ပြည်ထောင်စု မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ၈၀ ပြည့် မွေးနေ့အတွက် စက္ကန့် ၃၀ ကြာ ဗီဒီယို မက်ဆေ့ခ်ျ ဖြင့် ဆုမွန်တောင်းလွှာ များ လက်ခံရယူသည့် ကမ်ပိန်း လှုပ်ရှား မှု ကို စတင်ခဲ့ရာ သတ်မှတ်ထားသည့် အရည်အတွက် ၈၀,၀၀၀ အား မွေးနေ့ ဖြစ်သည့် ဇွန်လ ၁၉ ရက် နေ့ မတိုင်မီ တရက် ကြို၍ ဗုဒ္ဓဟူး နေ့တွင် ပြည့်မြောက်သွားပြီ ဖြစ်သည်ဟု ကမ်ပိန်း စီစဉ်သူ သား ဖြစ်သူ ကိုထိန်လင်းက ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
"မေမေရဲ့ မွေးနေ့ မတိုင်မီ တရက်အလို မှ မွေးနေ့ ဆုတောင်းလွှာ ၈၀,၀၀၀ ကို ရရှိသွားခဲ့ပြီ ဖြစ်လို့ ဆုတောင်းလွှာ ပေးပို့သူ အားလုံး နဲ့ ဒီ ကမ်ပိန်း ဖြစ် မြောက် အောင် ကူညီခဲ့သူ အားလုံး ကို လှိုက်လှဲစွာ ကျေးဇူး တင်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါ ကမ်ပိန်းအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရေး အတွက် ရံပုံငွေ ကောက်ခံရန် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ထောက်ခံ လှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ဇွန်လ ၄ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပတ် အတွင်း မှာပင် မွေးနေ့ဆုမွန်လွှာ ၈၀,၀၀၀ ရရှိခဲ့၍ အများဆုံး လက်ခံရရှိသည့် ကမ္ဘာ ဂင်းနစ် စံချိန် ကျိုးသွားခဲ့ပြီ ဖြစ်သည်။
ထိုမွေးနေ့ပွဲ အတွက် ကိုထိန်လင်းမှ ကီလိုမီတာ ၈၀ ပြေးခဲ့ပြီး၊ သူမ ၏ ကျေးဇူးကို အောက်မေ့ သတိရသည့် အနေဖြင့် ကမ္ဘာတဝှမ်း ရှိ မြန်မာ နိုင်ငံသားများ၏ မွေးနေ့ပွဲ အထိမ်းအမှတ်များ၊ “For her we can, For Myanmar we must.” ဆိုသည့် ကြွေးကြော်သံဖြင့် ရံပုံငွေ ကောက်ခံပွဲ များ ပြုလုပ်ခဲ့ကြသည်။
အဓမ္မ ဝါဒ လက်ကိုင်ထား သော စစ်အုပ်စု မှလည်း ၎င်းတို့ တာဝန် ကို မပျက်ကွက်စေရဘဲ ပြည်တွင်း ပြည်ပ ရှိ အထိမ်းအမှတ်ပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများ၊ ပန်းပန်သူ များ ကို စောင့်ကြည့် မှတ်တမ်းတင်ရန်လည်း ၎င်းတို့၏ တယ်လီဂရမ် ချန်နယ်များမှ ဆော်ဩလျက် ရှိသည်။
မြန်မာ ပြည်သူများက ယခုထိ သူမ ကို မည်မျှထိ ချစ်ခင် လေးစားမှု ရှိနေဆဲ ဆိုသည်ကို ကမ္ဘာသိ ထုတ်ဖေါ် တင်ပြ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ကမ်ပိန်း စီစဉ်သူများကမူ ဇွန်လ ၁၉ ရက်နေ့အထိ ဆက်လက် ပေးပို့ကြပါရန် ဆော်ဩလျက် ရှိသည်။
လက်ခံရရှိသော ဗီဒီယို မက်ဆေ့ခ်ျများအား မိခင် ဖြစ်သူ အား ကိုယ်တိုင်ကိုယ်ကျ ပေးနိုင်ရန် ကိုထိန်လင်း မှ disk ဖြင့် သိမ်းထားမည်ဟုလည်း သိရသည်။
ကို ထိန်လင်း သည် စစ်အုပ်စု အရေးနိမ့်သွားပြီး အကြမ်းဖက်မှု များ အဆုံးသတ်သွားလိမ့်မည် ဆိုသည်ကို အခိုင်အမာ ယုံကြည်ထားသူ ဖြစ်သည်။တဦးမကျန် မလွတ်လပ်သေးသရွေ့ မည်သူမျှ လွတ်လပ်စွာ နေထိုင်ခွင့် ရကြလိမ့်မည် မဟုတ်ဟု ကင် သည် ယမန်နှစ် AsiaNews နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောသွားခဲ့ဖူးသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မိခင်ထံမှ စာတိုလေး တစောင်သာ လက်ခံရရှိခဲ့ဖူးသည်။ ဤသည်ကလည်း ပြန်ပေးသမား တို့မှ ၎င်းတို့ ဖမ်းဆီးထားသူ အသက်ရှင်လျက် ရှိသေးသည်ကို သက်သေပြခြင်းမျိုး ထက် မပိုပေ။
စစ်ကိုင်း ငလျင်ကြီး တွင် ဘယ်ဖက်လက်မောင်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု စု ဖောင် ဒေးရှင်း၏ အကျိုးဆောင် ရှေ့နေ Zimeray & Finelle ၏ သတင်းကြေညာချက် ထွက်ရှိလာခဲ့သည်။
စစ်အုပ်စုသည် ယခုအချိန်ထိလည်း သဘောမပေါက်နိုင်သေးဘဲ ပြည်ထောင်စု မိခင်ကြီး၏ သံမဏိ စိတ်ဓါတ် ကို ရိုက်ချိုး နိုင်ရန် လုပ်၍ ရနိုင်သမျှ နည်းမျိုးစုံ ဖြင့် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ လုပ်ရပ်များက ပြည်သူများ၏ ရင်ထဲတွင် ကိန်းအောင်းနေသည် သူမ အပေါ် ချစ်မြတ်နိုး နေမှုများကို ဖြိုဖျက်နိုင်ခြင်း မရှိသည့် အပြင် ခိုင်မာသည်ထက် ခိုင်မာအောင် အင်္ဂတေ လောင်း ပေး နေခြင်းသာ ဖြစ်သည်ကို လူသာ ပြောင်းသွားသည် ၎င်းတို့၏ အသိဉာဏ် က လက်မခံနိုင် ဖြစ်နေကြဆဲပင်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်သို့ အလည်အပတ် လာရောက်ရန် အမေရိ ကန် ဖက်မှ စကားဦး သန်းလာခဲ့သည်ကို ထိုစဉ်က ဦးသိန်းစိန် နှင့် ဝဏ္ဏမောင်လွင်တို့က ငမ်းငမ်းတက် လိုလားနေ ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက် ကို အမေရိကန် အရာရှိကြီးများက ကိုယ်တိုင် ကိုယ်ကျ သွားရောက် တောင်းခံခဲ့သည်။ သူမ ၏ သဘောတူညီချက် ရရှိခဲ့ပြီဟု ပြန်လည် တင်ပြချက်ကို သမ္မတ အိုဘားမား က လက်မခံသေးဘဲ သူကိုယ်တိုင် မေးမည် ဆိုကာ ဂျကာတာ သို့ အာရှ-ပစိဖိတ် ထိပ်သီး အစည်း အဝေး တက်ရန် အသွား Air Force One လေယာဉ်ကြီး ပေါ်မှ သူမ၏ ခရီးစဉ် အပေါ် သဘောထားကို ဖုန်းဆက် မေးမြန်းပြီး သေချာပြီ ဆိုမှ နောက်တနေ့ အစည်းအဝေး တွင် နိုင်ငံခြားရေး ဝန်ကြီး ၏ ခရီးစဉ်ကို တရားဝင် ထုတ်ပြန်ကျေညာခဲ့ခြင်းပင် ဖြစ်သည်။
၂၀၁၇ ဩဂုတ်လ တွင် စစ်တပ်၏ စနစ်တကျ အကွက်ချ ကြံစည်ပြီး ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ လူနည်းစုများကို ဂျီနိုဆိုက် ခေါ် လူမျိုးတုံး သတ်ဖြတ်မှု ကြီး ကျူးလွန်လာခဲ့သည်။ ထိုကျူးလွန်မှု ကြီးအား ဝေဖန် ပြစ်တင် ရှုတ်ချ ခြင်း မပြုရကောင်းလားဟု ဝေဖန်မှုများ စတင် ထွက်ပေါ်လာသည်။
စစ်တပ်မှ သူမအား နိုင်ငံရေး အကျပ်အတည်းကြီး စတင် ဖန်တီးလာပြီ ဆိုသည်ကို ရိပ်စားမိသည်။ သူတို့အား သေချာပေါက် ရှုတ်ချခြင်းဖြင့် သူမအား Darling of the Muslim အဖြစ် ရောက်အောင် တွန်းပို့ကာ ထိတ်တိုက် ရင်ဆိုင် တွေ့ရေး လမ်းစဉ် ဖြင့် သွားမည်၊ မူဆလင်များ ဖက်မှ ကာကွယ်ပြောဆိုသည့်အတွက် မြန်မာလူထု၏ စွန့်ပယ်ခြင်း ခံရကာ ၂၀၂၀ ရွေးကောက်ပွဲ တွင် ခွက်ခွက်လန် ရှုံးသွားမည် ဟု အကွက်ချ ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမသည် ၅၂ သန်း သော ပြည်သူများ အကျိုး အတွက် ထိုထောင်ချောက်ကို ကောင်းစွာ ရှောင်ရှား နိုင်ခဲ့ပြီး သူတို့ဖက်မှပင် နိုင်ငံတကာ တရားရုံးသို့ သွား၍ လျှောက်လှဲချက် ပေးခဲ့၍ မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်သွားခဲ့ရသည်။ ယင်း နှင့် အတူ သူမ၏ ကမ္ဘာ အလယ်တွင် ရွှေရောင်တောက်သော နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။ ထိုအဖြစ်ကို သိသိကြီး နှင့် နိုင်ငံတွင်း တည်ငြိမ်ရေး ကို ရှေးရှုကာ ထပ်မံ အနစ်နာ ခံပေးခဲ့ပြန်သည်။
၎င်းတို့ ထင်သလို ဖြစ်မလာ၍ နောက်ဆုံး နည်းလမ်း ဖြစ်သည့် အာဏာသိမ်း လမ်းစဉ်ကို မျက်နှာပြောင် တိုက်ကာ ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ ထို့အတွက် စစ်အုပ်စုသည်သာ ပြည်တွင်း ပြည်ပ လူတကာရှိ တံတွေးခွက် တွင် ပက်လက်မျောနေရသည့် ဘဝ ဖြင့် အသက်ရှင်နေကြရသူ များ ဖြစ်လာသည်။
လမ်းစဉ်ပါတီ အစိုးရအား ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပနိူင်ရန် လွတ်လပ်သော အတိုင်ပင်ခံ ကော်မီတီ ကို ဖွဲ့စည်း ပေးဖို့ အိတ်ဖွင့် ပေးစာ ပေးပို့လိုက်ခြင်း ဖြင့် မြန်မာ နိူင်ငံရေး ဇာတ်ခုံပေါ်သို့ တက်ရောက်လာခဲ့ချိန်မှ စ၍ ထို အမျိုးသမီးကြီးကား ယခုအချိန်အထိ တိုင်းပြည်နှင့် လူမျိုး အပေါ် သစ္စာဖေါက်ခဲ့ခြင်း မရှိယုံမက ကိုယ်ကျင့်တရား အရလည်း မြူတမှုန်မျှပင် အပြစ်ပြောခံခဲ့ရခြင်း မရှိသေး၊
သူမ မိခင်ကြီး၏ စျာပနတွင် ကျွန်မရဲ့ဖခင်နှင့် မိခင်က တိုင်းပြည်အတွက် အသက်သေတဲ့အထိ အလုပ်အကျွေးပြုသွားခဲ့ပြီ၊ ကျမလည်း ဒီအတိုင်းပဲ ခံယူသွားပါမယ်ဟု ကြေငြာခဲ့သည်။
ဖခင်ကြီး သည် သူမ ၏ နှစ် နှစ်မြောက် မွေးနေ့အပြီး တလတိတိ အကြာတွင် သွေးအိုင်ထဲတွင် အသက်စွန့်သွားခဲ့ရသည်။
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း၀င်းအတွင်းသို့ စစ်ရဲများ ကျူးကျော်၀င်ရောက်ပစ်ခတ်ခြင်းကြောင့် ကျောင်းသား ကိုဘုန်းမော် ကျဆုံးခဲ့ရမှုနှင့်အတူ မြန်မာပြည်၏ စတင်လာခဲ့သော ဒုတိယမြောက် လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲကြီးကို ရှေ့တန်းမှ ဦးဆောင်ခဲ့သူ၊
ထိုခရီးကြမ်းတလျောက် တိုင်းသူပြည်သား အပေါင်း၏ လွတ်မြောက်ရေး နှင့် ဂုဏ်သိက္ခာအတွက် ရုန်းကန် လှုပ်ရှားခဲ့သည့်အတွက် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေး နိူဘဲလ်ဆုကို ပေးအပ်ချီးမြှင် ခံခဲ့ရသူ၊
အသက်ဘေးမှ နှစ်ကြိမ်တိတိ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ရသူ၊
ပြည်သူတို့၏ အားကိုရာ ချစ်ခင်ရာ နှစ်လုံးသည်းပွတ် ဖြစ်ခဲ့ရသူ၊
ဂျိုဟန်နက်စ်ဘတ် မှ ဘတ်ကင်ဟန် နန်းတော်၊ဗြူ နိူအေရီစ် မှ တိုကျို ကန်တေး အထိ ကမ္ဘာ့ခေါင်းဆောင်များ၏ လေးစား ချစ်ခင်မှုကို ခံခဲ့ရသူ၊
ဖြောင့်မတ် တည်ကြည် ရိုးသားမှုနှင့် ဂုဏ်သိက္ခာရှိသော နိူင်ငံရေး၏ ပြယုဉ် များကြောင့် အယူအဆ ရှေ့နောက် ဖြစ်ခဲ့ပြီး ရန်လိုခဲ့သည့် တရုတ်ပြည်ကွန်မြူနစ် ပါတီကြီးမှ ဦးညွတ်ခဲ့ရသူ၊
အနှီ လူသားမဟာကြီး၏ အသက် (၈၀) ပြည့် မွေးနေ့တွင် ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်တောင်းပါ၏၊
၁၉၉၁ ဂျူလိုင်လ ၁၀ ရက်နေ့တွင် ပြင်သစ်နိူင်ငံ အရှေ့မြောက်ပိုင်း Strasbourg တွင် ကျင်းပသည့် ဥရောပ ပါလီမာန်မှ ပေးအပ်သည့် ဆာကာရောဗ် ဆု ချီးမြှင့်သည့် အခမ်းအနားတွင် အဆိုပါ လူသားမဟာကြီး ရေးသား Freedom from fear ကြေငြာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
“စံပြုရမယ့် တော်လှန်ရေး ဆိုတာ နိူင်ငံတနိူင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းကို ဖေါ်ဆောင်ဘို့ လိုအပ်တယ်ဆိုတဲ့ အသွေးထဲ အသားထဲက လာတဲ့ ခံယူချက်က ပေါက်ဖွားလာတာ။
အဖွဲ့အစည်းတခု၊ အစိုးရတဖွဲ့ရဲ့ မူဝါဒတွေကို ပဲ ပြောင်းလဲဘို့လောက် ရည်ရွယ်တဲ့ တော်လှန်ရေးမျိုးဟာ အစစ်အမှန် အောင်ပွဲရဘို့ အခွင့်အလမ်း သိတ်မရှိလှဘူး၊
ဘာဖြစ်လို့လဲ ဆိုတော့ စနစ်ဟောင်းရဲ့ မတရားမှုတွေကို ဖန်တီးခဲ့တဲ့ အင်အားစုတွေဟာ ဆက်လက်ပြီး ရှင်သန်နေအုန်းမှာ ဖြစ်လို့ ပြုပြင်ပြောင်းလဲရေးနဲ့ အသွင်သစ် ဖေါ်ဆောင်ရေးကို အမြဲတမ်းလို ခြိမ်းခြောက်နေမှာ ဖြစ်တယ်။
ဒါကြောင့် လွတ်လပ်ရေး၊ ဒီမိုကရေစိအရေး နဲ့ လူ့ အခွင့်အရေးလောက် တောင်းဆိုနေယုံနဲ့ မပြီးသေးဘူး၊
အကျင့်ပျက် လာဘ်စားမှု၊ မကောင်းတဲ့ စိတ်ဓါတ် အတွေးအခေါ်တွေ ပညာမဲ့မှု၊ အကြောက်တရားတွေ အားလုံးကို တွန်းလှန်ပြီး ရေရှည်တည်တံ့မယ့် အမှန်တရား ပေါ်ထွန်းရေး အတွက် တစိတ်တည်း တ၀မ်းတည်း ခိုင်မာတဲ့ သံဓိဌာန် နဲ့ ဒီတိုက်ပွဲကို ဆင်နွှဲသွားဘို့ လိုတယ်”
လွန်ခဲ့တဲ့ ၃၄ နှစ် က ရေးခဲ့တာပါ၊
ပြည်သူများ အဖို့ကား လူမဆန် အောင် ရက်စက် ကြမ်းကြုပ်လှသည့် အာဏာရှင်စနစ် အောက်တွင် မိမိတို့ ကျောကော့အောင် ခံခဲ့ကြရသော ဘ၀မျိုး သားသမီးများ ခံစားကြရမည့် အရေး ကို သေမလောက် ကြောက်ရွံ့နေကြပြီ ဖြစ်၍ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်သွားကြမည်သာ ဖြစ်သည်။
ထိုအရေးကို မိမိတို့ယခင်အတိုင်း အစားအနေ ချောင်ရန် ပိတ်ပင်ရန်ကြိုးစားလျက် ရှိနေသော လူတန်းစားများ ကိုလည်း ရန်သူ အဖြစ် သတ်မှတ်ရန် ဝန်လေးကြတော့မည် မဟုတ်ပေ။
ပြည်သူများ၏ တရားသော တွန်းလှန်စစ် မုချ အောင်ရမည်!!!