အုပ်ချုပ်ရေး ကင်းမဲ့လာနေသော လားရှိုး နှင့် TNLA ၏ ပြတ်သားသော သဘောထား

by Hla Soewai - May 14 2025

ပြီးခဲ့သည့် နှစ်ပတ် က လားရှိုး မှ MNDAA တပ်များ ပြီးစလွယ် ထွက်ခွာ ‌သွားခြင်းကြောင့် လားရှိူး တွင် အုပ်ချုပ်ရေး ဖရိုဖရဲ ဖြစ်ကျန်ရစ်ခဲ့ကြောင်း ဧရာဝတီ တွင် သတင်း တွင် ဖေါ်ပြထားသည်။

 

တရုတ်၏ အတင်းအကျပ် ဖိအားပေးမှု ကြောင့် ဧပြီ ၂၁ ရက်တွင် ရုတ်ခြည်း ဆုတ်ခွာ သွားပြီး စစ်ကောင်စီ တပ်များ နေရာဝင်ယူလာခဲ့သည်။ (ပုံတွင် ရှု့)

 

ထိုအဖြစ်သည် နှစ်ဖက်စလုံး အတွက် လွန်စွာ သနားစဖွယ် ကောင်းလှသည်ဟု သာ ဆိုရမည် ဖြစ်သည်။

 

စစ်ကောင်စီ တပ်များသည်လည်း ဟန်ရေးပြ ဝင်ရောက်လာရသော်လည်း မြို၏ အုပ်ချုပ်ရေး ကို စီမံ နိုင်ခြင်း မရှိဘဲ လားရှိူး တက္ကသိုလ် ဝင်း အတွင်း ခံတပ် ကြီး သဖွယ် ပြင်ဆင်ကာ ခိုအောင်းနေကြသည်ဟု ဆိုသည်။ ရဲ တပ်ဖွဲ့ဝင်များလည်း တပတ်အကြာမှ ရောက်ရှိလာကြသည်၊ နီးရာဓါးကို ကြောက်နေရ၍သာ ရောက်လာကြရသူ များလည်း ဖြစ်သည်။

 

၎င်းတို့အားလည်း ပန်းစီးများ၊ အိုးစည် ဗုံမောင်းများ နှင့် ကြိုဆို့မည် လူများ မရှိ၊ အိမ်များထဲမှ စိုးရိမ်တကြီး နှင့် ချောင်းကြည့်နေကြသူများသာ ရှိပေလိမ့်မည်။

 

MNDAA သည် လားရှိုးကို ပုံမှန် အနေအထား ရောက်လုနီးနီး တည်ဆောက်ပေးခဲ့ပြီးမှ ယခုလို အာဏာသိမ်း စစ်ဘီလူးများ လက်ထဲ ဝ ကွက် အပ်ခဲ့ရခြင်း လည်း ဖြစ်သည်။

 

လားရှိုး မြို့ခံ တဦးကလည်း ယခင် တိုက်ပွဲ များ‌ ကြောင့် ငွေကုန်ကြေးကြ ခံကာ ထွက်ပြေးခဲ့ရပြီး ပြန်ရောက်လာပြီးမှ ယခုတခါ အိမ်လည်း အဖေါက်ခံထားရ၍ ထပ် မပြေး နိုင်တော့၊ အပြင်သို့ လည်း စိတ်ချလက်ချ မထွက်ရဲ တော့ဟု ဧရာဝတီသို့ ပြောပြခဲ့သည်။

 

လားရှိူး တွင် တောကြောင်များ လက်ခမောင်း ခတ်နေကြပြီး လုယက်မှု နှင့် ခိုးမှု များ နေရာအနှံ့တွင် ဖြစ်ပွားနေသည်။ လမ်းမ ကြီးများ ပေါ်ရှ်ိ အိမ်များသာ လုံခြုံနေပြီး လမ်းသွယ်များရှိ အိမ်များ အဖို့ မည်သို့မျှ လုံခြုံစိတ်ချစွာ မနေရဲကြဟု ဆိုသည်။

 

MNDAA တပ်များ ထွက်ခွာသွားပြီး နောက်ပိုင်း ဓါးပြ တိုက်မှု အနည်းဆုံး ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသ ခံ သတင်း မီဒီယာ များက ဖေါ်ပြခဲ့ကြသည်။ တရုတ် ခြေသလုံးဖက်ပြီး မှ ဝင်လာရသော စစ်ကောင်စီ ကို (မင်းတို့ကို ဒါပဲ ထင်တယ် ဟု ဆိုကာ) လက်နှစ်ချောင်း ထောင်ပြလိုက်သည့် သဘောဖြင့် ထောင် ခါ ပေးခဲ့ပြန်သည်။ အုပ်ချုပ်ရေး ယန္တရားလည်း လုံးဝပြိုလဲကာ ဖရိုဖရဲ ဖြစ်ကျန်ရစ်ခဲ့သည်။

 

ကျန်းမာရေး ဝန်ထမ်းများလည်း MNDAA နှင့် အတူ လိုက်ပါသွားကြသည်။ စစ်ကောင်စီ ကလည်း ထိုကိစ္စ ကို အရေးထားစရာ သဘော မယူဆသူများ ဖြစ်၍ မြို့၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ သည် လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။

 

ပုဂ္ဂလိက ဆေးခန်းများလည်း လုယက်မှု၊ ဓါးပြတိုက်မှု များ ကြောင့် ရလာသော ဒဏ်ရာများကို ကုသပေးရန် ငြင်းဆန်နေကြသည်ဟု မြို့ခံတဦးက ဆိုသည်။

 

MNDAA သည် အရေးပေါ် လူနာ များ ရှိက ၎င်းတို့ နယ်မြေ များရှိ လောက်ကိုင် နှင့် သိန္နီ မြို့များသို့ ‌စေလွှတ်ကြရန် မြို့ခံများကို အ‌သိပေးထားသည်ဟုလည်း သိရသည်။

 

ယခုအခါ မြို့အဝင်အထွက်များ တွင် စစ်ကောင်စီ တပ်များ နှင့် MNDAA တို့ နှစ်ဖက်စလုံးက စစ်ဆေးရေး ဂိတ်များ ချထားပြီး တင်းကျပ်စွာ စစ်ဆေးလျက် ရှိနေသည်။

 

စည်ပင်သာယာ လုပ်ငန်းများလည်း လုံးဝ ရပ်ဆိုင်းသွား ပြီ၍ မြို့တွင် အမှိုက်သိမ်းမည့် လူပင် မရှိတော့ဟု ဆိုသည်။ အချို့ ရပ်ကွက်များ တွင် လျပ်စစ်မီး မရ‌တော့၍ မှောင် နှင့် မည်းမည်း ဖြစ်နေသည်။

 

သို့သော် ကေတီဗီ များတွင် နေ့ည မပြတ် မီးမှန်မှန် ရနေပြီး အချို့ရပ်ကွက်များ တွင် တပါတ်လျင် တကြိမ် နှစ်ကြိမ်ခန့်သာ မီးရနေကြောင်း၊ ဖုန်းတခါ အားသွင်းလျင် တထောင် ကျပ်၊ ပါဝါ ဘဏ့် အတွက် ငါး ထောင်ကျပ် ပေးရကြောင်း ဒေသခံများ အဆိုအရ သိရသည်။

 

တရုတ် သံတမန် တိန်ရင်ချွန်းသည် လားရှိူးအား ပြန်လည် လွှဲပြောင်းပေးသည့် လုပ်ငန်းအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြီးကြပ်နေပြီး ၎င်းနှင့် အတူ တရုတ်အဖွဲ့ တဖွဲ့လည်း အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ရန် ရောက်လာကြသော်လည်း လားရှိုး မြို့တွင် ဖြစ်ပျက်နေသည်များကို ၎င်းတို့ နှင့် မဆိုင်သလို နေနေကြသည်ဟု ဆိုသည်။

 

အကြမ်းဖက် စစ်ကောင်စီ မှ လေကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး ဆရာသမား ဖြစ်သူ တရုတ် အစိုးရကလည်း စီးပွားရေး အရ ဖြတ်တောက် ပိတ်ဆို့မည်ဟု အကျပ်ကိုင်လာသဖြင့် MNDAA သည် မတတ်သာဘဲ အညံ့ခံလိုက်ရခြင်းလည်း ဖြစ်သည်။

 

TNLA နှစ် စစ်ကောင်စီ တို့ အကြား ဧပြီ ၂၈၊ ၂၉ တွင် ကူမင်း၌ ပြုလုပ်သော ဆွေးနွေးပွဲ ပျက်ပြား သွားပြီး နောက် စစ်ကောင်စီမှ TNLA သိမ်းပိုက် နယ်မြေ များကို လေကြောင်းမှ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာခဲ့သည်။

 

စစ်ကောင်စီမှ TNLA သိမ်းပိုက်ထားသော သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် နှင့် မိုးကုတ် မြို့ ငါး မြို့ကို ပြန်ပေးရန် တောင်းဆိုခြင်းကို ငြင်းဆန်ခဲ့သဖြင့် ယခုလို တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

 

TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်းလက ယမန်နေ့ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဘုံရန်သူ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို မိမိတို့၏ မဟာမိတ်တွေ(NUG အပါအဝင်) များနှင့် ဆက်လက်လက်တွဲသွားမည် ဖြစ်ကြောင်း၊ လတ်တလော TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိနေသော်လည်း ပြန်ပေးမည်မဟုတ်ကြောင်း၊ လားရှိုးလို မဖြစ်ရေးအတွက် ပြည်သူတွေက တက်တက်ကြွကြွ ပါဝင်ပေးကြရန် နှင့် မြို့ကာကွယ်ရေးတပ်များတွင် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါရန် " ဟု TNLA ၏ သဘောထား ကို ပြတ်သားစွာ အသိပေးလိုက်ပြီ ဖြစ်သည်။ 

 

ပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ ကြီးနိုင်ငယ်ညှင်း၊ အင်အားကြီးသူ အနိုင်ရစတမ်း ဆိုသည့် တရိစ္ဆာန် တို့၏ တောတွင်းဥပဒေသ ကိုင်စွဲလာခြင်းကို ဝိုင်းဝန်း ဆန့်ကျင်ကြပြီး TNLA နှင့် အတူ ပြတ်သားစွာ ရပ်တည်သွားရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချ အောင်ရမည်!!!