အတွေးစများကို ဆန့်ထုတ်ခြင်း

by Hla Soewai - Jun 29 2020

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား ရုရှား RT သတင်းဌာနက တွေ့ဆုံ မေးမြန်းခန်း ကို ကြည့်မိသည့် အခိုက် အာဖရိက ရှိ မိမိကိုယ်မိမိ အထင်ကြီးနေပုံရသော အာဏာရှင်များကို ရုရှား တို့ ဆက်ဆံခဲ့သည့် ပုံစံ အတိုင်း မြှောက်လုံး ပင့်လုံးများ နဲ့ ပြောဆိုသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် ရုရှား အထက်တန်း အရာရှိကြီးများနှင့် ပင် တွေ့ဆုံဆွေးနွေးခွင့်မရပဲ အိန္ဒိယ စစ်ဦးစီးချုပ်နှင့်သာ ဆွေးနွေးပွဲ လုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

 

ထိုသို့ ဆက်ဆံခဲ့ခြင်းမှာလည်း အဆန်းတော့ မဟုတ်။ မြန်မာ စစ်တပ်အား ၎င်းတို့နှင့် တရုတ်မှ လွဲလျှင် မည်သူမျှ လက်နက် ရောင်းချခြင်း ရှိကြတော့မည် မဟုတ်ဆိုတာ သိနေ၍ အထူး အလေးထား ဆက်ဆံစရာ မလိုတော့ဟု ယူဆနေလို့ ဖြစ်ပါတယ်။

 

ရုရှားတို့ အဖို့က ဗိုလ်ချုပ်မှူးကြီး သမ္မတ ဖြစ်ရေး သည် ၎င်းတို့အတွက် မည်သို့မျှ အကျိုးရှိမည် မဟုတ်။ မည်သူသည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်မည်လဲ ဆိုတာသာ စိတ်ဝင်စားနေကြသူများ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် သည်သာ သူတို့ဆီမှ လက်နက်များကို ဝယ်ယူမယ့် ဖောက်သည် ဖြစ်နေလို့ပါပဲ။ တပ်ချုပ်ကြီးအား စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး (တနည်းအားဖြင့် ဖောက်သည်ကောင်း လက်မှတ်) ကို ရုရှား စစ်ဖက်က ပေးအပ်ခဲ့တာကလည်း ၎င်းတို့ရဲ့ ခံယူချက်ကို ထင်ရှားစေပြန်ပါတယ်။ နောက်တကြောင်းကလည်း တရုတ် နဲ့ အပြိုင် မြန်မာ စစ်တပ် ကို ဩဇာလွှမ်းအောင် လုပ်ဖို့ အစီအစဉ်လည်း လောလောဆယ် မရှိသေးလို့လည်း ဖြစ်ပါတယ်။

 

လွန်စွာ အင်အားတောင့်တင်းလှသော နာဇီတပ်မကြီး ပေါင်းများစွာ ကို မဟာမိတ်တပ်ပေါင်းစုကြီးမှ စစ်သားတဦးတလေမျှပင် လာရောက်ကူညီတိုက်ခိုက်ပေးခဲ့ခြင်း မရှိ ပဲ မိမိတို့ အင်အားဖြင့် မော်စကို မြို့တံခါးဝ မှ ခုခံမောင်းထုတ်နိုင်ခဲ့ရုံမက ၎င်းတို့၏ မြို့တော် အရှေ့ခြမ်းကိုပင် သိမ်းယူနိုင်ခဲ့သည့် ဆိုဗီယက် တပ်မတော်၏ ၇၅ နှစ်မြောက် အောင်ပွဲ အခမ်းအနားကို တက်ရောက်နေသည့် တပ်ချုပ်ကြီး အဖို့လည်း မိမိ၏ တပ်မတော်ကြီး မှာမူ အင်အား လက်တဆုပ်စာ သာ ရှိပြီး တိုက်ပွဲ အတွေ့အကြုံလည်း မရှိသေးသည့် လက်နက်ကိုင်များကို ရခိုင် ပြည်နယ်အတွင်း အဘယ်ကြောင့် မချေမှုန်းနိုင် ဖြစ်နေရသနည်း။ မိမိ၏ ခေါင်းဆောင်မှု ချို့ယွင်းနေ၍များလား။ မိမိအဖို့ မိမိ ကျွမ်းကျင်ရာ အလုပ်ကိုပင် ကျေပြွန်အောင် လုပ်နိုင်ခြင်း မရှိပါပဲလျှက် နိုင်ငံတခုလုံးကို အုပ်ချုပ်ရန် မိမိကိုယ် ယုံယုံကြည်ကြည် ခန့်အပ်ကြပါဦးမည်လောဟူသော သံသယ များလည်း ဝင်လာနေမှာ ဖြစ်ပါတယ်။

 

ယခုအခါ ကိုဗစ်-၁၉ သည် ကမ္ဘာပေါ်ရှိ ခေါင်းဆောင်များရဲ့ အရည်အသွေး ကို မှတ်ကျောက် တင်သွားနိုင်ခဲ့ပါတယ်။

 

အမေရိကန်သည် ကမ္ဘာပေါ်တွင် လက်နက်အင်အားအကြီးမားဆုံး၊ စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံ ဖြစ်နေပေမယ့် တစ်မီလီမီတာ၏ အပုံတထောင်လျှင် တပုံမျှသာ မရှိသော ကော်ရိုနာဗိုင်းရပ်ပိုးကို ဒူးထောက်သွားခဲ့ရပါတယ်။

 

သို့သော် ကျွန်းနိုင်ငံငယ်လေးများ ဖြစ်သော တိုင်ဝမ် နှင့် စင်္ကာပူ တို့ က တော့ ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှု ကြောင့် လူအသေအပျောက်သာ မက စီးပွားရေး တွင်လည်း မဆိုသလောက်သာ ထိခိုက်ခဲ့ပါတယ်။ တိုင်ဝမ်ဆိုလျှင် ယခုအချိန်ထိ လူ ၇ ဦးသာ အသက်ဆုံးရှုံးခဲ့တာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံ အစိုးရမှ လက်မြန်ခြေမြန် နဲ့ စီမံခန့်ခွဲမှု ကောင်းခဲ့လို့လည်း အလောင်းတွေ တောင်လို ပုံမသွားအောင် ကယ်တင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ထိုအရေးမှာ နိုင်ငံတော် အတိုင်ပင်ခံ၏ ဉာဏ်အမျှော်အမြှင် ဖြင့် ဆင်ခြင် ပြုပြင် နေထိုင်သွားဖို့ အမြဲလို လမ်းညွှန်ခဲ့ခြင်းသည်လည်း အကြောင်းတချက် အဖြစ် ပါဝင်နေတယ် ဆိုတာ ထင်ရှားစွာ ပေါ်လွင်လာခဲ့ရပြန်ပါတယ်။

 

လောလောဆယ် ကိုဗစ်-၁၉ ရောဂါကြီးသည် လုံးဝ ဗုံးဗုံးလဲကျသွားသည့် အနေအထား မရောက်သေးပဲ နောက်တကြိမ် မွှေနှောက်ဖို့ တာစူနေဆဲ ဖြစ်ပါတယ်။

 

ကိုဗစ်-၁၉ သာ မက အခြားသော သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီးများက ကမ္ဘာတွင် တခုမဟုတ် တခု ဆိုက်ရောက်လာဖို့ ရှိနေရာ မြန်မာလည်း လွတ်ကင်းနိုင်မည်မဟုတ်။ ထိုအခါမျိုးတွင် နိုင်ငံသားများ အဖို့ မိမိတို့ အသက်အိုးအိမ် စည်းစိမ်အတွက် မည်သို့သော အစိုးရမျိုးကို အားကိုးသင့်သည်လဲ ဆိုသည်ကို စဉ်းစားတတ်သူတိုင်း မစဉ်းစားပဲ နေကြမည် မဟုတ်။ နာဂစ် မုန်တိုင်းကြီးကြောင့် မည်သို့သော အခြေအနေ ဆိုက်ရောက်ခဲ့ရသည်။ မသေသင့်ပဲ မည်မျှ အထိ သေကြေ ခဲ့ရသည်ဆိုသည်တို့က လောလောလတ်လတ် ကြီး အမှတ်ရနေဆဲ ပင် မဟုတ်ပါလော။ ဤသည်က ကော်ရိုနာဗိုင်းရပ်စ် လို ထင်မထားပဲ ဖြစ်လာသော အန္တရာယ် ကြီးလည်း မဟုတ် ဖြစ်ရိုးဖြစ်စဉ် မုန်တိုင်းဒဏ်ကိုပင် ထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်း မရှိခဲ့တဲ့ လူအုပ်စု အဖြစ် ထပ်မံပြီး သိသာ ထင်ရှားလာရပါတယ်။

 

၎င်းတို့ကိုသာ အာဏာ အပ်နှင်းခဲ့ပါက မြန်မာပြည်သူများ အဖို့ ပုံတွင် ပြထားသည့် အတိုင်း နေသွားဖို့သာ ရှိပါတော့တယ်။

 

စင်္ကာပူတွင် လက်ရှိ အစိုးရသည် လွှတ်တော်တွင် ၉၅% ခန့် ရှိသော အမတ်နေရာ များ အဘယ်ကြောင့် ရရှိနေကြသနည်း။ ဒီနေရာတွင် ကျွန်တော်ရဲ့ အတွေ့အကြုံတခုကို တင်ပြလိုပါတယ်။ စင်္ကာပူရဲ့ ၁၉၉၇ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပစဉ် ကျွန်တော် စင်္ကာပူမှာ အလုပ်လုပ်နေဆဲဖြစ်တာမို့ အတိုက်အခံ အလုပ်သမား ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ် တရားပွဲတွေကို လိုက်ပြီး နားထောင်ခဲ့ဖူးပါတယ်။ တက်ရောက်လာတဲ့ လူအုပ်ကြီးက ကွင်းလုံးပြည့်လျှံ နေပါတယ်။ ကျွန်တော် စိတ်ထဲ ဒီတခါတော့ ဂိုချုပ်တောင် တို့ အလဲထိုး ခံရပြီ လို့ တွေးမိပါတယ်။ ရွေးကောက်ပွဲ ရလဒ် တွေ ကို အိပ်ရေးပျက်ခံပြီး နားထောင်ခဲ့ပေမယ့် စင်္ကာပူ အာဏာရ ပါတီ ပီအေပီက ပဲ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။

 

ဒါကလည်း ရိုးဖြောင့်ကြသူများအား ထိုက်တန်စွာ နေရာပေးကာ မိမိတို့ အကျိုးကို ဆက်လက်သယ်ပိုး သွားနိုင်ရေး အတွက် အားပေးခဲ့ကြခြင်းမျိုးသာ ဖြစ်ပါတယ်။

 

ကျွန်တော် အလုပ်ထဲက ကန်ထရိုက်တာ တယောက်က ပြောခဲ့ဖူးပါတယ်။

 

“ဘာဖြစ်လို့လဲ သိလား၊ ငါတို့ စင်္ကာပူရီးယန်းတွေက ပီအေပီ ကို Pay and Pay ပါတီလို့သာ လတ်တလော မကျေနပ်မှုတွေကို ပြောနေကြတယ်၊ သူတို့ မပြောရဲတဲ့ စကားတွေ ပြောနေတဲ့ အတိုက်အခံတွေကို သွားနားထောင်ကြပြီး စိတ်ဖြေကြပေမယ့် တကယ်တမ်း ကျ သူတို့ရဲ့ ဘဝတွေကို အလောင်းအစား သဘောနဲ့တောင် အတိုက်အခံတွေရဲ့ လက်ထဲကို ထည့်ရလောက်တဲ့ အထိ တော့ မမိုက်မဲကြသေးလို့ပဲ ကွ”

 

(Image was copied from the Economist June 25th 2020 Edition)