် အတွက် ထွက်ရပ်လမ်း ကို နောက်ကွယ်မှ အကြံပေးနေသော သာစင် ကိုယ် တိုင်ကပင် ရွေးကောက်ပွဲ သည် ၎င်းအတွက် မည်သို့မျှ အကျိုး ရှိလာမည် မဟုတ်ပဲ ပြည်တွင်းရှိ အာဏာငန်းဖမ်းနေ‌သော နိုင်ငံရေး သမားများ အတွက် ဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေပုံရသည် ဟု ယူဆ၍ ရနေသည်။

 

မင်းအောင်လှိုင်မှ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး အပါအဝင် ရာဇဝတ် အကျဉ်းသား ၄,၉၀၀ နီးပါး လည်း နှစ်သစ်ကူး ဟု ဆိုကာ ပြန်လွှတ်ပေးခဲ့သည်။

 

မြန်မာ ပြည်သူ အများစု၏ ထောက်ခံမှု ရနေသော အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ နှင့် အွန်လိုင်း မှ တွေ့ဆုံခဲ့ခြင်းကပင် ၎င်း ကဲ့သို့ အာဏာရှင် မဟုတ်စုပေါင်း ခေါင်း‌ဆောင်မှု ရှိနေသည်ကို အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

 

ထို‌ ဆွေးနွေးပွဲ တွင် NUG နှင့် အာဆီယံ အဖွဲ့အကြား ဆက်ဆံရေး ကို အသေးစိတ် ‌ဆွေးနွေးခဲ့ကြပြီး ငလျင်ဘေးသင့် မြန်မာ ပြည်သူများထံ အကူအညီ များ အမြန် ရောက်ရှိ နိုင်ရေး တို့ လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု NUG ၏ သတင်းထုတ်ပြန်ချက် တွင် ပါရှိလာသည်။

 

ယခုတွေ့ဆုံမှုအား မူလက လူချင်းတွေ့ဆုံရန်အတွက် လုံခြုံရေးအာမခံချက်ရှိပါက သဘောတူကြောင်း NUG ဘက်မှ အကြောင်းပြန်ခဲ့သော်လည်း အချိန်နှင့် သွားလာရေးအခက်အခဲအချို့ကြောင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အွန်လိုင်းမှ တဆင့်သာ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ဆွေး‌ နွေး ပွဲ တွင် ပါဝင်ခဲ့သည့် ဒေါ်ဇင်မာအောင်က ရှင်းပြသည်ဟု လည်း ဧရာဝတီ သတင်းက ဆိုသည်။

 

သို့သော် စိုးရိမ်စရာ ဖြစ်လာရသည်က အင်မတန် မှ အညိုးကြီးသော မင်းအောင်လှိုင်သည် အန်နဝါ၏ လုပ်ရပ်သည် ၎င်းအား အရှက်ခွဲလိုက်သလို ဖြစ်ရသည် ဆိုကာ အာဆီယံ၏ အကူအညီပေးလာမည့် အစီအစဉ် များကို အကြောင်းအမျိုးမျိုး ပြ၍ ကပျက်ယပျက် လုပ်လာမည့် အရေးပင် ဖြစ်သည်။

 

ကျွန်တော် ရေး၍ မပြီးခင်မှာပင် မလေးရှား မှ စေလွတ်မည့် ဆေးတပ်ဖွဲ့ဝင်များ နှင် စစ်မြေပြင် သုံး ဆေးရုံ ကို ထားရမည့် နေရာ မရွေးရသေးဟု ဆိုကာ ရွှေ့ဆိုင်းထားရန် အကြောင်းကြားလာသည်ဟု မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ထုတ် ဖေါ်ပြောဆိုလိုက်သည့် သတင်း ထွက်ပေါ်လာပြီ ဖြစ်သည်။

 

ကံ ကံ ၏ အကျိုး ကို ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်များက မူ လူများ၏ အိုးအိမ်စည်းစိမ် ကို ဗုံးကြဲ ဖျက်ဆီးခဲ့၍ ၎င်းတို့ ရပ်တည်ရာ နေပြည်တော် အားလည်း ပျက်စီးသွားအောင် သဘာဝ ကြီးက ဒဏ်ခတ် ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြမည်သာ ဖြစ်သည်။

 

ယခုထိလည်း ၆.၆ ပြင်းအားရှိ ငလျင်ကြီး အပါအဝင် နောက်ဆက်တွဲ ငလျင် အသေးစား ၁၀၉ ကြိမ် လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန က သတင်း ထုတ်ပြန်ထားသည်။

 

အာဆီယံ သည် ၎င်းတို့၏ အချက် ငါးချက် ပြိုလဲ လာမှု ကြောင့် မြန်မာ အရေးသည် ပြည်တွင်းရေး သက်သက် မဟုတ်တော့ဘဲ ဒေသတွင်း တည်ငြိမ်ရေး နှင့် လုံခြုံရေး၊ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာပြီ ဟု ယူဆလာကြ၍ ၎င်းတိူ့၏ ပြည်တွင်းရေး မစွက်ဖက်ရန် မူ ကို စွန့်လွှတ်လိုက်ပုံရသည်။ 

 

ထို့အတွက် အန်နဝါ၏ လှုပ်ရှားမှု သည် လွန်စွာ အကျိုး သက်ရောက်မှု ရှိလာလိမ့်မည်ဟု ‌လေ့လာသူ များက ယုံကြည်နေကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!