ထရန့်၏ တရုတ် ပေါ်လစီသည် ဟန်ဆောင်ခြင်း သက်သက်ဟု အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဖွင့်ချ (၃)

by Hla Soewai - Jun 19 2020

ထိုအကြောင်းများနဲ့ အခြား ရှီ နဲ့ ထရန့် အကြား အလားတူ ပြောဆိုမှုတွေကို ကြည့်ရင် ဘယ်လိုမှ လက်ခံလို့ မရတဲ့ အပြုအမူ အပြောအဆိုတွေ ဖြစ်ပြီး သမ္မတ အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် ရှိနေမှုကို တိုက်စားလာခဲ့ပါတယ်။ အကယ်၍သာ ဒီမိုကရက်များက ၂၀၁၉ ခုနှစ်အတွင်း သူ့ကို တရားစွဲဆိုနိုင်ဖို့ လုံးပမ်းခဲ့ရာတွင် ယူကရိန်း အရေးကိုသာ အာရုံစိုက်မနေပဲ သူရဲ့ နိုင်ငံခြားရေး မူဝါဒ ပိုင်း ဆိုင်ရာ အပြုအမူအားလုံးကို စနစ်တကျ စုံစမ်း စစ်ဆေးဖို့ အချိန်ယူခဲ့မည်ဆိုလျှင် ထွက်ပေါ်လာမယ့် ရလဒ်သည် တမျိုးတဖုံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

 

ကုန်သွယ်ရေး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေစဉ် မှာပင် ဟောင်ကောင်အပေါ် တရုတ်၏ အနိုင်ကျင့် ဗိုလ်ကျလာမှုများအပေါ် မကျေနပ်မှုတွေ တိုးပွားလာနေပြီ ဖြစ်ပါတယ်။ တရားခံ ကို ပြည်မကြီးထံ ပြန်ပို့ပေးရေး ဥပဒေကြမ်းမှ စတင် လာခဲ့တဲ့ မီးပွားသည် ၂၀၁၉ ဇွန်လမှ စ၍ လူထု အုံကြွမှုကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဇွန်လ ၁၂ ရက်နေ့ ဟောင်ကောင် ဆန္ဒပြပွဲကြီးတွင် လူပေါင်း ၁.၅ သန်းအထိ ပါဝင်လာပြီ ဆိုတဲ့ သတင်းကို ထရန့် သိလိုက်ရချိန်မှာ ထရန့်ရဲ့ ထိုသတင်း အပေါ် တုန့်ပြန်မှုကို ကျွန်တော် ပထမဆုံး အဖြစ်ကြားခဲ့ရပါတယ်။ “ဒါ အတော် ကြီးလေးတဲ့ ကိစ္စပဲဗျ” ၊ ထိုသို့ ပြောရင်းက တဆက်တည်း “ကျုပ်တော့ ဝင်မပတ်သက်ချင်ဘူး၊ ကိုယ့်ဆီမှာလည်း လူ့အခွင့်အရေး ပြဿနာတွေက ရှိနေတာ ဆိုတော့” ဟု ဆက်ပြောလိုက်ပြန်သည်။

 

ကျွန်တော်အဖို့က ဟောင်ကောင်တွင် ဖြစ်ပေါ် ပြောင်းလဲလာမှုများကို တရုတ် အပေါ် ဖိအားတရပ်အနေနဲ့ အသုံးချ နိုင်ဖို့ ထရန့် ရှုမြင်လိမ့်မယ် လို့ ထင်ထားခဲ့တာ ဖြစ်ပါတယ်။ သူ့အပေါ် ဤကဲ့သို့ ထင်ထားသည်ကပင် ကျွန်တော့် အမှား ဖြစ်ပါတယ်။ ထိုလ ထဲမှာ ပဲ တရုတ်တို့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ တီယန်မင် ရင်ပြင် ဆန္ဒပြပွဲကြီး နှစ် သုံးဆယ် ပြည့်ချိန် ရောက်လာပြီ ဖြစ်ပါတယ်။ သို့သော် ထရန့်က အိမ်ဖြူတော်ကနေ ကြေငြာချက် ထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ ၁၅ နှစ်တုန်းက ကိစ္စတွေပဲဗျာ” ဟု တလွဲ ပြောခဲ့ပြီး “ဘယ်သူက ဂရုစိုက်တော့မှာ လဲ၊ အခု ကျုပ်က တရုတ်နဲ့ သဘောတူညီချက်တခု ရအောင် လုပ်နေတာ၊ ကျန်တာ ဘာမှ မလိုချင်ဘူး" ဟု ပြောပြီး ထိုကိစ္စလည်း အဆုံးသတ်သွားခဲ့ပါတယ်။

 

ဝီဂါများ အပေါ် တရုတ်က ခြေမြန်လက်မြန်နဲ့ ဆက်လက် ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အိမ်ဖြူတော် ခရစ်စမတ်ညစာ စားပွဲမှာ ထရန့်က ဝီဂါတွေ အပေါ် တရုတ် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မိမိတို့မှ ပြစ်ဒဏ်ခတ်ဖို့ ဘာလို့ များ ထည့်စဉ်းစားနေကြရတာတုန်း ဟု ကျွန်တော့်ကို မေးခဲ့ဖူး ပါတယ်။

 

၂၀၁၉ ခုနှစ် ဇွန်လ အိုဆာကာ G-20 ထိပ်သီး ဆွေးနွေးပွဲ အဖွင့်နေ့မှာပဲ စကားပြန်များလည်း ရှိနေစဉ်မှာ ရှီ က ရှင်ကျန်း ရှိ ဝီဂါများ အတွက် ဘာလို့ သုံ့ပန်းစခန်းလို့ ခေါ်လို့ရတဲ့ စခန်းတွေ တည်ဆောက်နေရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ထရန့် ကို ရှင်းပြလာပါတယ်။ ကျွန်တော်တို့ ဖက်ရှိ စကားပြန် အဆိုအရ ရှီ အနေနဲ့ ဆောက်နေတဲ့ ကိစ္စကို ဆက်လုပ်သင့်ကြောင်း ထရန့်က ပြောခဲ့ပြီး သူ့စိတ်ထဲမှာလည်း လုပ်သင့် တဲ့ ကိစ္စလို့ ယူဆထားတာလည်း ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး ကောင်စီ အဖွဲ့ဝင် အာရှ ရေးရာ ကျွမ်းကျင်သူ မက်သယူး ပိုတင်ဂျာ က ထရန့် ဟာ ၂၀၁၇ ခုနှစ် တရုတ် ခရီးစဉ် အတွင်း မှာ လည်း ဒီလိုမျိုး ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။

 

ထရန့်က အထူးသဖြင့် တိုင်ဝမ် အရေး အပေါ် အတော်လေး အစာမကြေ ဖြစ်နေပါတယ်။ ဒါကလည်း တရုတ်ပြည်က အရင်းအနှီးတွေနဲ့ ချမ်းသာကြွယ်ဝနေကြတဲ့ ဝေါစထရိ လမ်း က သူဌေး ကြီးတွေ ရဲ့ စကားကို နားယောင်နေတာကြောင့် ဖြစ်ပါတယ်။ တိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး သူ့လက်သုံးစကားကတော့ လက်ထဲက ရှပ်ပီ မတ်ကာ နဲ့ ဘဲဥပုံ ရုံးခန်း ထဲက သူ့စားပွဲပေါ်မှာ “ဒါက တိုင်ဝမ်” ၊ “ဒါက တရုတ်ပြည်ကြီး” လို့ ပြောတာပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဒီမိုကရေစီ မဟာမိတ် နိုင်ငံအပေါ် သူ့ရဲ့ တာဝန်ခံချက်က ဘယ်လောက် အတိုင်း အတာအထိ ပဲ ရှိတယ်ဆိုတာ ပြဆိုနေပါတယ်။

 

၂၀၂၀ ထဲမှာတော့ ကော်ရိုနာဗိုင်းရပ်စ်နဲ့ အတူ တရုတ်ပြည်ထဲမှာ မိုးခြိမ်းသံတွေ ထွက်လာနေပါတယ်။ ဒီကပ်ရောဂါ ဆိုးကြီး နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ခြင်း၊ လီဆယ်ခြင်း နဲ့ သတင်း ကို ပုံဖျက်ခြင်း များ ပြုလုပ်နေခဲ့ပါတယ်။ ဆေးပညာရှင်များ နဲ့ အခြားလူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကိုလည်း ချိုးနှိမ်ထားတာတွေ လုပ်လာနေပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်နဲ့ အခြားနိုင်ငံများမှ သတင်းအမှန်တွေ သိရအောင် ကြိုးပမ်းမှုတွေကိုလည်း အဟန့်အတား ဖြစ်အောင် လုပ်ခဲ့ရုံမက သတင်းအမှားတွေကို ကမ်းပိန်းတခု အနေနဲ့ တက်တက်ကြွကြွ ဖြန့်ဝေလာခဲ့ပါတယ်။ ဒါ့အပြင် ကော်ရိုနာဗိုင်းရပ်စ်သည် တရုတ်က စ ဖြစ်ခဲ့တာ မဟုတ်ဘူးလို့လည်း ငြင်းချက် ထုတ် လာပြန်ပါတယ်။

 

ဒီအရေး နဲ့ ပတ်သက်ပြီး ထရန့် ရဲ့ တုန့်ပြန်မှုတွေ အပေါ် အပြစ်တင်စရာ အများအပြား ရှိနေပါတယ်။ အစပိုင်းမှာ အဆိုပါ ရောဂါပိုးအား ‘ထိန်းချုပ်နိုင်ပြီ” ဖြစ်ပြီး စီးပွားရေး မှာလည်း မဆိုသလောက်သာ ထိခိုက်မှု ရှိတယ်လို့ မရပ်မနား ပြောလာနေခဲ့ပါတယ်။ လူထု ကျန်းမာရေး အကျပ်အတည်းကြီး ကြုံနေချိန်မှာတောင် ထရန့်က သူ့ဝသီ အတိုင်း ကိုယ်လွတ်ရုန်း ဖို့ပဲ ပြောဆိုနေတာ ကြောင့် သူ့တင်မက နိုင်ငံအပေါ် ယုံကြည်မှု ကိုပါ ထိခိုက်လာခဲ့ရပါတယ်။ သူ့ရဲ့ အပြောအဆိုတွေ ကြည့်ရင် လူထုကို တာဝန်သိသိ နဲ့ ကျန်းမာရေး အကြံပေး ချက်တွေ ပြောတာထက် သူ့အပေါ် နိုင်ငံရေး အရ ထိခိုက်လာမှာတွေကို ကာကွယ်နေတာက ပိုများနေပါတယ်။

 

ကျန်တာတွေကတော့ သိပ်အရေးမကြီးတဲ့ အပိုင်းလောက်ပဲ ပြောဖို့ ရှိပါတော့တယ်။အိမ်ဖြူတော်ကို စရောက်လာတဲ့ ပထမလ မှာ ကျွန်တော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ ရဲ့ အထွေထွေ လုပ်ငန်းပိုင်း ချော့မွေ့အောင် ဝန်ထမ်းတွေ တာဝန်ပေးခြင်း ခန့်အပ်ခြင်းတွေ လုပ်ခဲ့ပါတယ်။ ဝန်ထမ်းတွေ တဦးနဲ့ တဦး အလုပ်တာဝန်တွေ မထပ်ရအောင်၊ တဦး လုပ်နေတာ တဦးက မသိပဲလုပ်နေတာတွေ မဖြစ်ရအောင်၊ အချင်းချင်း ညှိနှိုင်းပြီး စွမ်းဆောင်ရည် ပြည့်ဝအောင် ၊ စီမံခန့်ခွဲခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်က ကမ္ဘာ့ကျန်းမာရေး နဲ့ ဇီဝ ကာကွယ်ရေး ဆိုင်ရာ ဦးစီးဌာနကို ဇီဝ၊ ဓါတု နှင့် နျူကလီးယား လက်နက်များ ဆိုင်ရာ ဌာနအောက်ကို ရွှေ့ပြောင်းဖို့ လုပ်ခဲ့ပါတယ်။ ဇီဝလက်နက်များ နဲ့ အတိုက်ခိုက်ခံရမှု ၊ ပိုးမွှားကပ်ရောဂါ ဘေးသင့်မှုမှ ကာကွယ်ရေး က အတော်ကို တူညီနေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးဝါး ဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လူထု ကျန်းမာရေး ကျွမ်းကျင်သူတွေ အတူ လက်တွဲ လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဌာန နှစ်ခု ပေါင်းတာကလွဲပြီး အားလုံး အရင်လုပ်နေကျ အလုပ်တွေကိုပဲ ဆက်လုပ်သွားကြရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်း ဖွဲ့စည်းပုံ ပြောင်းလဲမှုကို အတတ်နိုင်ဆုံး နှိုင်းယှဉ်ပြရမယ်ဆိုရင် ထရန့်ရဲ့ အိမ်ဖြူတော်မှာ ကသောင်းကနင်းလုပ်ရပ်တွေကို ဆူနာမီ မုန်တိုင်း လို့ ပြောရင် ကျွန်တော်လုပ်ရပ်ကို ပျားတကောင်ရဲ့ တောင်ပံ ခတ်မှုကြောင့် သိမ့်သိမ့်တုန်သွားသလောက်ပဲ အကျိုးသက်ရောက် ခဲ့ပါတယ်။ အိမ်ဖြူတော် အထက်ပိုင်းက ဒီလို လုပ်ရပ်တွေအပေါ် တုံဏှိဘာဝေ ရှိနေခဲ့ပေမယ့် တာဝန်သိတဲ့ ကျွန်တော့် ဝန်ထမ်းတွေကတော့ ကပ်ရောဂါကြီး အတွင်း သူတို့ရဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်ခဲ့ကြပါတယ်။ လော့ဒေါင်းလုပ်ဖို့၊ လူချင်းခွာနေသင့်တာတို့ အစရှိတာတွေကို ထရန့် က မတ်လထဲကျမှ စ လုပ်ခဲ့ပေမယ့် ဒီမတိုင်မီကတည်းက ပြောဆို တင်ပြခဲ့ကြပါတယ်။ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ဇီဝလုံခြုံရေး အဖွဲ့က သူတို့ လုပ်ဖို့ တာဝန်ရှိတာတွေကို အတိအကျ ထမ်းရွက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘဲဥပုံရုံးခန်းက Resolute Desk လို့ ခေါ်တဲ့ စားပွဲကြီး နောက်က ခုံမှာတော့ လူ မတွေ့ရတော့ပါဘူး။

 

ယခု အချိန်က ၂၀၂၀ ရွေးကောက်ပွဲ ရာသီ ရောက်လာပြီ ဖြစ်တဲ့ အတွက် ထရန့် က တရုတ် ဆန့်ကျင်ရေး စကားတွေ တွင်တွင် ပြောလာနေပါတယ်။ တရုတ် နဲ့ သူပြောသလို သဘောတူစာချုပ်ကြီးကြီး တခု မချုပ်ဆိုနိုင်ခဲ့တာကို စိတ်ပျက်လက်ပျက် ဖြစ်လာနေတာနဲ့ အမျှ တဖက်မှာလည်း ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးကြောင့် သူ ပြန်အရွေးခံနိုင်မယ့် အလားအလာတွေ အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာကို စိုးရိမ်ပူပန်နေပါတယ်။ ဒီအတွက် ထရန့်က တရုတ်ကို စပြီး အပြစ်တင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ အပြောနဲ့ အလုပ် ညီမညီကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ တရုတ်မှ ဖိနှိပ်လာမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူရလိမ့်မယ်လို့ သူ့အစိုးရ အဖွဲ့ဝင်တွေက အချက်ပြ လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုထိတော့ ဘယ်လို အကျိုးဆက်မှ ဖြစ်အောင် ပြဌာန်းလာခဲ့တာမျိုး မရှိသေးပါဘူး။

 

အားလုံးထဲမှာ အရေးပါဆုံးကတော့ ထရန့်ရဲ့ လက်ရှိ တရုတ်အပေါ် သဘောထားက ရွေးကောက်ပွဲ အပြီး မှာကော ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာလား ဆိုတာပဲ ဖြစ်ပါတယ်။ ထရန့် ရဲ့ သမ္မတ အဖြစ် ရပ်တည်မှုသည် အတွေးအခေါ် သဘောတရား နဲ့ ကြီးကျယ် ခမ်းနားတဲ့ မဟာဗျူဟာတွေ ပေါ်လစီတွေ ပေါ် မူတည်နေတာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ အခုလို ပြောရသည်ကလည်း သူသာ ဒုတိယ သက်တမ်း ပြန် အရွေးခံရရင် လုပ်မှာပဲ လို့ ယုံကြည်နေတဲ့ တရုတ် အကြောင်း အမှန်အတိုင်း သိထားသူတွေ စဉ်းစားလို့ရအောင် ပြောခြင်းသာ ဖြစ်ပါတယ်။

 

(ဇွန်လ ၁၇ ရက်နေ့ထုတ် The Wall Street Journal သတင်းစာကြီးပါ “John Bolton: The Scandal of Trump’s China Policy” မှ တင်ပြသည်။)