ပုပ်ရဟန်းမင်း ကြီး အသစ် ရွေးပြီ

by Hla Soewai - May 20 2025

မေလ ၈ ရက်နေ့တွင် ရိုမန် ကက်သလစ် ဘုရား ကျောင်း တိုက်များမှ ဂိုဏ်းချုပ် ဘုန်းတော်ကြီးများက အမေရိကန် နိုင်ငံသား ရော်ဘတ် ပရီဗိုစ် ဆူသူအား ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်သည်၊ ယင်းသည် ဘာသာရေး နှင့် ဆူပါပါဝါ တို့၏ ဘူမိနိုင်ငံရေး ယှဉ်ပြိုင်မှု များ နှင့် မရောထွေးမိအောင် ရှောင်ရှားရန် ဆိုသည့် နားလည်မှု ကို ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။

 

သို့သော် အမေရိကန် သမ္မတ က တော့ ၎င်း၏ နိုင်ငံသား တဦးအား ရွေးချယ်လိုက်ခြင်း အပေါ် အလွန်အမင်း ရွှင်မြူးနေမည်‌ကား မဟုတ်ပေ။ ပရီဗို့စ်သည် ဘွဲ့အမည်ကို ၁၈၇၈ မှ ၁၉၀၃ ခုနှစ်အထိ ပုပ်ရဟန်းမင်းကြီး ဖြစ်ခဲ့သူ ကို ရိုသေ အောက်မေ့သည့် အနေဖြင့် ဆယ်လေး‌ယောက်မြောက် လီယို အဖြစ် ခံယူခဲ့ခြငးဖြင့် ၎င်း၏ သဘောထားကို အရိပ်အမြွက် ထုတ်ပြလာခဲ့သည်။

 

လီယို ဆယ့်သုံးသည် ထိုခေတ်အခါက တိုးတက်သည့် အမြင်ကို ဆုပ်ကိုင်ခဲ့သူ အဖြစ် ထင်ရှားခဲ့သည်။ ခေတ်သစ် ကမ္ဘာကြီးနှင့် အံဝင်ဂွင်ကျ ဖြစ်ရန် ကက်သလစ် ကျောင်းတော်ရာများ၏ လူမှု ကျင့်စင်များကို ချမှတ်ပေးခဲ့ပြီး "ဆန်းသစ်တိုးတက်လာမှု" များ ဆိုသည့် ဘာသာရေး ကျမ်းကို ရေးသားပြုစုခဲ့သူ လည်း ဖြစ်သည်။

 

၎င်းအား ရွေးချယ် ပေးခဲ့ကြသော ကာဒီနယ်ကြီးများကလည်း ညီညွတ်မှု နှင့် လိုက်လျောညီ‌ ထွေ ဖြစ်လာစေရန် ရည်ရွယ် မဲပေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

ပုပ်ရဟန်းမင်းကြီး လီယိုသည် သိုသိုသိပ်သိပ် နှင့် ဣန္ဒြေသမ္ပတ္တိ နှင့် ပြည့်စုံသူ တဦးလည်း ဖြစ်သည်။ ကာဒီနယ် များသည် ဘုရားကျောင်းရှိ လစ်ဘရယ် အသိုက်အဝန်း ကို ရှောင်ရှားပြီး တိုးတက်သော အမြင်ရှိသူများ နှင့် အစဉ်အလာ သမားများ အကြား ကွာဟလာနေသည်ကို ပေါင်းကူးပေးနိုင်မည့် သူကို မဲပေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

အသက် ၆၉ နှစ် ရှိပြီ ဖြစ်‌ သော ပုပ်ရဟန်းမင်းကြီး အသစ်သည် စိန့်ပီတာ ဘာဆီလီကာ ကျောင်းတိုက်ရှိ လေသာဆောင်ကြီးမှ အီတာလျံ စကားဖြင့် အား နှင့် မာန်နှင့် "သင်တို့အားလုံး ငြိမ်းချမ်းမှု အပေါင်း ခညောင်း ကြပါစေ" ဟု မိန့်ခွန်း ကို စတင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ထိုဆုတောင်းကိုပင် ထပ်တလဲလဲ ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ရှင် လီယိုသည် ငြိမ်းချမ်းရေးအယူအဆကို တရားမျှတမှု၊ စေတနာတရားတို့နှင့် တွဲဖက်၍ ဖော်ပြခဲ့ပြီး တစ်ခါတွင်မူ ဘုရားကျောင်း တော်ယာ တခုသည် လူအများအတွက် တံခါးဖွင့်ထားသော" ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

ချီကာဂို မြို့သား ပုပ်ရဟန်းမင်းကြီးသည် အခြား အမေရိကန် များ နှင့် မတူ ကွဲပြားခြားနားသူ တဦးလည်း ဖြစ်သည်။ ၎င်းသည် သာသနာ ပြုရန် အတွက် ပီရူး တွင် ဒေသန္တာရ ဘုရားကျောင်း ဆရာတော်၊ ဘာသာ‌ ရေး ဆရာ၊ ထိုမှ ဘိရှော့တပါး အဖြစ် ဘဝ ၏ အချိန်အတော်ကြာကြာကို မြုပ်နှံခဲ့သူ ဖြစ်သည်။ ၂၀၁၅ တွင် ပီရူး နိုင်ငံသား အဖြစ် ခံယူခဲ့၍ နှစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်လာခဲ့သည်။

 

ရှင် လီယိုသည် သန့်ရှင်းသော ဩဂတ်စတင်း၏ အမိန့်တော် အဖွဲ့ တွင် ပါဝင်ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ် အတွင်း ဗာတီကန် တွင် ခရိုင် ခရစ်ယာန် ကျောင်းတိုက်များ အတွက် ဘိရှော့ကို စီစစ် ရွေးချယ်ပေးရသည့် ဌာန ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

 

နိုင်ငံတကာရေးရာများ အပြောင်းအလဲမြန်ဆန်ပြီး အခက်အခဲများပြည့်နှက်နေချိန်တွင် အထူးသဖြင့် လူများ ရွှေ့ပြောင်းနေကြမှု နှင့် ပတ်သက်ပြီး လက်ယာ ပေါ်ပြူလစ် သမား များ နေရာရလာနေသည့် အခိုက် ယခင် ပုပ်ရဟန်းမင်းကြီး ကဲ့သို့ ကိုယ့်ကျင့် သိက္ခာ အရှိန်အဝါကို သုံးရန် ဝန်မလေးသည့် လူမျိုးကို ရွေးချယ်ခဲ့ကြသည်‌ လော။ ရှင် လီယိုသည် ယခင် ပုပ်ရဟန်းမင်းကြီး ကဲ့သို့ပင် ဆက်၍ လုပ်ဆောင်သွားမည်ဟု ၎င်း၏ ပွဲဦးထွက် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

နိုင်ငံစွဲ၊ လူမျိုးစွဲ မရှိသော အမေရိကန် တဦးအား ရွေးချယ်ခဲ့ခြင်းသည် ထရမ့် နှင့် ၎င်း၏ ရန်လိုသော အမျိုးသားရေး ဝါဒကို တိုက်ရိုက် ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ X ဆိုရှယ် မီဒီယာတွင် ဒုသမ္မတ ဂျေဒီ ဗန့်စ်၏ လူဝင်မှု မူဝါဒ အပေါ် ပြစ်တင် ပြောဆိုခဲ့ပြီး အမေရိကား မှ အယ်ဆာဗေဒို သို့ နှင်ထုတ်ခံခဲ့ရသော ကီးမား အဘီရီဂို ဂါဆီယာ နှင့် ပတ်သက်၍ သမ္မတ ၏ အပြောအဆို များကို ရှုတ်ချ ပြောဆိုခဲ့ဖူးသည့် ပို့စ်ကို လည်း ပြန်တင်လာခဲ့သည်။

 

အမေရိကန် ပုပ်ရဟန်းမင်းကြီး အသစ် သည် ယခင် ပုပ်ရဟန်းမင်းကဲ့သို့ပင် ပတ်ဝန်းကျင် ထိမ်းသိမ်းနိုင်ရေး အပေါ် စိုးရိမ်မကင်း မှု များ ရှိခဲ့သည်။ ဖရန့်စစ်၏ ဘုရားကျောင်း၏ လုပ်ပိုင်ခွင့် အာဏာကို လျော့ချပေးရေး ကိုလည်း အားပေးခဲ့သည်။

 

သို့သော် ရှင်လီယိုသည် အမျိုးသမီးများ ရဟန်း အဖြစ် သွတ်သွင်းဖို့ အသာထားဘိဦး ကျောင်းတိုက် အတွက် ဝေယျာဝစ္စ ဆောင်ရွက်ရန် သင်းထောက် အဖြစ် လက်ခံရန်ပင် အခိုင်အမာ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထို့အတွက် လိင်စိတ် ပြောင်းလဲသူများ ကို ကြိုဆိုမည့် အလားအလာ မရှိပေ။

 

ရှင်လီယို အား ကွန်ကလေ့ဖ် စတင်ခဲ့သည့် နေ့ စတုတ္ထ အကြိမ် မြောက် တွင် မှ အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ကမ္ဘာကြီးတွင် အကျပ်အတည်းများ၊ အပြောင်းအလဲများ နှင့် ကြုံရချိန်တွင် စိန့်ပီတာ ကျောင်းတော်ကြီး၏ ပလ္လင်တွင် ထိုင်ခွင့်ရခဲ့သည့် ၂၆၅ ဦးမြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

 

ပုပ်ရဟန်းမင်းကြီးများသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် ကျော် အတွင်း ထိုကဲ့သို့ အဖြစ်များ အကြိမ်ပေါင်း များစွာ ကြုံတွေ့ခဲ့ကြပြီးလည်း ဖြစ်သည်။

 

(၂၀၂၅ မေလ ၈ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်း ပါ What it means to have an American on the throne of St Peter ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။