လက်ရှိ တွင် နိုင်ငံတကာ မှ ပေးပို့သော အကူအညီများသည် မန္တလေး နှင့် နေပြည်တော် တွင်သာ စုပုံ နေပြီး စစ်ကိုင်း အပါအဝင် အခြားဒေသများသို့ မဆိုသလောက်သာ ရောက်ရှိနေသေးသည်ဟု သိရသည်။
လက်ရှိ မင်းအောင်လှိုင် ၏ အပစ်အခတ် ရပ်ထားပေးမှု မှ ဆွေးနွေးပွဲ ဆီသို့ ဦးတည်လိမ့်မည်ဟု မျှော်လင့်ချက် ထားခဲ့သူများ လည်း မှန်းချက် နှင့် နှမ်း ထွက် မကိုက်ဖြစ်ကုန်ကြသည်။
နှစ်ဖက် အလွတ်သဘော ဆက်သွယ် ညှိနှိုင်းခြင်းလည်း မရှိ၊ ကိုယ့်သဘော နှင့် ကိုယ် လူကြားကောင်းအောင်၊ နိုင်ငံတကာ သတင်း စာမျက်နှာများ တွင် ပါယုံ လောက် လုပ်လာကြခြင်း မျိုးသာ ဖြစ်သည်။
ဧပြီ ၃၀ ရက် အထိ အပစ်ရပ်ထားသည် ဆိုသော်လည်း ယမန် နှစ် ဇူလိုင် ၁၀ ရက် နေ့က တည်းက TNLA သိမ်းပိုက်ထားသော နောင်ချို ကို ပြန်၍ သိမ်းနိုင်ရန် ထိုးစစ်ကြီးကို ပြင်ဆင်နေသည်ဟု စစ်တပ် နှင့် နီးစပ်သော သတင်းရပ်ကွက် များ အား ကိုးကားပြီး DVB က ဆိုသည်။
နောင်ချို မြို့ တောင်ဖက် မိုင် ၂၀ အကွာရှိ တောင်ခမ်းဒေသ သို့ မြေငလျင်လှုပ်ပြီး လေးရက် အကြာတွင် ဒရုန်းများ၊ စစ်ကူများ၊ ရိက္ခာများ အလုံးအရင်း နှင့် ပေးပို့နေသည်ဟုလည်း ပါရှိသည်။
ရန်ကုန် ရှိ ခမရ ၁၁ နှင့် လားရှိုး သို့ ရောက်ရှိလာမည့် တပ်ရင်းများ ပူးပေါင်း ပါဝင်မည်ဟု သိရသည်။ ဤသည်ကို လက်ရှိ လားရှိုးအား အုပ်ချုပ်နေသည့် တရုတ် တပ်များက လက်ခံမည်လား ဆိုသည်ကို စောင့်ကြည့်ရပေမည်။
တောင်ခမ်း တွင် မဆိုသလောက် အောင်ပွဲများ ရလာ၍ သွေးကြွ လာပုံ ရသည်။
တသက်လုံး စစ်တိုက်စားလာ၍ တိုက်ရည် ခိုက်ရည် လက်နက် အင်အား ပြည့်စုံလှသဖြင့် မည်သို့မျှ ချေမှုန်း နိုင်ခြင်း ရှိမည် မဟုတ်ဟု ပြည်ပမှ စစ်ရေး ကျွမ်းကျင်သူများ ခန့်မှန်းထားခဲ့သော်လည်း လေးနှစ် အတွင်း ၎င်းတို့ စိတ်ချလက်ချ သွားနိုင်သည့် ဧရိယာ သည် တနိုင်ငံလုံး၏ ၂၅ ရာနှုန်းသာ ရှိတော့အောင် ပြည်သူ့ ဘက်တော်သား တော်လှန်ရေး တပ်များက အစွမ်းပြနိုင်ခဲ့ပြီး ဖြစ်သည်။
မြဝတီ ကို သိမ်းရန် အကျအန ပြင်ဆင်လာ သော အောင်ဇေယျ စစ်ကြောင်းသည်လည်း သေသူသေ၊ ထွက်ပြေးသူပြေး၊ လက်နက်ချသူ ချ နှင့် ပြုတ်ပြုတ် ပြုန်း ကုန်ပြီး စကားထဲ ပင် ထည့်မပြောကြတော့ပေ။
ငြိမ်းချမ်းရေး အတွက် လမ်းခင်းပေးသည့် စကားသံ တလုံး တပါဒ မျှ ထွက်မလာပဲ ရန်မူမည့် မည်သည့် လှုပ်ရှားမှု မျိုး ကို မဆို လက်တုန့်ပြန်မည်၊ ရွေးကောက်ပွဲ လုပ်မည် ဟု လေသံ ပစ်နေဆဲ ပင် ဖြစ်သည်။ ထိုအနေအထားများကို ကြည့်လျင် စစ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာ ဆက်၍ ထိန်းချုပ်သွား နိုင်ရေး လောက်သာ စိတ်ဝင်စား နေသည်ကို အထင်အရှား တွေ့လာရသည်။
ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်ခေါ်ဖို့ နေရာပင် မရှိတော့၊ လမ်းဘေး တဲထိုးပြီး ကျင်းပရမည့် လွှတ်တော်မျိုး ဖြစ်နေသည်၊ ရွေးကောက်ပွဲ ဝင်မည် ဆိုသော နိုင်ငံရေး ပါတီများလည်း ယခု မြေငလျင် တွင် မည်သို့ ကူညီ နေပါသည်ဟု သတင်းထွက်မလာ၊ ၎င်းတို့ အဖို့က တကူးတက မဲဆွယ်ရန် ပင် မလိုတော့သည့် ရွေးကောက်ပွဲ မျိုး ကို ဆင်နွှဲရမည် ဆိုသည်ကို သိထား၍လည်း ဖြစ်မည် ထင်သည်။
စစ်ကိုင်း ဒေသခံ များ အဆိုအရ ငလျင်လှုပ်ပြီး ဆယ်ရက် ကြာသည် အထိ အကူအညီများ ရောက်မလာခဲ့ဟု ပြောကြောင်း New Humanitarian အဖွဲ့က ဆိုသည်။
လူဦးရေ ၅.၃ သန်းရှိ စစ်ကိုင်း ဒေသကြီးသည် တနိုင်ငံလုံး အတိုင်းအတာ နှင့် ဆိုလျင် စစ်တပ်၏ လေကြောင်း နှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှု အများဆုံး ခံခဲ့ရသည် ဟု ဆိုသည်။
ယခုအခါ အပူချိန် ၄၄ °C အထိ ရှိလာနေပြီး ပိတ်မိ သေဆုံးသွားသူများ၏ အနံ့အသက်များ ရှိနေသေးသော်ငြားလည်း ဒေသခံ စေတနာဝန်ထမ်း အဖွဲ့များ၊ ကမ္ဘာကျန်းမာရေး အဖွဲ့ အပါအဝင် အင်ဂျီအိုများ၊ မလေးရှား မှ စေလွှတ်ထား သော အဖွဲ့ဝင် ၆၉ ဦး ပါ မြေပြင် ဆေးရုံ တို့သာ ကျန်ရှိတော့သည်။ ၎င်းတို့ အားလုံးသည်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက် ပေးမှသာ လှုပ်ရှား နိုင်စွမ်း ရှိနေ၍ အခက်အခဲများစွာ နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကျန်းမာရေး နှင့် တကိုယ်ရေ သန့်ရှင်းမှု ပြဿနာသည် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာနေသည်။ အထူးသဖြင့် ဝမ်းရောဂါ၊ အစာအိမ်ရောဂါ များ အဖြစ်များလာသည်။ ဆီးချို နှင့် သွေတိုး ဝေဒနာရှင် များ ပုံမှန် သောက်သုံးနေကျ ဆေးဝါးများလည်း အကြီးအကျယ် ပြတ်လတ်လာနေသည်။
စစ်ကောင်စီ တပ်များသည် ကယ်ဆယ်ရေး လုပ်ငန်းများ တွင် ပါဝင်ပတ်သက်မှု သည် မဆိုသလောက်သာ ရှိနေ၍ ကူညီ ထောက်ပံ့မှု များ ပေးနေမှု အား ပိတ်ဆို့နေသည် ဆိုသည်မှာ ပုံကြီးချဲ့ နေခြင်း ဟုလည်း ပြောဆိုမှု များ ရှိနေသည်။
၎င်းတို့ဖက်က လုပ်သင့် လုပ်ထိုက်သည့် တာဝန်များ ပျက်ကွက် နေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ၎င်းတို့ အာဏာ သိမ်းပြီးချိန်ကစ၍ နိုင်ငံ၏ ဖွံ့ဖြိုးမှု သည် နယ်ပယ်အားလုံး တွင် ဆုတ်ယုတ် ကျဆင်းသွားခဲ့သည်ကို ကြည့်က အဆန်းတကြယ် တော့ မဟုတ်ပေ။
ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!