အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထက်တန်း အရာရှိကြီး နှစ်ဦး ဖြစ်သော တောင် နှင့် အလယ်အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စက် နီကိုး ချူလစ် နှင့် အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အင်ဒရူး ဟာရပ် တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒက္ကား သို့ ရောက်ရှိလာကြသည်။
၎င်းတို့နှင့် အတူ ရန်ကုန် ရှိ အမေရိကန် သံရုံး ယာယီ တာဝန်ခံ မစ္စက် ဆူဆန် စတီဗင်ဆန်လည်း လိုက်ပါလာသည်ဟု သိရသည်။
အဆိုပါ ခရီးစဉ်၏ ရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့ရှ် ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ လုပ်ငန်းစဉ် များ ဆွေးနွေးကြမည် ဖြစ်ပြီး၊ အင်ဒရူး ဟာရပ်မှ ရိုဟင်ဂျာ ပြဿနာ နှင့် လက်ရှိ မြန်မာ နိုင်ငံ အခြေအနေများကို ရှု့ ထောင့် ပေါင်းစုံ မှ အဓိက ထား ဆွေးနွေးသွားမည်ဟု တရားဝင် သတင်း ထုတ်ပြန်ချက် တွင် ပါရှိလာသည်။
သတင်းထုတ်ပြန်ချက်တွင် ပါရှိ မလာသည်က မြန်မာ စစ်တပ် အား အပြီးအပိုင် ချေမှုန်းနိုင်ရေး သေချာစေရန် ရခိုင် နှင့် ချင်းပြည်နယ်ရှိ တော်လှန်ရေး တပ်များ အတွက် ထောက်ပို့ လမ်းကြောင်း တခု ဖွင့်လှစ် ရေးပင် ဖြစ်သည်ဟု ယခင် ဘီဘီစီ နှင့် ရိုက်တာ သတင်းထောက်ဟောင်း ဆူဘီယာ ဘောမစ်မှ ယူရေရှား ရီဗြူး အွန်လိုင်းစာစောင် တွင် ရေးသားလာသည်။
၎င်းက ဆက်လက် ရေးသားရာတွင် အဆိုပါ ကိစ္စ အား ဘင်္ဂလားဒေ့ရှ် စစ်တပ် အား တီးခေါက် စုံစမ်း နိုင်ရန် အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်မှ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဂျေ ဘီ ဗိုးဝဲလ် သည် ပြီးခဲ့သည့် လ အတွင်း ဒက္ကားသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ် မှ ယခု အခါ အမေရိကန် တို့၏ ထောက်ပံ့လာမည့် ပစ္စည်းများ ထားရှိရန် နတ်မြစ် ဝ အနီးရှိ ဆစ်ခါလီ ဒေသ ကို ရွေးချယ်ပေးထားပြီး ဖြစ်သည်။ ကောက်ဘဇား လေဆိပ်အားလည်း တဖက်နိုင်ငံရှိ တော်လှန်ရေး အဖွဲ့များအား ပံ့ပိုးပေးနိုင်ရန် တူရကီ လုပ် ဒရုန်းများ အခြေစိုက် လှုပ်ရှား နိုင်မည့် စခန်းတခု ထပ်မံ တိုးချဲ့ ဖွင့်လှစ် ပေးသွားမည် ဖြစ်သည်။
လက်ရှိ ဘင်္ဂလား ဒေ့ ရှ် အိမ်စောင့် အစိုးရ ခေါင်းဆောင် နိုဘဲလ် ဆုရှင် မိုဟာမက် ယူနွတ်စ်သည် ၎င်း၏ အစိုးရ အာဏာ အကူးအပြောင်း ဖြစ်စေရန် ဆောင်ကျဉ်းပေးခဲ့သည့် အတွက် အမေရိကန်၏ ကျေးဇူး မကင်းရာ မကင်းကြောင်းလည်း ဖြစ်နေသည်၊ ထို့ပြင် တရုတ် တို့ ၎င်းတို့နယ်ခြား တဖက်တွင် ယူနန်မှ နေ၍ ပင်လယ်လမ်း၊ ကုန်းလမ်း ဖြင့် ရခိုင် ကမ်းရိုးတန်း သို့ ထိုးဖောက် ဝင်ရောက်လာမည့် အရေး ကို လိုလားမှု မရှိသဖြင့်လည်း အမေရိကန်ဖက်မှ အဆိုပြုလာသည်ကို လိုလိုလားလားပင် ထောက်ခံလိုပုံ ရသည်။
တရုတ်သည် မြန်မာ သာမက အာရေဗျ ပင်လယ်ဖက်သို့ ထိုးဖောက် နိုင်ရန် ပါကစ္စတန် ရှိ ဘလူးချီစတန် ပြည်နယ် အတွင်း ရရှိထားသော ကုန်း လမ်းကြောင်းသည်လည်း လူမျိုးစု တော်လှန်ရေး အဖွဲ့များ နှင့် ပါကစ္စတန် အစိုးရ တပ်များ နှင့် တိုက်ပွဲများ အရှိန်မြင့်တက်လာသည် နှင့် အမျှ အဆိုပါ လမ်းကြောင်းသည်လည်း အခြေမလှ ဖြစ်လာနေသည်။
ယူနွတ်စ် အဖို့လည်း လောလောဆယ် ရွေးကောက်ပွဲ လုပ်စရာ မလိုဘဲ အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး နှင့် အမြဲလို ခေါင်းခဲစရာ ဖြစ်လာနေရသည့် ရိုဟင်ဂျာ ဒုက္ခသည် တသန်း ခန့်အားလည်း ပြန်ပို့ နိုင်တော့မည့် အရေး အတွက် အမေရိကန်၏ အဆိုပြုချက် ကို လက်ခံရန် ၎င်းဖက်မှလည်း ထိခိုက် နစ်နာစရာ မရှိသည်သာမက အပန်းတကြီး လုပ်စရာ မလို၍ အမေရိကန်တို့လည်း ကျေနပ်သွားစေရန် ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အား မြန်မာ ပြဿနာထဲ ဆွဲသွင်း ခံရမည့် အရေး နှင့် တရုတ်ဖက်မှ ဒေါသ ထွက်လာပြီး ရင်းနှီးမြုပ်နှဲမှု များ ဆုံးရှုံးသွားနိုင်သည့် အနေအထားမျိုး နှင့် ရင်ဆိုင်ရဖွယ် ရှိ နေသည်။ ထို့အတွက် တရားဝင် အရ အထက်ပါ သတင်းကို တော့ ငြင်းဆိုကြမည်သာ ဖြစ်သည်။
မြန်မာတွင် စစ်တပ်၏ ညံ့ဖျင်းလှသော အရည်အသွေး ကြောင့် တရုတ် တို့ တဖြေးဖြေး နေမထိ ထိုင်မသာ ဖြစ်လာပြီး လားရှိုးကဲ့သို့ ၎င်းတို့ ဆုံးရှူံးသွားသော နယ်မြေများ ပြန်ရအောင် နောက်မှ လိုက်ပြီး ကောက်သင်းကောက် ပေးနေရသည်ကိုလည်း စိတ်ပျက်လာသည်၊ ယခု ရခိုင် တွင် MNDAA ကဲ့သို့ မဟုတ်ဘဲ အမျိုးသားရေး ဇာတိမန် အပြည့် နှင့် တိုက်ပွဲ ဝင်နေသော အာရက္ခ တပ်တော်အား လက်မှိုင်ချရလုမတတ် ဖြစ်လာနေသည်။
ဤသည်ကို ရိပ်စားမိ သော အမေရိကန်သည် ရခိုင် နှင့် ချင်း ရှိ တော်လှန်ရေး တပ်ဖွဲ့များအား စစ်လက်နက် များ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ ပံ့ပိုးပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ် တွင် လာရောက် ဆွေးနွေး သည့် အဆင့် ရောက်ရှိလာပြီ ဖြစ်သည်။
နိုင်ငံ မြောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေး တပ်တော်မှ နယ်မြေ အမြောက်အမြား သိမ်းယူ နိုင်ခဲ့သည့်အပြင် ပန်ဝါ နှင့် ချီဖွေ ရှိ မြေရှား သတ္တု တွင်းများလည်း ထိန်းချုပ်လာနိုင်ခဲ့သည်။ ချင်းတော်လှန်ရေး တပ်ဖွဲ့များသည်လည်း ပြည်နယ်၏ ဒုတိယ အကြီးဆုံး မြို့ ဖြစ်သည့် ဖလမ်း အားလည်း မကြာသေးမီက အပြီးအပိုင် သိမ်းယူ နိုင်ခဲ့သည်။
အိန္ဒိယ ဖက်မှလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့များ ညီညွတ်ရေး တည်ဆောက်နိုင်ရန် စေ့စပ်ဆွေးနွေးပေးခဲ့ပြီးနောက် မကြာမီ မှာပင် ယခုလို အောင်ပွဲကြီး ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
MNDAA သည်လည်း လားရှိုးကို ဇွန်လ ကုန်အထိ အဆင့်လိုက် ဆုတ်ခွာ ပေးမည်ဟု မူလ သဘောတူညီထားမှု ကို တရုတ်ဖက်က မစောင့် နိုင်တော့ဘဲ အတင်းအကျပ် ဖိအားပေးလာနေ၍ ဧပြီလ အကုန်တွင် အပြီး ဆုပ်ခွာပေးရဖို့ ရှိနေသည်။ ဧပြီ ၂၂ ရက်တွင် စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းများ လားရှိုးသို့ ဝင်ရောက်လာကြတော့မည် ဖြစ်သည်။
MNDAA သည် ၎င်းတို့ စစ်မြေပြင် တွင် အကျအဆုံး များစွာ ရင်း၍ ကျားကုတ်ကျားခဲ တိုက်ခဲ့ရသည့် လားရှိုးကို တရုတ်တို့ကြောင့် စားပွဲပေါ်တွင်ပင် တထိုင်တည်း လက်လွှတ်ပေးခဲ့ရမှု အပေါ် မကျေမနပ် ဖြစ်လာနေသည်။
တရုတ် တို့ စိတ်ရှိလက်ရှိ ဂုတ်သွေးစုပ်နိုင်ဖို့က တော်လှန်ရေး အဖွဲ့များ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး ရမှသာ ဖြစ်ပေမည်၊ ထိုသို့ ဖြစ်လာရေး မှာလည်း စစ်တပ်က ယုံကြည် လက်ခံနိုင်လောက်သော ရွေးကောက်ပွဲ မျိုး ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ကို လက်ခံပေးမှသာ ဖြစ်နိုင်တော့၍ တရုတ်သည် မြန်မာ တွင် ပြိုင်မြင်း မှား လောင်းမိသဖြင့် ငွေမျော ငွေနဲ့လိုက် ဆိုသည့် လောင်းကစားသမား ဘဝ ရောက်နေရသည်။
တရုတ် အဖို့ မင်းအောင်လှိုင်သည် ဆိုဗီယက်၏ နဂျီဘူလာ၊ အမေရိကန်၏ အာရှတ် ဂါနီ ဖြစ်လာနေပြီ ဟု မြုပ်လုမြုပ်ခင် ဖြစ်လာနေသော သင်္ဘောကြီးအား ရေပေါ် ပေါ်ရန် ကြိုးပမ်းနေမှု နှင့် နှိုင်းယှဉ် ပြောဆိုလာကြသည်။
ဒေါ်နယ် ထရန့်သည် တရုတ်အပေါ် အခွန်တိုး၍ စည်းကြပ်လာမှု သည် ၎င်းထင်သလို ဖြစ်မလာ၍ ၂၄၅ ရာနှုန်း အထိ ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် အခြားတဖက် မှ တရုတ် အား အညှာကိုင်နိုင်ရန် စစ်မျက်နှာ တခု ထပ်ဖွင့်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
မင်းအောင်လှိုင် အဖို့ ငိုရမလို ရီရမလို ဖြစ်လာရသည်က ၎င်း နှင့် တွေ့ပြီး ချက်ခြင်းလိုပင် မလေးရှား ဝန်ကြီးချူပ် အန်နဝါ အီဘရာဟင်သည် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမည်ဟု ကြေညာလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
နှစ်သစ် ကူး တွင် ပျော်ရွှင်စရာ သတင်းများ နှင့် အတူ ရှေ့လျောက် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း တို့ နှင့် မိတ်ဆွေ အပေါင်း ပြည့်စုံ နိုင်ကြပါစေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!