ပုပ်ရဟန်း မင်းကြီး ကွယ် ရှာပြီ

by Hla Soewai - Apr 28 2025

စိတ်ထဲ ရှိသမျှ မကွယ်မဝှက် ပြောတတ်သူ ဟု မှတ်ချက် ပေးခံရသည် အသက် ၈၈ နှစ် ရှိ ပုပ်ရဟန်းမင်းကြီးသည် ဧပြီ ၂၁ ရက် အီစတာ တနင်္လာနေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

၂၀၁၃ မတ်လ ၁၃ ရက် နေ့တွင် ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံခဲ့ရသည်၊ အာဂျင်တီးနား တွင် မွေးဖွား ကြီးပြင်းခဲ့သည့် အီတလီ နွယ်ဖွား တဦးလည်း ဖြစ်သည်။ ရာစု နှစ်ပေါင်း ၁၃ စု အတွင်း ဥရောပတိုက်သား မဟုတ်သည့် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

 

ဝတ်ပုံစားပုံ အနေအထိုင် ရိုးရှင်းပြီး ဘော်လုံးသမား မက်ဆီကို နှစ်သက်သူ တဦးဖြစ်သည်။ ဗာတီကန် ရှိ အခန်း ၁၂ ခန်းပါ တိုက်ခန်း ကျယ်ကြီးတွင် မနေဘဲ နှစ်ခန်းသာ ရှိသည့် ဧည့်ဆောင်တွင် နေပြီး အများနှင့် အတူ ရော၍ ညစာ စားသုံးတတ်သူ ဖြစ်သည်။ ဗျူနိုအေရိစ် တွင် ရှိစဉ်ကတည်းက ကိုယ့်ဖာသာ ချက်ပြုတ်စားပြီး ဘတ်စ်ကားဖြင့် သွားတတ်လာတတ်သူ ဖြစ်သည်။

 

ထို့အတွက်လည်း ကျည်ကာ မှန်များ အလုံတပ်ထား‌သော ၎င်းအတွက် ပေးထားသည့် Popemobile ကို မသုံး၊ လူအုပ်ကြားထဲ ဆင်းကာ ဆယ်လ်ဖီဆွဲခြင်း၊ ကလေးများကို ကလိထိုးခြင်း၊ သီလရှင်များနှင့် ရယ်လားမောလား လုပ်ရသည်ကို နှစ်သက်သူ ဖြစ်သည်။

 

ထို့အတွက်လည်း ၎င်း နေထိုင်ရာ ဧည့်ဆောင်မှ ပျောက် ပျောက်သွားတတ်ပြီး ဆေးရုံများ၊ အကျဉ်းထောင်များ၊ ရောဂါ ကျွမ်း‌ နေသော လူနာများ ထားရာ နေရာများ သို့ ရောက်လာတတ်သည်။ အထူးသဖြင့် ရက်မြတ် ဖြစ်‌သော ကြာသပတေး လို နေ့မျိုး တွင် ထို ပုဂ္ဂိုလ်များ၏ ခြေ ထောက်များကို ဆေးကြောသုတ်သင်ပြီး မျက်နှာသုတ်ပုဝါ နှင့် သန့်စင့်ကာ နမ်းရှုံ့တတ်သည်။

 

ဗျူနိုအေရိစ် တွင် ရှိစဉ်ကလည်း ထိုသို့ သွားလာတတ်၍ "ကျူးကျော်တဲများ ကြား က ဘစ်ရှော့ကြီး" ဟု ခေါ်ဝေါ်ကြသည်။ ၎င်း၏ သာဝက များကိုလည်း လမ်းပေါ် ထွက်ကြဖို့ တိုက်တွန်းလေ့ ရှိသည်။

 

နိုင်ငံရေး တွင် ပီရွန် ဝါဒ လွှမ်းမိုးခံခဲ့ရပြီး အရင်းရှင်ဝါဒ ကို နှာခေါင်း ရှုံ့တတ်သူ ဖြစ်သည်။ ‌ဒေါ်နယ် ထရန့်၏ ရွှေ့ပြောင်း ဝင်ရောက်လာသူ များ အပေါ် စာနာစိတ် ကင်းစွာ ဆက်ဆံနေမှု များ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူ လည်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ဆီရီယား မှ ဒုက္ခသည် မိသားစု အများ အပြားကို ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။ ကျူးဘား နှင့် အမေရိကန် အကြား ဆက်ဆံရေး ကဏ္ဍ သစ် တရပ် ဖွင့်နိုင်အောင်လည်း ကြားဝင်ပေးခဲ့သည်။

 

၎င်း၏ ရိုမန် ကက်သိုလစ် ဘာသာ နှင့် ပတ်သက်၍ ကိုယ်ဝန်ဖျက်ချခြင်း၊ အသက်ငြင်သာစွာ ထွက်အောင် ကူညီပေးခြင်း၊ လိင်တူ လက်ထပ်ခြင်းများ ကို ကန့်ကွက် ရာ တွင် သာ တသဘောတည်း ရှိပြီး ကျန်သည့် ကိစ္စများ အပေါ် အစဉ်အလာအရ လက်ခံရမည် ဆိုသည်မှ ထိုးဖောက် ထွက် နိုင်ခဲ့သူ ဖြစ်သည်။ ဥပမာ ဆိုရက ကွာရှင်းပြတ်စဲပြီးနောက် အိမ်ထောင်ပြုသူများအား ဝတ်ပြုပွဲတွင် ပါဝင်ခွင့်ရနိုင်သည့် အလားအလာကို ဖွင့်ဟ ပြောဆိုလာခဲ့သည်။

 

သနားဂရုဏာ တော် နှင့် ပြည့်ဝသော ဘုရားရှိခိုးကျောင်းတော် မှန်သမျှ၏ တာဝန်သည် နှစ်ခြင်းခံယူထားသော အသင်းဝင်များသာမက ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသော ဝိညာဉ်တိုင်းအား လိုအပ်သော စောင့်ရှောက်မှု၊ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ကို ပေးရန်ဖြစ်သောကြောင့်တည်း ဟု ခံယူထားသူ ဖြစ်ပြီး ထိုအတိုင်းလည်း ပုပ်ရဟန်း မင်း ကြီး ဖြစ်လာစဉ်ကတည်း က တောက်လျှောက် ကျင့်သုံးခဲ့သူ ဖြစ်သည်။

 

ဖရန့်စစ် ပုပ်ရဟန်းမင်းကြီး ၏ ဈာပန ကို ဗာတီကန် ရှိ စိန့် ပီတာ ရင်ပြင်၌ စနေနေ့ တွင် ပြုလုပ်ရန် ရှိနေပြီး ဒေါ်နယ် ထရန့် နှင့် ဇယ်လင်စကီးတို့ တက်ရောက်မည်ဟု သတင်းများ ထွက်နေသည်။

 

ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်မည့် လုပ်ငန်းစဉ် အား မေလ အတွင်း စတင်မည်ဟု သိရသည်။ ကမ္ဘာစနစ်ကြီး ယိမ်းယိုင် လာနေချိန်တွင်ကမ္ဘာတဝှမ်း နှစ်ခြင်း ခံယူထားသော ကက်သိုလစ် ဘာသာဝင် ၁.၄ ဘီလီယံ အား ဦးဆောင်မှု ပေးနိုင်မည့် ပုပ်ရဟန်းမင်းကြီး မျိုး ရှိနေဖို့ လိုအပ်လာသည်။

 

လာမည့် ကွန်ကလေ့ဗ် (Pope ရွေးပွဲ) တွင် မဲပေးခွင့်ရှိသည့် အသက် ၈၀ အောက် ကာဒီနယ် ၁၃၅ ဦးထဲတွင်၂၇ ဦးမှလွဲ၍ ကျန်သူ အားလုံးကို ပုပ်ရဟန်းမင်း ဖရန်စစ်က ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။

 

(၂၀၂၅ ဧပြီ ၂၁ ‌အီ‌ကောနော်မစ် မဂ္ဂဇင်းပါ "The works of mercy" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)