"အမေ ဘာတွေ ပျော်ခဲ့ရသလဲ၊ အမေ့ ဘဝ တလျောက်လုံး အမှတ် စရာ တွေ ဘာများ ရှိခဲ့ဖူးလို့လဲ"
သားဖြစ်သူ ၏ စကား ကို နားထောင်ရင်း မျက်နှာ မသာ မယာ ဖြင့် ခေါင်းပဲ ခါပြလိုက်မိသည်။ သူမ အဖို့က ယခင်က မသိခဲ့ဖူးသည့် ဝမ်းနည်းစရာလည်း ကောင်း၊ ဝမ်းမြောက်စရာလည်း ကောင်းသည့် ခံစားချက် အသစ်တမျိုး လည်း ရလာခဲ့သည်။ ထိုခံစားချက်များသည် သူမ၏ ပူပင်သောက များ နှင့် နာကျင်နေသော နှလုံးသားကို အသာအယာ ပွတ်သပ် ပေးနေသလို ခံစားလာရသည်။
ဤသည်ကလည်း သူမနှင့် ပတ်သက်သည့် အကြောင်း များ ပြောဆိုလာသည့် စကားလုံးများကို ပထမဆုံး အကြိမ် ကြားလာခဲ့ရ၍လည်း ဖြစ်သည်။ သူမ၏ မြူမှုန် များလို ရီဝေပြီး မှုန်ဝါးဝါးနှင့် မျိုသိပ်ထားရသော အတွေးများသည် ပြန်လည် နိုးထလာခဲ့ရသည်။ သူမ ကိုယ်ထဲ တနေရာတွင် ကိန်းဝပ်နေသော ကွယ်ပျောက်လု နီးနီး ဖြစ်နေသော ပုန်ကန်လိုစိတ်၊ ဇဝေဇဝါ နှင့် မကျေမချမ်း ဖြစ်ခဲ့ရမှု များ၊ အတွေးများ၊ ဟိုး အရင် ငယ်ရွယ်နုပျိုစဉ် က အတွေးများ ပြန်လည် နိုးထလာခဲ့ရသည်။
သူမသည် အိမ်နီးချင်းများ နှင့် သူတို့ ကျင်လည်နေရသည့် ဘဝ အကြောင်းများ တခုမကျန် မကြာခဏ ဆိုသလို ပြောဖြစ်ခဲ့ကြသည်။ သို့သော် သူမ အပါအဝင် အားလုံးက ညည်းငြူ ပြောဆိုခဲ့ကြသည်က လွဲ၍ အဘယ်ကြောင့် မိမိတို့၏ ဘဝသည် ကြမ်းတမ်းပြီး ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလို လေးလံနေခဲ့ ရသည် ဆိုသည်က မည်သူကမျှ ရှင်းပြ ပြောဆို နိုင်ခြင်း မရှိခဲ့ပေ။
ယခု တော့ ရှေ့တည့်တည့် တွင် ထိုင်နေသည့် သားဖြစ်သူ သည် သူမ အကြောင်း ကို ပြောဆိုလာနေပြီ ဖြစ်သည်။ သူ၏ မျက်လုံးများ၊ မျက်နှာ အမူ အရာ နှင့် စကားလုံးများသည် သူမ၏ နှလုံးသည်းပွတ် ကို ဆွဲကိုင် လှုပ်ရမ်း လာနေယုံမက သားဖြစ်သူ အတွက် ဂုဏ်ယူ ဝင်ကြွားစိတ်များနှင့်လည်း ပြည့်နှက်လာနေသည်။ သား သည် သူမ ဘဝ ကို ကောင်းစွာ နားလည် ပြီး အမှန်ကို အမှန် အတိုင်း ထုတ်ပြောလာခဲ့သည်၊ သူမ ကြုံလာခဲ့ရသည့် ဒုက္ခ သုက္ခ များ အတွက်လည်း အမေ ဖြစ်သူကိုပင် သနားဂရုဏာ သက်လာခဲ့သည်။
မိခင်များ ဆိုသည်က သားသမီးများ၏ သနားခံများ မဟုတ်ဆိုသည်ကို အမေ သိထားခဲ့ပြီး ဖြစ်သည်။ နားမလည် ဖြစ်နေရသည်က ပါဗယ်သည် သူမနှင့် မည်သို့မျှ မပတ်သက်သော အကြောင်းအရာ များအား ပြောဆိုနေခြင်းကိုပင် ဖြစ်သည်။ သို့သော် သူမ ၏ ဖြစ်တည်မှု၊ ဖြတ်သန်းခဲ့မှု များ အကြောင်း သည် ခါးသီးလှစွာ ရင်းနှီးခဲ့သည့် အမှန်တရားများပင် ဖြစ်သည်။
သူမ အဖို့က ပါဗယ်၏ စကားတိုင်းသည် အပြစ်ဆိုစရာ မရှိအောင် မှန်ကန်လွန်းနေသည်။ သူမ၏ ရင်အစုံသည်လည်း နူးညံ့သော ခံစားချက် နှင့် တဖြေးဖြေး ပိုနွေးလာပြီး သူမ ပြောမပြ တတ်သည့် ကြင်ကြင်နာနာ နှင့် ပွတ်သတ် ခံနေရသည့်အလား တုန်ခါလာနေသည်။
"အဲ့လို ဆိုရင် သား ဘာလုပ်မယ် စိတ်ကူးထားလဲ" ဟု အမေက ဖြတ်မေးလိုက်သည်။
"ကျွန်တော် စာတွေ ဖတ်မယ်၊ ကျွန်တော် သိလာတာတွေကို အခြားသူတွေ သိအောင် သင်ပေးမယ်၊ ကျွန်တော်တို့ အလုပ်သမား တွေ စာတွေ ဖတ်မှ ဖြစ်မယ် အမေ၊ လေ့လာကြရမယ်၊ ကျွန်တော်တို့ ဘဝ တွေ ဘာလို့ ဒီလောက် ဆင်းရဲ ကြမ်းတမ်းနေကြရလဲ ဆိုတာ သိမှ ဖြစ်တော့မယ်"
သား၏ ပြာလဲ့လဲ့ မျက်လုံး အစုံသည် လေးနက် တည်ကြည်မှု အပြည့်ဖြင့် တင်းမာနေသည့် အသွင်မှ ယခုလို နွေးထွေးလာမှု များ နှင့် အတူ တောက်ပလာနေသည်ကို တွေ့လိုက်ရ၍ အမေသည် ကျေနပ်သွားမိသည်။ သူ၏ ကိုယ်တွင်းတွင်လည်း တစုံတခု ကြောင့် နူးညံ့ သိမ် မွေ့စွာ လင်းလက်သလို ဖြစ်လာနေခြင်း ကြောင့်ပင် ဖြစ်မည်။
ပါးရေ တွန့်စ ပြုနေသော မျက်နှာ ပေါ်တွင် မျက်ရည်များ စီးကျနေသည့် ကြားမှ အမေ၏ နူးညံ့သော နှုတ်ခမ်း သည် အားရကျေနပ်သွားသည့်အလား ပြုံးယောင်သန်းလာသည်။
သူမ စိတ်ထဲတွင် တော့ ဖြစ်ပေါ်လာသော ခံစားမှု နှစ်ခု အကြား ယောက်ယက်ခတ်နေသည်။ တဖက်တွင် လူအားလုံး အကျိုးကို ဆောင်ကျဉ်းလိုသည့် သားဖြစ်သူ ၏ ဆန္ဒ ရှိနေမှု ကို ဂုဏ်ယူ မိသလို၊ တဖက်တွင်လည်း ဘဝ ၏ ခါးသီး မှု များ၊ ဖိစီး နှိပ်စက် ခံထားရမှု များကို အရွယ်နှင့် မလိုက်အောင် သိနားလည် လာမှု ကြောင့် သားသည် ရွယ်တူ တန်းတူ များ လို ပြုမူ နေထိုင် ပြောဆို နိုင်ခြင်း ကင်းမဲ့သွားခဲ့သည့် အတွက်လည်း နှမျော မိသလို ဖြစ်ခဲ့ရပြန်သည်။ ယခု သားသည် သူမ အပါအဝင် လူအားလုံးလို လို နေသားကျနေသည့် ဘဝ မျိုးကို တကိုယ်တော် ဆန့်ကျင် တွန်းလှန် ပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဆိုသည်ကို သိလိုက်ရသော ကြောင့်လည်း ဖြစ်သည်။
"ငါ့သားက ဘာလုပ်နိုင်မှာ မို့လို့လဲ၊ သားပဲ ဒုက္ခ ရောက်သွားမှာ" ဆိုသော စကားများ ပြောချင်နေမိသည်။
သို့သော် သား၏ စကားများ နားထောင်ရသည် နှင့် ပင် နားဝင်ချိုနေရ၍ သူမ၏ ကြည်နူးစိတ်များ ပျောက်ပျက်သွားမည်ကို စိုးရိမ် နေမိပြန်သည်။ သားသည် ယခင်က သူမ တခါမျှ မသိခဲ့ဘူးသည့် ပညာရှိ တယောက်၏ ပုံစံမျိုး ကိုယ်ထင်ပြသလို ဘွားကနဲ ထွက်ပေါ်လာသည်ကပင် အတော်လေး ထူးဆန်းနေမိသည်။
ပါဗယ်သည် အမေ့၏ နှုတ်ခမ်းတွင် အပြုံးရိပ်သန်းလာသည်ကို တွေ့လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်ဝင်တစား နားထောင်နေမှု၊ မျက်လုံး အိမ်ထဲတွင် တွေ့နေရသော သူ့ အပေါ် ချစ်သည့် အမေ၏ မေတ္တာတရား ထင်ဟပ်လာနေသည့် အတွက် သူ သိခဲ့သည့် အမှန်တရား ကို အမေ နားမလည် လည် အောင် ပြောမှ ဖြစ်တော့မည်ဟု ယူဆလာပုံရသည်။
သူ့ နှုတ်ဖျားက ထွက်လာမည့် စကားလုံးများ၏ စွမ်းပကား ကို ငယ်ရွယ်သူ ပီပီ ဂုဏ်ယူ နေဟန်လည်း ရှိသည်။ စိတ်အား ထက်သန်လာမှု နှင့် အတူ ပြုံးလိုက်၊ မျက်မှောင်ကြုံလိုက် နှင့် စကားကို စဉ်ဆက် မပြတ် ဆက်ပြောနေသည်။
တခါတရံတွင် သူ့စကားထဲတွင် နာကြည်းမှုများ ရောယှက်လာသည်။ ထိုသို့ ခါးခါးသီးသီး ပြောလာသည်ကို ကြားရသည့် အခါတွင်တော့ အမေသည် ခေါင်းကို ဘယ်ညာရမ်း၍သာ နေမိသည်။ အထိတ်တလန့်လည်း ဖြစ်လာပြီး လေသံတိုးတိုး ဖြင့် ...
"အဲ့လို ကြီးလား သားရယ်" ဟု ရေရွတ်လိုက်မိသည်။