တရုတ် အန္တရာယ် မည်မျှ အထိ ကြီးမားလာနေသည်ကို မီးမောင်းထိုးပြလာခြင်း

by Hla Soewai - Apr 28 2025

မဟာဗျူဟာ နှင့် မူဝါဒ ရေးရာ အင်စတီကျု မှ ပဋိပက္ခ၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အရေး တာဝန်ခံ ဦးကျော်ထက်အောင် မှ မြန်မာ တော်လှန်ရေး အရှိန်အဟုန် မည်မျှအထိ ခရီး ရောက် နိုင် သည့် အတိုင်းအတာကို တရုတ်က ‌ဆုံးဖြတ်ကန့်သတ် လာတော့မည် ဆို သော ခေါင်းစဉ် ဖြင့် တရုတ် ၏ အန္တရာယ် ကြီးထွား လာနေသည်ကို မီးမောင်းထိုးပြလာသော ဆောင်းပါးဖြစ်၍ အားလုံးသိသင့်သည်ဟု ယူဆ၍ ကောက်နှုတ် တင်ပြ ပေးသွားပါမည်။

 

၂၀၂၁ စစ်အာဏာသိမ်း မှု နှင့် အတူ ပြင်းထန်လှသော အကြမ်းဖက် ဖိနှ်ပ်မှု များကြောင့် နိုင်ငံတဝှမ်း ပြည်သူတို့၏ လက်နက်ကိုင် အုံကြွ တွန်းလှန်ခဲ့ရာမှ ပြည်တွင်း စစ် မီးကြီး သည် မီးဟုန်းဟုန်း ‌တောက်လောင်လာခဲ့ရသည်၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ပေါင်း ၅၀၀ ကျော်ထိ ပင် ထွက်ပေါ်လာခဲ့ရသည်။ တိုက်ပွဲပေါင်း ၁၆,၀၀၀ ကျော် ဖြစ်ပွားလာခဲ့၍ အရှေ့တောင် အာရှ၏ လတ်တလော သမိုင်းစဉ် တွင် အပြင်းထန်ဆုံး ပဋိပက္ခ ကြီး ဖြစ်လာခဲ့သည်။

 

ထိုပြည်တွင်းစစ်ကြီးတွင် အရေးပါသော အလှည့်အပြောင်းကြီးသည် ၂၀၂၃ အောက်တိုဘာလ တွင် စတင်ခဲ့သော ညီနောင်သုံးဖေါ် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲကြီး ဦးဆောင်သော ၁၀၂၇ ထိုးစစ်ကြီးဖြင့် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ထိုးစစ်ကြီး ကြောင့် စစ်တပ်သည် သမိုင်းတလျောက် မကြုံစဖူး အောင် အထိနာ သွားခဲ့ရပြီး နယ်မြေ အမြောက်အမြား ဆုံးရှုံးသွားခဲ့ရမှု နှင့် အတူ လားရှိုး နှင့် အတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုပါ လက်လွှတ်ခဲ့ရသည်။

 

ထိုသို့ အခြေအနေများ ဖြစ်ပေါ် နေစဉ်တွင် တရုတ်သည် ပြည်တွင်း‌ ရေး ဝင်‌ ရောက် မစွက်ဖက်‌ ရေး မူ ဟု ဆိုကာ တချိန်လုံး ငြိမ်သက်နေခဲ့သည်။ သို့သော်လည်း ၎င်းတို့ အကျိုးစီးပွား ကာကွယ်ပေးနိုင်ရန် မြန်မာ အား မည်သို့မည်ပုံ ကိုင်တွယ်သွားရမည်ကို ချိန်ဆ တွက်ချက်နေပြီး မျက်ခြေမပြတ် စောင့်ကြည့် နေခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယ အဆင့် ရောက်လာခဲ့ချိန်တွင်တော့ တရုတ်သည် ဖြန်ဖြေရတော့မည် ဆိုကာ ပြတ်ပြတ်သားသား နှင့် ဖိအားပေး အကျပ်ကိုင်သည့် လေသံမျိုး ထွက်လာခဲ့သည်။

 

ယခုတကြိမ်တွင်တော့ ၎င်းတို့ အကျိုးစီးပွား နှင့် အညီ ဖြစ်လာမည့် ဖြေရှင်းချက်မျိုး ထွက်ပေါ်လာအောင် မရမက လုပ်လာကြတော့သည်။ မည်သည့်ဖက်က မှ ၎င်းတို့၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ကို ပျက်ပြားအောင် လုပ်မလာနိုင်စေရန် ဖြစ်သည်။ သံတမန်ရေး ဖိအားပေးမှု များ၊ စီးပွားရေး မက်လုံး များ ကြောင့် ၎င်းတို့ လိုချင်သည့် ရလဒ် ထွက်ပေါ်လာခဲ့ပြီး ၂၀၂၅ ဧပြီလ အတွင်း MNDAA သည် လားရှိုးကို စစ်တပ်အား ပြန်ပေးခဲ့ရသည်။ ဤသည်ကို ကြည့်မည်ဆိုက တရုတ်တို့ ဝင်ရောက်စွက်ဖက်မှု မရှိပဲ မည်သို့မျှ ဖြစ်လာနိုင်စရာ ရှိမည် မဟုတ် ဆိုသည့် အချက်ကို အထင်အရှား တွေ့လာရသည်။

 

တရုတ်သည် ထိုသို့သော ပုံစံမျိုး တိုး၍ ကျင့်သုံးလာပြီး စားပွဲဝိုင်း တွင် မည်သူ့ကို ခေါ်ထိုင်ခိုင်းမည်၊ မည်သူကို လိုချင်တာ ပေးရမည် ဆိုသည်ကိုပါ ဆုံးဖြတ်လာသည့် အဆင့် ရောက်လာခဲ့သည်။

 

တရုတ်၏ ထင်တိုင်းကြဲလာနေမှုသည် တော်လှန်ရေး ၏ အရွေ့ကို ဟန့်တားလာယုံသာမက နိုင်ငံရေး မျက်နှာစာကိုပါ သူ့နည်းသူ ဟန် ဖြင့် ပုံဖေါ်နိုင်ရန် ကြိုးပမ်းလာနေ၍ တော်လှန်ရေး အပေါ် သက်ရောက် လာနိုင်သည့် အချက် သုံးချက် ကို တွေ့လာရသည်။

 

ပထမ အချက်

 

တရုတ်သည် တော်လှန်ရေး ၏ အောင်ပွဲကို မည်မျှ အတိုင်းအတာ အထိသာ ရှိစေရမည်ဟု မဟာဗျူဟာ အရ တွက်ချက် ကန့်သတ် ချုပ်ချယ် နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

 

 ပြည်သူများ၏ အပြီးသတ် ရည်မှန်းချက်သည် စစ်အာဏာရှင် စနစ် လက်နက်ကိုင် တွန်းလှန်ခြင်းဖြင့် မြန်မာ မြေပေါ်မှ အပြီးအပိုင် ပျောက်ကွယ်သွားရေး ဖြစ်သည်၊ တရုတ်သည် ရှမ်းမြောက် ‌တွင် ခြိမ်းခြောက် အကျပ်ကိုင်သည့် ပုံစံမျိုး ဖြင့် ဝင်ရောက်စွက်ဖက်လာခြင်းကြောင့် မြန်မာ တော်လှန်ရေး သည် ထိခိုက်လာခဲ့ရသည်။ သို့သော် တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသည့် မြို့ရွာနယ်မြေ တိုင်းကို ထိုသို့ လုပ်လာဖို့ မရှိ‌သော်လည်း ၎င်းတို့၏ အဓိက အကျိုးစီးပွား ကို ထိခိုက်လာမည် ဆိုက ဝင်ရောက် ပတ်သက်လာတော့မည် ဖြစ်သည်။

 

ဤသည်က တရုတ်သည် စစ်ကောင်စီ ဖက်က လိုက်လုပ်နေခြင်း မျိုး မဟုတ်ဘဲ ၎င်းတို့ အကျိုးစီးပွား အတွက် မဟာဗျူဟာ ပိုင်းအရ ကျယ်ကျယ်ပြန့်ပြန့် တွက်ချက်ပြီး လက်ရှိ နိုင်ငံ အတွင်း မတည်မငြိမ် ရွေ့လျား‌ နေသော ပါဝါ ချိန်ခွင်လျှာအား ground balancing ခေါ် မြေပြင်အခြေအ‌နေကို ထိန်းညှိပေးနိုင်ရန် ရည်ရွယ်ချက် ရှိရှိ လုပ်လာခြင်း ပင် ဖြစ်သည်။

 

ဘီဂျင်းသည် မြန်မာ တွင် နယ်မြေများ အကွဲကွဲ အပြဲပြဲ ဖြစ်ခြင်းထက် နိုင်ငံရေး အရ ကွဲပြဲ နေခြင်းသည် ပိုပြီး ထိန်းကျောင်းရ လွယ်သည်ဟု ယူဆထားသည်။ သို့မှသာ နိုင်ငံအား ပြိုကွဲ မသွားစေဘဲ အကွဲအပြဲများ ဖြင့် အင်အားချိနဲ့ နေမှသာ ၎င်းတို့ ရေရှည် အကျိုးစီးပွား အတွက် အလုပ်ဖြစ်ပေမည်။ မြန်မာ အား ပြိုကွဲ မသွားစေဘဲ ၎င်းတို့ အလိုကျ လိုက်လျောလာမည့် နိုင်ငံမျိုး အဖြစ် ဆက်ရှိ‌နေခြင်းသည်သာ အကောင်းဆုံး အခြေအနေဟုလည်း သတ်မှတ်ထားပြီး ဖြစ်သည်။

 

ဒုတိယ အချက်

 

တရုတ်သွင်ပြင်လက္ခဏာတွေပါသည့် ပဋိပက္ခအဆုံးသတ်ရေး ဆိုသည် ကို မြန်မာ အား ကိုးကားပြီး ပုံစံ ချ ထွက်ပေါ်လာနိုင်ခြင်း ပင် ဖြစ်သည်။ ယခင်က ငြိမ်းချမ်းရေး အတွက် အနောက်တိုင်း အလှုရှင်များ နှင့် အစိုးရများ က အလုံးအရင်း ပံ့ပိုးပေးခဲ့သော််လည်း ရလဒ် အသင့်အတင့်သာ ရရှိခဲ့သည်။ တရုတ်သည် ရှေ့လျောက် မြန်မာ ပဋိပက္ခကို မည်သို့ စီမံ ပုံဖေါ်ရမည် ဆိုသည်ကို လားရှိုးကို နမူနာထား၍ ၎င်းတို့ ပုံစံသစ်ကို ထုတ်ပြလာခဲ့ပြီ ဖြစ်သည်။ 

 

လက်ရှိတွင် အမေရိကန် သည် မြန်မာ နှင့် ပတ်သက်၍ ၎င်းတို့ အဖွဲ့အစည်းများကို ရံပုံငွေများ ဖြတ်တောက်ကာ နောက်ဆုတ်သွားချိန်လည်း ဖြစ်၍ တရုတ်သည် ရဲရဲတင်းတင်း လှုပ်ရှားလာခြင်းလည်း ဖြစ်သည်။

 

တရုတ်သည် မြန်မာသာမက အာဆီယံ၏ အဓိက နိုင်ငံ များ ဖြစ်သော ထိုင်း နှင့် မလေးရှားကိုပါ ဩဇာ သက်ရောက်နိုင်စွမ်း ရှိ‌နေသည်။ တရုတ်၏ မိုဒယ်သည် ပဋိပက္ခများ လျော့ချအောင် လုပ်ကောင်း လုပ်နိုင်မည် ဖြစ်သော်လည်း ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး ရဖို့ လက်ရှိ ပုံသဏ္ဍန် ကို ပြုပြင် ပြောင်းလဲအောင် လုပ်နိုင်မည်တော့ မဟုတ်ပေ။

 

တတိယ အချက်

 

စိုးရိမ်စရာ အကောင်းဆုံး အချက်လည်း ဖြစ်သည်။ မြန်မာတွင် တရုတ်သည် တက်ကြွပြီး တဖြည်းဖြည်း တိုက်ရိုက် ပါဝင်ပတ်သက်မှု ကြောင့် ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ် များနှင့် သက်ဆိုင်လာခြင်းပင် ဖြစ်သည်။

 

လောလောဆယ် တွင် ကမ္ဘာနိုင်ငံရေး တွင် လားရာ နှစ်ခု ထွက်ပေါ်လာသည်၊ ယင်းသည် အမေရိကန် နှင့် တရုတ် အကြား ဘူမိနိုင်ငံရေး အား လျစ်လျု ရှုလာမှု နှင့် ဘူမိ နိုင်ငံရေး ယှဉ်ပြိုင်လာမှု ပင် ဖြစ်သည်။ ထိုလားရာ နှစ်ခု စလုံးသည် မြန်မာ အတွက် ရေရှည် တွင် အန္တရာယ်ပေး လာနိုင် ပေသည်။

 

နိုင်ငံတကာ အဖို့ အခြားနေရာများတွင် ဖြစ်ပေါ်လာနေသော ပဋိပက္ခများ ကြောင့် စိတ်ကုန်လာမှု နှင့် ပြည်တွင်းရေး ဖက် အာရုံ စိုက်လာခြင်းများကြောင့် ဘူမိနိုင်ငံရေး အပေါ် လျစ်လျူရှုလာခဲ့မှု များသည် တရုတ် တို့ အကွက် ဖြစ်လာရသည်။ မြန်မာ၏ အိမ်နီးချင်း နိုင်ငံများသည်လည်း မြန်မာ တွင် ရေရှည် တည်တံ့မည့် ငြိမ်းချမ်း‌ ရေး နှင့် ဒီမိုကရေစီ အစိုးရ ပေါ်ထွက်လာရေး ထက် ၎င်းတို့ အတွက် လတ်တလော တည်ငြိမ်မှု ရှိရေး နှင့် မဟာဗျူဟာ အကျိုးကိုသာ ကြည့်လာကြသည်။ ထို့သို့ ဘူမိ နိုင်ငံရေး လျစ်လျု ရှူလာမှုများကြောင့် တရုတ် တို့အဖို့ မဆိုသလောက် ဆန့်ကျင်မှု များမှ လွဲ၍ ၎င်းတို့ လိုချင်သလို ပုံဖေါ်နိုင်မည့် အခွင့်ကောင်းကို ရလာခဲ့သည်။

 

ထို့ထက် ပို၍ ဆိုးဆိုးဝါးဝါး ထွက်ပေါ်လာနိုင်သည်က အင်အားကြီး နိုင်ငံများ ယှဉ်ပြိုင်လာမည့် အရေး ပင်ဖြစ်သည်။ တဖက်နှင့် တဖက် မဟာဗျူဟာအရ အသာစီးရမည်ကို ဆန့်ကျင်လာခြင်း၊ ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် ကြိုးပမ်းလာခြင်း၊ ဩဇာအာဏာ လွှမ်းမိုးနိုင်ရေး နှင့် သဘာဝ အရင်းအမြစ်များ အတွက် ပြိုင်ဆိုင်လာခြင်းမျိုး ဖြစ်သည်။ ထိုသို့ ဖြစ်လာက မြန်မာသည် ၎င်းတို့ ယှဉ် ပြိုင်စရာ ဇာတ်ခုံကြီး ဖြစ်လာပြီး ယခုထက် ပို၍ ပင် ကသောင်းကနင်း ဖြစ်လာနိုင်ပေသည်။

 

မတည်မငြိမ် ဖြစ်လာမှု များ နှင့် အုပ်ချုပ်ရေး တွင် ကွက်လပ်ကြီး ဖြစ်ပေါ်လာမှု ကြောင့် လက်နက်မှောင်ခိုမှသည် မူးယစ်ဆေးဝါးအထိ တရားမဝင် စီးပွားရေး များ ကြီးထွား ကျယ်ပြန့်လာမည် ဖြစ်သည်။

 

နိုင်ငံတကာ ၏ တာဝန်မဲ့မှု သည် မြန်မာအား ငြိမ်းချမ်းသာယာပြီး ဖွံဖြိုး လာရမည့် အစား ချိနံ့ယိမ်းယိုင်လာပြီး ပြည်ပ မှ ကြိုးကိုင် ချယ်လှယ်ခံရမည့် အန္တရာယ်ကြီးဆီသို့ တွန်းပို့ပေးနေသလို ဖြစ်လာခဲ့သည်။

 

မြန်မာသည် ၂၀၂၁ မတိုင်မီ နိုင်ငံရေး အကျပ်အတည်း မှ ရေရှည်လက်နက်ကိုင် ပဋိပက္ခကြီး အဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စစ်တပ် နှင့် တော်လှန်ရေး အင်အားစုများသည်လည်း ကိုယ့်ရည်မှန်းချက် နှင့် ကိုယ် လှုပ်ရှား‌‌ နေကြသည်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း ဖာသိဖာသာ နေ နေကြ၍ မြန်မာသည် လက်ရှိ အ‌နေအထားမှ ရုန်းထွက် နိုင်ရန် ကိုယ့်နည်းကိုယ့်ဟန် ဖြင့် အဖြေ ရှာရတော့မည် ဖြစ်သည်။

 

ကိုလိုနီ ခေတ် ဗြိတိသျှ တတ်သိ ပညာရှင် ဂျွန် အက်စ် ဖာနီဗယ်မှ ဗမာပြည်၏ နိုင်ငံရေး စီးပွားရေး မိတ်ဆက် စာတန်းတွင် "မြန်မာ သည် အချိန် အနည်း နှင့် အများ ဆိုသလို မင်းမဲ့စရိုက် ဖြင့် ပရမ်းပတာ ဖြစ်လာခဲ့မည် ဆိုလျင် နှောင်းလူများသည် မြန်မာအား တရုတ်၏ ပြည်နယ် တခု အဖြစ် တွေ့ရလိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

 

ပုံမှန် အေးချမ်း‌နေသည့် အချိန်များ ဆိုက ဖာနီဗယ်၏ စကားသည် မည်သို့မျ ပိုလွန်းသည်ဟု ယူဆရ မည် ဖြစ်သော်လည်း၊ နက်နက်ရှိုင်းရှိုင်း မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည့် လက်ရှိအချိန်တွင်တော့ ဖာနီဗယ်လ်၏ စကားသည် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလောက်အောင် ဆီလျော်လာနေပြီ ဖြစ်သည်။

 

မြန်မာသည် တရုတ်၏ ပြည်နယ် တခု တကယ်တမ်း ဖြစ်လာနိုင်ဖွယ် မရှိသော်လည်း မြန်မာ နိုင်ငံရေး နှင့် ပြန်လည် ဖွဲ့စည်း မှု အပေါ် တရုတ် တို့ လွှမ်းမိုးလိုမှု ကြီးထွားလာပြီး တဖြေး၊ဖြေး အဆုံးအဖြတ် ပေးနိုင်သည့် အနေအထား ရောက်ရှိနေပြီ ဖြစ်သည်ဟု ဆောင်းပါးကို နိဂုံးချုပ်ထားသည်။

 

ယခုလို အခြေ အနေ မျိုး နှင့် ရင်ဆိုင်လာရချိန်တွင် မိမိတို့ အကျိုး ပွန်းပဲ့မည် စိုး၍သော်၎င်း၊ တဖက်ကို မခံချင်စိတ်ဖြင့်သော်၎င်း စစ်ခေါင်းဆောင်များအား မျက်စိမှိတ် ထောက်ခံ နေကြသူ များသည် တိုင်းပြည် အပေါ် သစ္စာ ဖေါက်သူများ အဖြစ် သမိုင်း တွင် ကျန်ရစ်မည့် အဖြစ်ကို သတိချပ်သင့် လှ ပေသည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!