"ဘယ်လောက် ကြာမလဲ" ခေါင်းစဉ် ဖြင့် ဖေဖေါ်ဝါရီ ၂၅ ရက် စနေနေ့နေ့ မနက် ထွက်သော ရှေ့သို့ စာစောင် တွင် ဆောင်းပါး ပါရှိလာခဲ့သည်။ နောက် နှစ်ရက် အကြာ တနင်္လာနေ့ ည ပိုင်း ည ကိုးနာရီ မထိုးမီ တွင် ရိုက်ခ်ျစတက် ပါလီမန် အဆောက်အအုံကြီး မီးဟုန်းဟုန်း တောက်လောင်သွားခဲ့သည်။ လွှတ်တော်ခမ်းမအပေါ် မိုးထားသော မှန် နှင့် လုပ်ထားသော လိပ်ခုံး ပုံ အမိုးကြီး မှ မှန်များ အထပ်လိုက် ပြုတ်ကျလာပြီး ဘာလင် မြို့ ကောင်းကင်ယံသည် မီးအရှိန်ကြောင့် လင်းထိန်သွားခဲ့သည်။ ဘာလင် နှင့် မိုင် လေးဆယ် အကွာရှိ ရွာများ မှပင် လှမ်းမြင်ရသည်ဟု မျက်မြင်သက်သေ များက ပြောပြခဲ့ကြသည်။
ဂျာမန် ပါလီမန် ဒီမိုကရေစီ ကြီး မီးဟုန်းဟုန်း တောက်လောင် ပြာကျ သွားခဲ့ရသည့် ပုံရိပ်များကို မြင်တွေ့ခဲ့ရသည့် တနိုင်ငံလုံး တုန်လှုပ် ချောက်ခြားသွားခဲ့ရသည်။
ထိုသို့ မီးလောင်ကျွမ်းမှု ကို ကွန်မြူနစ်များက အမျိုးသား ဆိုရှယ်လစ်များ ကြောင့်ဟု အပြစ်ဖို့ခဲ့ကြပြီး အမျိုးသား ဆိုရှယ်လစ်များကလည်း ကွန်မြူနစ်များကို လက်ညိုးထိုးလာကြသည်။
အသက် ၂၃ နှစ်ရှိ ဒပ်ခ်ျ နိုင်ငံသား ကွန်မြူနစ် တဦး ဖြစ်သူ မာရီနပ်စ် ဗင် ဒါ လပ် အား မီးလောင်မှု ဖြစ်ပွားနေစဉ် တွေ့ရ၍ ဖမ်းဆီးရမိခဲ့သည်။ သို့သော် မီးငြိမ်းသတ် နေသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ် ကွပ်ကဲခဲ့သူ ဘာလင် မီးသတ် ဌာန အကြီးအကဲ ဝေါ်လ်တာ ဂမ်ပ်သည် နာဇီ တို့ ပါဝင် ပတ်သက်နေသည့် ခြေရာလက်ရာ များကို တွေ့လာခဲ့သည်။
ရိုက်ခ်ျတက် ပါလီမန် အဆောက်အအုံကြီး မီးလောင်ကျွမ်း သွားခဲ့ရမှု အတွက် နောက်တနေ့ မနက်တွင် ဟစ်တလာသည် ဝန်ကြီး အဖွဲ့ အစည်း အဝေး ခေါ်ယူလိုက်သည်။ ထိုအစည်းအဝေး တွင် မီးလောင်မှု သည် ကွန်မြူနစ် များ အာဏာ သိမ်းရန် ကြိုးပမ်းလာမှု ၏ တစိတ်တပိုင်း ဖြစ်သည်ဟု ပြတ်သားစွာ ထုတ်ဖေါ် ပြောဆို လိုက်သည်။ ဂိုရင်းကလည်း ရှေ့လျောက် ပြည်သူ ပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးရန် ကြံစည်နေပုံကို အသေးစိတ် တင်ပြ ပြောဆိုလာသည်။ ၎င်းတို့ အကြံအစည် များထဲ တွင် အများသုံး မီးဖိုချောင်များကို ဝင်ရောက် အဆိပ်ခပ်ရေး၊ အရေးပါသော အစိုးရ အရာရှိများ၏ ဇနီး သားသမီးများကို ပြန်ပေးဆွဲရေး တို့လည်း ပါဝင်သည်ဟု ဆိုပြန်သည်။
ပြည်ထဲရေး ဝန်ကြီး ဖရစ်ခ်ကလည်း တနိုင်ငံလုံး အရေး ပေါ် အခြေ အနေ ကြေညာပြီး နိုင်ငံသားတို့၏ အရပ်ဖက် အခွင့်အရေးများကို ရပ်ဆိုင်းထားပြီး ဝင်ရောက် ရှာဖွေ သိမ်းဆည်း ခွင့် ပြုရန် တို့ ပါဝင်သည့် အမိန့် အကြမ်းရေး ဆွဲထားသည်ကိုပါ တင်ပြလာသည်။
ပေပင်က ဖရစ်ဇ် တင်ပြသော မူကြမ်း သည် ဆန့်ကျင် တွန်းလှန်မှု များ နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်း၏ စိုးရိမ်မကင်း ဖြစ်လာမှု ကို ထုတ်ဖေါ် ပြောဆိုလာသည်။ အထူးသဖြင့် ပရပ်ရှား ပြီးလျင် တောင်ပိုင်း တွင် ရှိသော အရွယ်အစားနှင့် အင်အား အရာတွင် ကြီးမားသော ဘာဗေးရီယား ပြည်နယ်မှ ဆန့်ကျင်လာမည့် အရေးပင် ဖြစ်သည်။
ထို့အတွက် ပြည်နယ် အစိုးရများမှ ကြည်ကြည်ဖြူဖြူ သဘောတူလာအောင် အရင် ဆွေးနွေးသင့်သည်ဟု အကြံပြုလာခဲ့သည်။ သို့မဟုတ် က ပြည်နယ်များ၏ အခွင့်အရေးကို မတရား အလွဲသုံးစား လုပ်ခြင်းဟု ရှုမြင်ခြင်း ခံရလိမ့်မည်ဟု ဆိုသည်။
နောက်ဆုံးတွင်တော့ ပြည်နယ်များ၏ အခွင့် အရေး များ အား အရေးပေါ် ရပ်ဆိုင်းသည် ဆိုသည့် အပိုဒ်ကို မူကြမ်း တွင် ထပ်ထဲ့ပြီး သမ္မတ ဟစ်ဒင်းဘတ်ခ် က ထိုနေ့ နေ့လည်မှာပင် ဥပဒေ အဖြစ် လက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်သည်။
ထိုဥပဒေသည် မတ်လ ရွေးကောက်ပွဲ မတိုင်မီ တပတ်အလို တွင် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ယခု အခါ ဟစ်တလာသည် အရေးပေါ် အခြေ အနေ ဆိုကာ ထုတ်ပြန်လာသည့် အဆိုပါ ဥပဒေ ကြောင့် ၎င်း၏ နိုင်ငံရေး အတိုက်အခံများကို စိတ်ရှိလက်ရှိ ဖိနှိပ်နိုင်မည့် အကြွင်းမဲ့ အာဏာ ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။
ချက်ခြင်း ဆိုသလို ၎င်း အလုပ်ချင်ဆုံး ဖြစ်သည့် ကွန်မြူနစ် ပါတီကို ပိတ်ပင်ပစ်ခဲ့ပြီး၊ ပါတီ သတင်းစာတိုက် အား ချိတ်ပိတ်ကာ တိုက်တွင် လုပ်ကိုင်နေသူ အားလုံးကို ဖမ်းဆီးခဲ့သည်။ ဂိုရင်းသည် ၎င်းအား တာဝန်ပေးထားသည့် ပရပ်ရှား ပြည်နယ် တွင် ဥပဒေ မထွက်မီ တလ ကတည်းက အကောင်အထည် ဖေါ်နေပြီ ဖြစ်သည်။ သို့သော် တရားရုံး များက ၎င်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အမိန့်ပေး လာခဲ့သည်။ ယခု အခါ ဥပဒေ ထွက်ပေါ်လာပြီ ဖြစ်၍ တရားရုံးများက ဝင်ရောက် စွက်ဖက် ခွင့် မရှိ ဖြစ်လာနေသည်။ ဤသို့ဖြင့် ထောင်ပေါင်းများစွာသော ကွန်မြူနစ်များ၊ ဆိုရှယ် ဒီမိုကရက်များ ဖမ်းဆီးခံခဲ့ရသည်။
ရိုက်ခ်ျတက် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး တပတ် အကြာ မတ်လ ၅ ရက် တနင်္ဂနွေ့ မနက်တွင် ဂျာမန် မဲဆန္ဒရှင်များ မဲပေးရန် မဲရုံများသို့ ရောက်ရှိလာကြသည်။ ထိုထက်ပို၍ ထူးဆန်းသော ရွေးကောက်ပွဲ မျိုး မရှိခဲ့ ဟု နယူးယောက်တိုင်း သတင်းစာ တွင် ဖရက်ဒရစ် ဘတ်ခ်ျဟော က ရေးသားခဲ့သည်။ ဂျာမန်များသည်လည်း ဒီမိုကရေစီ အစိုးရမျိုး ရွေးချယ်နိုင်ခွင့် ရနေပါလျက် အာဏာရှင် အုပ်ချုပ်ရေး လက်အောက် အညံ့ခံခဲ့ မှု အပေါ်လည်း စိတ်ပျက်မိကြောင်း ဖေါ်ပြခဲ့သည်။ အမေရိကန် နှင့် အင်ဂလို-ဆက်ဆန် များ ဆိုက ထိုသို့သော အခြေအနေမျိုးကို ချက်ခြင်းလက်ငင်း တခဲနက် တုန့်ပြန်ကြမည်သာ ဖြစ်သည်ဟု ဆိုသည်။
ဂျာမန် သန်း လေးဆယ်ခန့် မဲပေးခဲ့ကြပြီး မဲပေးခွင့် ရှိသူ စုစု ပေါင်း၏ ၈၉ ရာနှုန်း ရှိသည်။ ယခင် ရွေးကောက်ပွဲ များ နှင့် နှိုင်းယှဉ်လျှင် နှစ်သန်းခန့် ပိုလာခဲ့သည်။ ဂျာမန် တို့၏ ဒီမိုကရေစီ အစဉ်အလာ အပေါ် အယုံအကြည်ရှိ မှု ကို အားလုံးက အံ့အား တသင့် ဖြစ်ကုန်ကြသည်။
ရိုက်ခ်ျတက် ခေါ် ဂျာမန် ပါလီမန် ပေါ်ပေါက်လာသည့် ၁၈၇၁ မှ စ၍ ထိုမျှလောက် မဲပေးသူ အရည် အတွက် မများခဲ့ဟု သတင်းစာများက ရေးသားခဲ့ကြသည်၊ သို့ သော် အသစ် ထွက် ပေါ်လာသော မဲဆန္ဒရှင် နှစ်သန်းသည် နာဇီတို့၏ အမျိုးသား ဆိုရှယ်လစ် ပါတီကို မဲပေးခဲ့ကြသည်။
သို့သော် ထွက်ပေါ်လာသည့် ရလဒ်သည် ဟစ်တလာ မျှော်မှန်းနေသလို ၅၁ ရာနှုန်းအထိ ဖြစ်မလာဘဲ၊ ၄၄ ရာနှုန်းသာ ရလာခဲ့သည်။ ဟစ်တလာ အစိုးရ၏ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခံထားရသည့် ကြားမှ ဆိုရှယ် ဒီမိုကရက်များ သည့် ယခင်က ရထားသည့် အမတ်နေရာများ ထက် တနေရာ သာ ဆုံးရှုံးသွားခဲ့သည်။
ကွန်မြူနစ် ပါတီကို ပိတ်ပင်လိုက်ခြင်းကြောင့် ဟစ်တလာသည် ၎င်း၏ Empowering Law လုပ်ပိုင်ခွင့် အပ်နှင်းခြင်း ဥပဒေကို ပြဋ္ဌာန်း နိုင်ရန် ပါလီမန် တွင် အမတ် နေရာ သုံးပုံ နှစ်ပုံ ဖြင့် ညွှန်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရန် အခြေအနေ ကောင်းလာခဲ့ပြီ ဖြစ်သည်။