ကမ္ဘာ အုပ်ချုပ်ရေး
တကမ္ဘာလုံး နှင့် သက်ဆိုင်သော အုပ်ချုပ်ရေး သည် အင်အားကြီး နိုင်ငံများက လက်ရှိ နိုင်ငံရေး နှင့် စီးပွားရေး အစီအမံများ၊ နိုင်ငံတကာ ဆက်ဆံ ရေး နှင့် ပတ်သက်၍ ပြဋ္ဌာန်းထား သော စည်းမျဉ်းများ၊ယင်းတို့ကို သတ်မှတ်ထားမှု၊ ပြင်ဆင်မှု၊ လိုက်နာ အောင် ဆောင်ရွက် နေမှု များကို မည်မျှ အတိုင်းအတာ အထိ လက်ခံထားကြသည် အပေါ် ထင်ဟပ်နေသည်။
ထို့ပြင် အင်အားကြီး နိုင်ငံများ အနေဖြင့် ထပ်မံ ပေါ် ထွက်လာသော စိန်ခေါ်မှု များ အထူးသဖြင့် ဂလိုဘယ်လိုက် ဇေးရှင်း နှင့် ပတ်သက်၍ ဖြေရှင်းရန် အသစ် ထွက်ပေါ်လာသော စည်းမျဉ်းများ၊ အစီအမံများကို မည်မျှ အတိုင်းအတာ အထိ လက်ခံရန် ပြင်ဆင်ထားသည် အပေါ်လည်း ထင်ဟပ်နေပြန်သည်။
ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်နယ်ပယ်တွင် အုပ်ချုပ်ရေးသည် နယ်ပယ်တိုင်း၌ အားနည်းချက်များ ရှိခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဆိုက်ဘာနယ်ပယ်ကဲ့သို့သော အရေးကြီးသော ကဏ္ဍအချို့တွင် နိုင်ငံတကာစိန်ခေါ်မှုနှင့် ရှိသင့်သော စုပေါင်းတုံ့ပြန်မှုကြား ကွာဟချက်သည် ပိုမိုကျယ်ပြန့်လာနေသည်။
ကမ္ဘာ အုပ်ချုပ်ရေး စနစ် ပြန့်ပွားရန် ပြုလုပ်နိုင်သည့် အင်စတီကျုးရှင်း ပေါင်းများစွာ နှင့် လုပ်ငန်း ဘောင်များက ရှိထားပြီး ဖြစ်သည်။ ထိုအထဲတွင် အထင်ရှားဆုံးက ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးပင် ဖြစ်သည်။ ကမ္ဘာစနစ် တရပ် ထွန်းကားရေး အား ရှေ့ဆောင်ရှေ့ရွက် ပြုရန်၊ နိုင်ငံတကာ အငြင်းပွားမှု များ မဖြစ်အောင် ကာကွယ်ရန် မကာကွယ် နိုင်ပါက လည်း ဖြေရှင်းပေးရန် တို့ အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် အဆုံးမသတ်မီ ကတည်းက ပုံစံ ထုတ် ထားခဲ့ခြင်းလည်း ဖြစ်ပြီး စစ်ကြီး အပြီးတွင် ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာနိုင်ငံများအား ၎င်းတို့ အကြား မလွှဲမရှောင်သာ ဖြစ်ပေါ်လာသော သဘော ကွဲလွဲမှု များနှင့် အငြင်းပွားမှု များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ နှင့် စစ်ရေး နည်းလမ်းကို ကုလသမဂ္ဂ က တိတိကျကျ မထောက်ခံသရွှေ အသုံးမပြုရေးကိုသ တွန်းအား ပေး နိုင်ရန် အတွက်လည်း ဖြစ်သည်။
အခါအားလျှော်စွာ နိုင်ငံများ အခြေအတင် ဆွေးနွေးနိုင်မည့် ဖိုရမ် ကြီး အဖြစ်လည်း အသုံးတည့်လာခဲ့သည်။ "စစ်မက်ဖြစ်ပွားခြင်းထက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းက ပိုကောင်းသည်။" ဟု ဝင်စတန် ချာချီက တခါက ပြောခဲ့ဖူးသည်။
ထိုထက် ပို၍ ကျယ်ပြန့်သည့် ရည်ရွယ်ချက်သည်ကား နောက်ထပ် ကမ္ဘာစစ်ကြီး တခု မဖြစ်ပွားရေး ပင် ဖြစ်သည်။ ပထမ ကမ္ဘာစစ်ကြီး အတွင်း အလားတူ ဖွဲ့စည်းလာခဲ့သည့် နိုင်ငံပေါင်းချုပ် အသင်းကြီးသည် ထိုသို့ ကာကွယ်ရန် ပျက်ကွက်ခဲ့သည်။
ကုလသမဂ္ဂသည် တည်ငြိမ်မှု ကို ပြန်လည် တည်ဆောက်ရန် လိုအပ်ပါက စစ်အင်အား အသုံးပြုရန် ခွင့်ပြုနိုင်သည့် အခွင့် အာဏာ ရှိသည်။ ထိုသို့ စစ်အင်အား သုံးခြင်းကို တရားဝင်စေရန်လည်း ပြုလုပ်ပေးနိုင်သည်။
တကယ်တမ်းတွင် နိုင်ငံတကာ စနစ်ကြီး အတွင်း ကုလသမဂ္ဂ ပါဝင်နိုင်သည့် အတိုင်းအတာ သည့် အကန့်အသတ်နှင့်သာ ရှိနေသည်။ အဖွဲ့အစည်း တခုတွင် အဓိက ကျသည့် အဖွဲ့ဝင်များက အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူနိုင်သည့် အတိုင်းအတာ ကို ကျော်လွန်၍ ဩဇာအာဏာ နှင့် လုပ်ပိုင်ခွင့် မရှိ ဖြစ် နေသည်။
ကုလ သမဂ္ဂ သည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ လုပ်ပိုင်ခွင့် အများစုသည် လုံခြုံရေး ကောင်စီတွင် လက်ဝယ်တွင် ရှိနေသည်။ အဖွဲ့ဝင် ဆယ့်ငါး နိုင်ငံ ပါဝင်ပြီး ဆယ်နိုင်ငံအား အလှည့်ကျ စနစ်ဖြင့် နှစ်နှစ် တခါ ရွေးချယ်ပေးရပြီး ကျန် ငါးနိုင်ငံ ဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ် နှင့် အင်္ဂလန်သည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံကြီး များသည် ဗီတို အာဏာ ခေါ်သည့် ကုလသမဂ္ဂ၏ ဆောင်ရွက်ရန် ရှိသည်များကို ကန့်ကွက်ခြင်း ဖြင့် ဟန့်တား ထားနိုင်သလို လုပ်စေချင်သည်များကိုလည်း ထောက်ခံပေးနိုင်စွမ်း ရှိသည်။
ထို ငါးနိုင်ငံသည် ၁၉၉၀ တွင် အီရတ်မှ ကူဝိတ်အား ကျုးကျော် သိမ်းပိုက်လာမှု ကို ဆန့်ကျင်ရန် သဘောတူလာကြသည့် အတွက် ကုလ လုံခြုံရေး ကောင်စီသည် ဆောင်ရွက်ရန် ရှိသည်များကို တရားဝင်မှု ရှိလာအောင် ပြုလုပ်ပေးနိုင်သည့် အတွက် နိုင်ငံတကာ၏ ထောက်ခံမှု ရရှိအောင် အလွယ်တကူ စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။
ဤသည်ကလည်း တခါတရံ တွင် သာ ဖြစ်လေ့ဖြစ်ထ ရှိသည် မျိုးပင်၊ အားလုံး၏ သဘောတူညီချက်မျိုး ရရှိ ဖို့က ဖြစ်နိုင်ခဲသည်။ ထိုအခါ မျိုး တွင် ကုလ သမဂ္ဂ အနေဖြင့် စုပေါင်း ဆောင်ရွက်၍ မရပဲ ဘေးထွက်နေရတတ်သည်။ ထို့ အတွက်လည်း နိုင်ငံများ အနေဖြင့် ၎င်းတို့၏ အရေးပါသော အမျိုးသား အကျိုး စီးပွား နှင့် လုံခြုံရေး ရာ ပြဿနာ တိုင်းကို ကုလသမဂ္င သို့ ဖြေရှင်းပေးရန် တင်ပြလိုစိတ် မရှိကြတော့သည် မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
ကုလသမဂ္ဂ အား ထပ်မံ အားပျော့ သွားစေရသည်က လုံခြုံရေး ကောင်စီ တွင် ယခင်ကလို အင်အား ချိန်ခွင်လျှာ ညီမျှ မှု မရှိ ဖြစ်လာနေသော ကြောင့်ပင်။ အကယ်၍ ရှိအောင်လုပ်မည်ဆိုက အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဂျပန်၊ အိန္ဒိယ၊ ဂျာမဏီတို့ကို ထည့်သွင်း ပေးရတော့မည် ဖြစ်သည်။
ထိုသို့ အပြောင်းအလဲများ ဖေါ်ဆောင်ရေး အတွက်လည်း အမြဲတမ်း အဖွဲ့ဝင် ငါး နိုင်ငံ အကြား သဘောတူညီ ချက် ရရှိ လာ နိုင်စရာ မရှိ ဖြစ်နေသည်။
နိုင်ငံတိုင်း သေးသည် ကြီးသည်၊ အင်အား ကြီးသည် ဟူ၍ မခွဲခြားဘဲ မဲတမဲစီ ပေးပိုင်ခွင့် ရှိနေသည်က ကုလသမဂ္ဂ အထွေထွေ ညီလာခံပင် ဖြစ်သည်။ သို့သော် လုပ်ပိုင်ခွင့် နှင့် ဩဇာ အာဏ ပိုင်းတွင် မဆိုသလောက် သာ ရှိပေသည်