ဂေါ်ကီ ၏ အမေ(8)

by Hla Soewai - Apr 21 2025

တခါတွင် ပါဗယ်သည် ညစာ စားပြီး ပြတင်းပေါက် လိုက်ကာ ကို ဆွဲပိတ်ကာ အခန်းထောင့်ရှိ စားပွဲတွင် ထိုင်ကာ စာဖတ်တော့သည်။ သူ့ ခေါင်းပေါ်ရှိ နံရံပေါ်တွင် ကပ်၍ ချိတ်ဆွဲထားသော သံဖြူ ခွက် မီးအိမ်ကလည်း လှုပ်ရမ်းနေသည်။ အမေသည် စားပြီးသား ပန်းကန်များကို ဆေးကြောပြီး မီးဖိုထဲမှ ထွက်လာသည်။ သားဖြစ်သူထံ သို့ သတိကြီးစွာ ဖြင့် တလှုပ်လှုပ် လျှောက်လာသည်။ ပါဗယ်က ခေါင်းတချက် မော့ကြည့်လိုက်ပြီး မျက်နှာ အမူအရာ ဖြင့် ဘာ အကြောင်းထူး ရှိလဲဟု မေးခွန်းထုတ်လိုက်သည်။

 

"ဘာမှ ပြောစရာ အထွေ အထူး ရှိလို့ရယ် မဟုတ်ပါဘူး သားရယ်၊ ဒီလိုပါပဲ" ဟု ကမန်းကတမ်း ပြောလိုက်ပြီး ပြန်လှည့်ထွက်သွားသည်။ စိတ်လှုပ်ရှား နေမှု ကြောင့် မျက်ခုံးနှစ်ဖက်က လှုပ်နေပြန်သည်။

 

မီးဖို ထဲတွင် အတန်ကြာအောင် မလှုပ်မယှက် ရပ်နေခဲ့ပြီး တခုခု ကို အလေးအနက် စဉ်းစားနေပြန်သည်။ ထို့နေုာက် လကကို ဆေးလိုက်ပြီး သား ရှိရာသို့ လျှောက်သွားသည်။

 

"သားကို အမေ မေးချင်တာလေး ရှိလို့" ဟု အသံတိုးတိုး ဖြင့် ပြောလိုက်သည်။

 

ပါဗယ်က ဖတ်လက်စ စာအုပ်ကို ဘေးချလိုက်ပြီး "ထိုင်ပါ အမေ" 

 

အမေသည် သူ့ဘေး တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ကိုယ် ကို မတ်မတ် ထားလိုက်ရင်း သားထံမှ အရေးကြီးသော တစုံတရာကို သိရတော့မည်ဖြစ်ပြီး ထိုအရာသည် သူမ အတွက် နာကျင်စရာများလည်း ကြားရ‌ တော့မည်ဟု မျှော်လင့်ထား၍လည်း အဆင်သင့် ပြင်ဆင်ထားခြင်း ဖြစ်ပေမည်။

 

"ကျွန်တော် အခု အာဏာပိုင်တွေ ပိတ်ပင်ထားတဲ့ စာအုပ်တွေကို ဖတ်နေတာ အမေ၊ ဒီလို ပိတ်ပင်ထားတဲ့ အကြောင်းကလည်း ကျွန်တော်တို့ အလုပ်သမား တွေရဲ့ ဘဝ တွေနဲ့ ပတ်သက်ပြီး အမှန်တွေကို ထောက်ပြထားလို့ပဲ အမေ၊ ဒီစာအုပ်တွေကို ခိုးကြောင် ခိုးဝှက် ပုံနှိပ်ခဲ့ကြရတယ်၊ ကျွန်တော့် လက်ထဲမှာ ဒီစာအုပ်တွေကို တွေ့သွားခဲ့ရင် ကျွန်တော်ကို ဖမ်းကြတော့မှာ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အမှန်တရားကို သိချင်နေမှု ကြောင့်ပဲ အမေ"

 

 အမေသည် အသက်ရှု မှား မတတ် ဖြစ်သွားပြီး မျက်လုံးပြူးကြီး နှင့် သားဖြစ်သူအား တစိမ်းတရံစာ အလား စိုက်ကြည့်နေမိသည်။ သား၏ အသံသည် ပြောနေကျ အသံမျိုး မဟုတ်၊ ခပ်တိုးတိုး နှင့် လေးလေးနက်နက် အသွင်ဆောင်ပြီး အသံဩဇာ နှင့် လည်း ပြည့်စုံလာသည်ဟု ထင်မိသည်။

 

ပါဗယ်သည် သူ၏ ပါးပါးလျလျ နှင့် ငှက်မွှေးကဲ့သို့ နူးနူးညံ့ညံ့ ရှိသည့် နှုတ်ခမ်းမွှေးကို လက်နှင့် ဆွဲလိုက်ရင်း အခန်းထောင့် တနေရာသို့ မသင်္ကာစရာ တစုံတခု တွေ့လိုက်ရသည့် အလား စောင်းငဲ့ ကြည့်နေပြန်သည်။ အမေသည် သားအတွက် စိုးရိမ်စိတ် ဝင်လာသလို သနားလည်း သနား လာမိသည်။

 

"ဘာဖြစ်လို့ အဲ့လို လုပ်ရတာလဲ သားရယ်"

 

ပါဗယ်သည် ခေါင်းကို မော့လာပြီး အမေကို တချက် ကြည့်လိုက်ရင်း တိုးညှင်း ငြင်သာစွာ ဖြင့် "ကျွန်တော် အမှန်တရား ကို သိချင်လို့ဘဲ အမေ" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

 

သားဖြစ်သူ ၏ အသံသည် တည်ငြိမ်သော်လည်း ခိုင်မာ ပြတ်သားသည်။ သူ၏မျက်လုံးများသည်လည်း ပြတ်သားသော ဆုံးဖြတ်ချက်များ ကြောင့် တောက်ပနေသည်။ သားသည် ရှူပ်ထွေးနက်နဲပြီး စိုးရိမ် ထိတ်လန့်ဖွယ် ကောင်းသည့် တစုံတရာ အတွက် သူ၏ ဘဝ ကို အပြီးအပိုင် မြုပ်နှံ ထားလိုက်ပြီ ဆိုသည်ကို အမေသည် ကောင်းကောင်းကြီး သိနားလည် သွားခဲ့သည်။

 

ဘဝ တွင် အရာရာတိုင်းသည် သူမ အတွက် လျောင်လွှဲ၍ မရဘဲ ဖြစ်လာပုံရသည်ဟု လက်ခံထားပြီး ဖြစ်၍ ယခုလည်း အထွေအထူး တွေးမနေတော့ဘဲ ရှိစေတော့ဟု သဘောထားလိုက်သည်။ ။ သူမ ၏ နှလုံးအိမ်တွင် ပူဆွေးဝမ်းနည်းမှု များ နှင့် မွန်းကျပ်လာနေ၍ ဘာစကား မှ မပြောနိုင် မျက်ရည်များသာ စီးကျ လာနေသည်။

 

"မငိုပါနဲ့ အမေရာ" ဟု ပါဗယ်က ကြင်ကြင်နာနာ ပြောလာသည်။ သူမ စိတ်ထဲတွင်တော့ သားဖြစ်သူသည် ခွဲရကာနီး နှုတ်ဆက်စကား ပြောနေသည်ဟု ထင်နေမိသည်။

 

"အမေ အခု ဘယ်လို ဘဝ မျိုး နဲ့ နေလာခဲ့ရလည်း ဆိုတာ စဉ်းစား၊ အခု အမေ အသက် လေးဆယ် ရှိလာပြီ၊ ဘယ်လို နေလာခဲ့ရလဲ၊ အဖေရဲ့ အရိုက်အနှက် ခံခဲ့ရတယ်၊ ဒါကလည်း သူ့ဘဝ မှ ဆိုးဆိုးဝါးဝါး ကြုံခဲ့ရတဲ့ နာကျင်မှု တွေ အတွက် အမေရဲ့ ခန္ဓာကိုယ် ကို အသုံးချပြီး ဂလဲ့စား ချေနေတာ၊ သူ့ကို ဖိစီးလာနေတာတွေ အတွက် လည်း ထွက်ပေါက်ရှာနေတာ၊ ဘာကြောင့် သူ ဒီလိုတွေ ဖြစ်ခဲ့ရတာကို လည်း သူ မသိဘူး၊ 

 

အ‌ ဖေ အနှစ် သုံးဆယ်လောက် အလုပ်လုပ်သွားခဲ့တယ်၊ သူ စလုပ်တုန်းက စက်ရုံ မှာ အဆောက်အဦး နှစ်ခုပဲ ရှိသေးတယ်၊ အခု ခုနှစ်ခု ဖြစ်နေပြီ။ စက်ရုံသာ ကြီးပွားလာနေပေမယ့် လူတွေက တော့ သူတို့ အတွက် လုပ်‌ ပေးရင်း သေကုန်ကြပြီ"

 

အမေသည် ပါဗယ်၏ စကားကို စိတ်ပါလက်ပါ နားထောင်နေရင်းက မှင်တက်မိနေသည်။ ပြောနေရင်းက သားဖြစ်သူ ၏ မျက်လုံးများ အရောင်တလက်လက် ထွက်လာနေသည်ကပင် ကြည့်လို့ ကောင်း နေသည်။ ပါဗယ်သည် စားပွဲ တွင် ထိုင်နေရာမှ ရှေ့သို့ ကိုင်းပြီး အမေ့အနား တိုးကပ်ကာ မျက်ရည်များ နှင့် စွတ်စို‌‌ နေသော အမေ့ မျက်နှာ တည့်တည့်ကို စိုက်ကြည့်နေသည်။

 

သူအခု နားလည်လာနေသည့် အမှန်တရားကို အမေ ဖြစ်သူအား ပထမဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ လူငယ်တဦး၏ ရိုးစင်းမှု၊ မိမိ သင်ကြား တတ်မြောက်လာမှု အပေါ် ယုံကြည်မှု အပြည့်ရှိသည့် ကျောင်းသား တဦး၏ စိတ်အား ထက်သန်မှု များ နှင့် သူ သိထားသည့် အရာအားလုံးကို အမေဖြစ်သူ အား ပြောပြနေခြင်း ဖြစ်သည်။ တကယ်တမ်းတွင် သူ ပြောနေသည်က သူ့ အမေ သိဖို့သာ မဟုတ်တော့ဘဲ သူ၏ ကိုယ်ပိုင် ထင်မြင် ယူဆချက်များ သေချာသည်ထက် သေချာ‌အောင် အခိုင်အမာ ပြောဆို‌ နေခြင်းသာ ဖြစ်သည်။

 

ပြောနေရင်းကလည်း ရှေ့ဆက်ရမည့် စကားလုံး ရှာမရသည့် အလား ရပ် ရပ်သွားပြန်သည်။ ထိုအခါကျမှ အမေ၏ ကြင်နာရိပ် သန်း နေသော ခပ်ဖျော့ဖျော့ မျက်လုံး အိမ်တွင် မျက်ရည်များ စီးကျလာနေရင်းက စိတ်မကောင်းခြင်း ကြီးစွာဖြင့် နားထောင်နေသော အမေ့မျက်နှာ ကို သတိထားမိသွားသည်။

 

အမေ့ သည် သူ့အား အံ့ဩ တုန်လှုပ်ခြင်း၊ စိတ်များ တွေဝေ ရှုပ်‌ထွေး နေပုံရသည့် မျက်လုံးများ ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၍ အမေ့အတွက် စိတ်မကောင်း ဖြစ်သွားမိသည်။ အမေ၏ ဘဝ နှင့် သူမ အကြောင်း ထပ်ပြောဖို့ စကား စ လိုက် ပြန်သည်။