ထရန့်၏ တရုတ် ပေါ်လစီသည် ဟန်ဆောင်ခြင်း သက်သက်ဟု အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဖွင့်ချ (၁)

by Hla Soewai - Jun 19 2020

သမ္မတ ဒေါ်နယ် ထရန့်၏ တရုတ် ရိုက်ပွဲသည် လုပ်ပွဲကြီးသာဖြစ်ပြီး၊ ၎င်းသမ္မတ ပြန်လည် အရွေးခံရရေး အတွက် ရှီကျင့်ဖျင် ကို အကူအညီတောင်းခဲ့၊ အမျိုးသား လုံခြုံရေး ကိစ္စများအားလည်း ရွေးကောက်ပွဲ ပြန်လည် အရွေးခံနိုင်မှု အပေါ် မူတည် သုံးသပ်၊ ဘီဂျင်း၏ လူ့အခွင့် အရေး များ ချိုးဖောက်နေခြင်းအား လျစ်လျူရှု

 

အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘိုလ်တန် သည် အထက်ပါ အကြောင်းအရာ အသေးစိတ်ပါသည်ကို ဇွန်လ ၂၃ ရက်နေ့တွင် တကမ္ဘာလုံးအား ဖြန့်ချီမည့် “The Room Where It Happened: A White House Memoirs” တွင် ဖေါ်ပြထားပါတယ်။

 

ဂျွန် ဘိုလ်တန်သည် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ပိုင်းမှာ တရုတ် အပေါ် သဘောထား အတင်းမာဆုံး ဖြစ်ပြီး ဂျော့ချ် ဒဗလျူ ဘွတ်ရှ် လက်ထက်တွင် ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ မှာ အမျိူးသား လုံခြုံရေး အကြံပေး ဆိုတဲ့ ထိပ်တန်း ရာထူးကို ထရန့်က ခန့်အပ်ခဲ့ပါတယ်။

 

ယခု ထုတ်ဝေမယ့် စာအုပ်အတွက် ဝါရှင်တန်တွင် ပွက်လော ရိုက်နေပြီး တရားရေးဝန်ကြီးဌာနမှ စာမျက်နှာ ၅၀၀ ကျော်ရှိ အဆိုပါ စာအုပ် သည် နိုင်ငံ၏လုံခြုံရေး အား ထိခိုက်နိုင်သော ထိပ်တန်း လျို့ဝှက်ချက်များ ပါနေသည်ဆိုသော အကြောင်းပြချက်နှင့် ဖြန့်ချီခွင့် မပြုရန် ဗဟိုတရားရုံးကို ဦးတိုက်လျှောက်ထားလာပါတယ်။

 

ဘိုလ်တန်ကတော့ ဒီစာအုပ်ပါ အကြောင်းအရာများ အားလုံးသည် အမေရိကန် ၏ လုံခြုံရေး လျို့ဝှက်ချက်တွေ ပါမသွားအောင် အိမ်ဖြူတော်ရှိ အမျိုးသား လုံခြုံရေး အဖွဲ့ဝင်များ နဲ့ အထပ်ထပ် စီစစ်ပြီးမှ ထုတ်ဝေခဲ့တာ ဖြစ်တယ်လို့ ချေပခဲ့ပါတယ်။

 

သို့သော် ဒီစာအုပ်ကို သတင်းစာ တိုက် အတော်များများက ဖတ်ရှုပြီး ဖြစ်တဲ့အတွက် ယခု The Wall Street Journal က စာအုပ်ကောက်နှုတ်ချက်ကို ဇွန်လ ၁၇ ရက်နေ့မှာ ရေးသား ထားတာကို ကျွန်တော် သုံးပိုင်းခွဲပြီး တင်ပြသွားပါ့မယ်။

 

-*************************

တရုတ် ပြည့်သူ သမ္မတ နိုင်ငံ အပေါ် နှစ်ပေါင်း လေးဆယ်ကျော် ကျင့်သုံးလာတဲ့  အမေရိကန်၏ မဟာဗျူဟာသည် အကြောင်း နှစ်ချက်အပေါ် မူတည် ထားပေသည်။ ပထမ တချက်သည် ဈေးကွက်မူဝါဒများ၊ နိုင်ငံခြားမှ ဝင်ရောက် ရင်းနှီးမြုပ်နှံမှု များ ၊ ကမ္ဘာ့ဈေးကွက်များ နှင့် ဆက်စပ်လာပြီး ကြွယ်ဝ ချမ်းသာ လာသည် နှင့်အမျှ ကမ္ဘာ ကျင့်ဝတ်များ ကို လိုက်နာပြီး ပြောင်းလဲသွားမယ်ဆိုတာ ဖြစ်ပါတယ်။

 

ဒုတိယ ယူဆချက်ကတော့ ထိုသို့ ကြွယ်ဝလာကြသည်နှင့် အမျှ နိုင်ငံရေးတွင် ပွင့်လင်းမြင်သာမှု ရှိလာပြီး ပို၍ ဒီမိုကရေစီ ဆန်လာလိမ့်မည်။ ပြည်ပတွင် ဗိုလ်ကျ စိုးမိုးရန် နှင့် ပဋိပက္ခများ မဖြစ်ရန် ရှောင်ရှားလာမယ် ဟူ၍ ဖြစ်ပါတယ်။

 

အဆိုပါ ယူဆချက် နှစ်ရပ်သည် မည်မျှအထိ မှားယွင်းသွားခဲ့သလဲ ဆိုသည့် သက်သေ အဖြစ် အောက်ပါ အချက်များကို ကြည့်က သိသာနိုင်ပါတယ်။

 

တရုတ်တို့ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ် ကို ၂၀၀၁ ခုနှစ်အတွင်း မရမက ဝင်ရောက်လာမှုကြောင့် အမေရိကန်သည် မဟာဗျူဟာ၏ အောင်ပွဲအဖြစ် ကြိုဆိုခဲ့ကြပေမယ့် တရုတ်က အဖွဲ့ဝင် ဖြစ်လျှင် ဖြစ်ချင်းပဲ အဖွဲ့ကြီး၏ လွတ်လပ်တဲ့ ကုန်သွယ်ရေး မူဝါဒများကို ၎င်းတို့ ကုန်သွယ်လို့ ရမယ့် ပုံစံမျိုး ဖြစ်အောင် ပြောင်းလဲဖို့ လုပ်လာပါတယ်။ တီထွင် ဖန်တီးမှု မူပိုင်ခွင့် များကို ခိုးယူခြင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းများ၏ နည်းပညာများကို အတင်းအကျပ် လွှဲပြောင်း စေခြင်း ဖြင့် စီးပွားရေး ကိုလည်း ဆက်လက်ပြီး အာဏာရှင်ဆန်ဆန် စီမံခန့်ခွဲလုပ်ကိုင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

 

နိုင်ငံရေး မှာလည်း ဒီမိုကရေစီ နဲ့ နီးကပ်မလာတဲ့ အပြင် ပို၍ ဝေးကွာလာပါတယ်။ တရုတ်ပြည်တွင် ယခုအခါ မော်စီတုံးပြီးရင် ဩဇာအထက်မြက်ဆုံး ခေါင်းဆောင်သည် ရှီကျင့်ဖျင် ဖြစ်နေပါတယ်။ လူမျိုးရေး နဲ့ ဘာသာရေး နှိပ်ကွပ်မှုများ ကိုလည်း အကြီးအကျယ် ကျူးလွန်နေပြီးဖြစ်သည့်အပြင် ကြောက်စရာ အကောင်းဆုံး ဆိုက်ဘာ စစ်ဆင်ရေး ပရိုဂရမ် များ တီထွင် ပိုင်ဆိုင်နေပြီး နှစ်ပေါင်း ၅၀၀ အတွင်း ပထမဆုံးအကြိမ် အင်အားကြီးမားတဲ့ ရေတပ်ကြီးကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ နျူကလီးယား လက်နက်များ၊ ဒုံးကျည်အမျိုးမျိုး တို့လည်း စုဆောင်းသိုလှောင်ထားပြီး ဖြစ်နေပါတယ်။

 

ဒါတွေအားလုံးကို ကျွန်တော် အနေနဲ့ အမေရိကန်၏ လုံခြုံရေး နဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေမှုလို့ ရှုမြင်ခဲ့ပေမယ့် အိုဘာမား အစိုးရကတော့ ဘယ်လိုမှ မနေပဲ ထိုင်ကြည့်နေခဲ့ပါတယ်။

 

သမ္မတ ဒေါ်နယ် ထရန့်ကတော့ တရုတ်ပြည်နဲ့ ပတ်သက်ပြီး အမေရိကန် တို့ တစထက်တစ စိုးရိမ်မကင်းဖြစ်လာနေတာ ကို အတော်များများ အပိုင်းတွေမှာ လက်ခံခဲ့ပါတယ်။ အဓိက ကျတဲ့ အမှန်တရား တခု ဖြစ်တဲ့ နိုင်ငံရေး နှင့် စစ်ရေး အာဏာသည် ခိုင်မာတောင့်တင်းသော စီးပွားရေး ပေါ် တည်မှီနေတယ်ဆိုတာ လက်ခံခဲ့ပါတယ်။ ဒီအတွက် အမေရိကန်တို့ အကျိုးယုတ်စေပြီး ၎င်းတို့သာ ကြီးပွားလာနေတဲ့ အဖြစ်ကို ရပ်ဆိုင်းပြစ်ခြင်းဖြင့်သာ တရုတ်ကို စစ်ရေးအရ အနိုင်ယူနိုင်မယ်လို့ မကြာခဏ ဆိုသလို ထုတ်ပြောလာခဲ့ပါတယ်။ ဤသည်ကလည်း အခြေခံအားဖြင့် မှန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

 

သို့သော် ပြဿနာ ဖြစ်လာရသည်က တရုတ်တို့ရဲ့ ခြိမ်းခြောက်လာနေမှုကို တကယ်တမ်းမှာ ထရန့် ဘာတွေ လုပ်ခဲ့လဲ ဆိုတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အကြံပေး တွေကြားမှာလည်း အတတ်လွန်ပြီး အယူအဆအမျိုးမျိုး ကွဲလွဲနေကြပြန်ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီး စတီဗင် မနူရှင် လို ‘ပင်ဒါကြီးပဲ ပြေးဖက်တော့မယ်” ဆိုတဲ့ လူမျိုးတွေ၊ အမျိုးသား စီးပွားရေး ကောင်စီ ဒါရိုက်တာ လာရီ ကပ်လိုး လို လွတ်လပ်တဲ့ ကုန်သွယ်ရေး ဝါဒသမားတွေ၊ တရုတ်အပေါ် သဘောထား ပြင်းထန်တဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝီလ်ဘာ ရော့စ်၊ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ရောဘတ် လိုက်ဟိုင်ဇာ၊ အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေး ပီတာ နာဗာရို လို လူမျိုးတွေ ခြံရံနေပါတယ်။

 

ကျွန်တော်သည် ထရန့် အစိုးရအဖွဲ့ထဲတွင် အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် ၂၀၁၈ ဧပြီလ ထဲမှာ ပါဝင်လာပြီးကထဲက တရုတ် အပေါ် ထားမယ့် ကုန်သွယ်ရေး မူဝါဒ တခုကို မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်းစေချင်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့မှာ “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကြီး” ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်သံကြီး ရှိနေပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဆိုင်းဘုတ် အဖြစ်သာ ထောင်လို့ရမယ့် ကြွေးကြော်သံ ဖြစ်နေပြီး တကယ်တမ်းမှာ အမေရိကန်-တရုတ် ကုန်သွယ်ရေး ပြဿနာရဲ့ တွင်းနက်ကြီးထဲ စုတ်ယူ မခံရအောင် မနည်းရုန်းကန်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

 

ကုန်သွယ်ရေး ကိစ္စတွေကိုလည်း ပထမနေ့ က စပြီး ကသောင်းကနင်း ကိုင်တွယ်ခဲ့ကြတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေး ခက်ခဲလှတဲ့ ပြဿနာများကို ကိုင်တွယ်ရာမှာ ထရန့် လုပ်ချင်တဲ့ နည်းကတော့ လူနဲနဲ လောက်ကို သူရဲ့ ဘဲဥပုံ ရုံးခန်းထဲ ဖြစ်ဖြစ်၊ ရု့စ်ဘဲလ် ခန်းမထဲ ဖြစ်ဖြစ် ခေါ်ပြီး ကြိတ်ဝိုင်းဖွဲ့ ဆွေးနွေးလိုတာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ပြဿနာတခုကနေ ရှေ့မတက်တော့ပဲ ထပ်တလဲလဲ  ငြင်းကြခုံကြ၊ နောက်ဆုံး တခုခု ဆုံးဖြတ်လာနိုင်ပြန်တော့လည်း နောက်ရက်အနည်းငယ်လောက်ဆို တမျိုး ပြန်ဖြစ်သွားပြန်ပါတယ်။ ဒါတွေ မြင်ရကြားရတော့ ခေါင်းတွေတောင် မူးနောက်လာပါတယ်။

 

၂၀၁၈ နိုဝင်ဘာလမှ ကွန်ဂရက်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ ကျင်းပမယ့် အချိန် နီးလာတဲ့ အထိ တရုတ်နဲ့ ကုန်သွယ်ရေး ပိုင်းမှာ တိုးတက်မှု ဆိုလို့ မည်မည်ရရ ဖြစ်မလာခဲ့သေးပါဘူး။ အားလုံးက နောက်လထဲမှာ  ဗြူနိုအေယိစ် ၌ ကျင်းပဖို့ ရှိနေတဲ့ G-20 ထိပ်သီး ဆွေးနွေးပွဲကို အာရုံစိုက်လာကြပါတယ်။ ထရန့်နဲ့ ရှီတို့ နှစ်ဦးချင်း တွေ့ဆုံနိုင်မယ့် နေရာ ဖြစ်နေလို့ပါပဲ။ ကြီး နှစ် ကြီး ဆွေးနွေးမယ်။ ဥရောပကို ဘေးချိတ်ပြီး သဘောတူညီချက် တခုမဟုတ် တခု ရလာနိုင်မယ်လို့ မျှော်လင့်နေကြလို့ပဲ ဖြစ်ပါတယ်။

 

သို့သော် ဘာတွေများ မှားသွားစရာ ရှိနိုင်ပေဦးမည်နည်း။ ဟိုက်လိုင်ဇာ က ထရန့်ကို အခုလို တယောက်တည်း လွှတ်ပေးလိုက်ရတဲ့အခါမျိုးမှာ  ဘယ်လောက်များများ သူ့ဖက်က တရုတ်ကို လိုက်လျောမှုတွေ ပေးလာမှာလဲ ဆိုတာ စိုးရိမ်နေပါတယ်။

 

ဒီဇင်ဘာ ၁ ရက်နေ့၊ ဗြူနိုအေယိစ် ညစာစားပွဲ မှာတော့ ရှီ က ထရန့်သည် မည်မျှအထိ အံ့ဩချီးကျူးဖွယ် လုပ်ရပ်တွေ လုပ်ခဲ့လဲ ဆိုတာ စပြောပြီး သကြားထူထူ ကျွေးလာပါတယ်။ ဒီလို တသီကြီး ပြောနိုင်အောင်လည်း ရှီ ကို ပြင်ဆင်ပေးလိုက်ကြပုံရှိပါတယ်။ သူ့ရှေ့က စာရွက်ကို တချက် ငဲ့ကြည့်လိုက် ပြောလိုက် လုပ်နေတာ တွေ့ရလို့ပါပဲ။ ဒီနေရာမှ ထရန့်သည် ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိပဲ လက်တန်း ပြောချင်ရာ ပြောတတ်တဲ့ လူဖြစ်တာ သိနေတာကြောင့် သူနဲ့ အတူ ပါလာတဲ့ လူမှန်သမျှ ဘာများ ပြန်ပြောလိုက်မလဲ။ ဘာတွေ လိုက်လျော ဦးမလဲဆိုတာ ရင်တမမ နဲ့ ဖြစ်နေကြပါတယ်။

 

ဒီပွဲမှာ ရှီ က ထရန့်နဲ့ နောက်ထပ် ခြောက်နှစ် လောက် လက်တွဲ လုပ်ချင်ပါသေးတယ်လို့ ထူးထူးခြားခြား ပြောလာပါတယ်။ ထရန့်က အမေရိကန် ဖွဲ့စည်းပုံပါ သမ္မတ သက်တမ်း နှစ်ကြိမ်သာ ရှိရမယ်ဆိုတာကို သူ့အတွက် ဖျက်သိမ်းပေးသင့်ကြောင်း လူတွေက ပြောနေကြတယ်လို့ ပြန်ပြောလိုက်ပါတယ်။ ရှီက ဒါကို သူလည်း သဘောတူကြောင်း ခေါင်းတငြိမ့်ငြိမ့် လုပ်ပြရင်းက အမေရိကန်မှာ ရွေးကောက်ပွဲတွေ များလွန်းပြီး သူ့အဖို့ ထရန့်ကနေ အခြားလူ နဲ့ ပြောင်းမလုပ်ချင်ဘူးလို့ ပြောလာပါတယ်။

 

နောက်ဆုံး မှာ ရှီ က တရုတ်ရဲ့ အနေအထားကို ချပြလာပါတယ်။

 

(ဇွန်လ ၁၇ ရက်နေ့ထုတ် The Wall Street Journal သတင်းစာကြီးပါ “John Bolton: The Scandal of Trump’s China Policy” မှ တင်ပြသည်။)