မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ အဖို့ လူထု၏ လေးစား ချစ်ခင် ရသော နိုင်ငံ ခေါင်းဆောင် တဦး အား ထောင်သွင်း အကျဉ်းချ ထားသည် ဆိုသော တချက် နှင့်ပင် ၎င်းတို့အား လူထု၏ အူထဲ အသည်းထဲက ရွံရှာ မုန်းတီးနေခြင်း ခံနေကြရပြီ ဖြစ်သည်။
နိုင်ငံတကာ အမြင်တွင် လည်း အသက် ၈၀ အရွယ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် တဦး အား လုပ်ကြံ လီဆယ်ထားသော ပြစ်မှု မျိုးစုံ ဖြင့် ထောင်ဒဏ် နှစ်သုံးဆယ်နီး ပါး လှောင်ပိတ်ထားရန် ကြံစည်နေမှု ကြောင့် သိက္ခာ တပြားသားမျှ ပင် မရှိတော့၊ တရားဝင် အုပ်ချုပ်ပိုင်ခွင့် မရှိတော့ဟု ယူဆထားကြ၍လည်း ၎င်းတို့၏ လက်ပါးစေများအား ကုလသမ္မဂ္ဂ အဆောက်အအုံ ထဲသို့ ပင် အဝင်မခံကြတော့။
ထိုသို့ ပြည်တွင်း ပြည်ပက သဘောထားနေကြသည်ကို စစ်ဗိုလ်ချုပ် ဆိုသူများက ကောင်းစွာ သိနားလည် ထားပြီး ဖြစ်သည်။ သို့သော် ၎င်းတို့ သူမ အပေါ် ကြောက်နေသည့် စိတ်ကို မည်သို့ မျှ တားဆီး၍ မရ ဖြစ်နေကြရှာသည်။ ထိုသို့ ကြောက်သည့် စိတ်ကလည်း အခု မှ ပေါ်လာကြသည် မဟုတ်၊ သူမ နိုင်ငံကို ခြေချလာကတည်းက သန္ဓေတည်လာကြခြင်း ဖြစ်သည်။ မင်းအောင်လှိုင် အဖို့က ဆရာ့ ဆရာကြီးများပင် ကြောက်ခဲ့ရချိန်တွင် ၎င်း အဖို့ မကြောက်ဘဲ နေ၍ရမည်လော၊ ထိုကြောက်စိတ်ကို အကြမ်းဖက် နည်းဖြင့် ဖြေရှင်းရန် ဆုံးဖြတ်လာသည်၊ ဆရာသမားများက အလျော့ပေးခဲ့လွန်း၍ ဖြစ်သည်ဆိုသော လူမိုက်တယောက်၏ အတွေးဖြင့် သူတို့ထက် ပိုကြမ်းပြမည် ဆိုကာ ပြင်ပ ကမ္ဘာ နှင့် အပြီးအပိုင် အဆက်ဖြတ်လိုက်တော့သည်။
သို့သော် ၎င်းသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း အားလုံး၏ ရွံရှာ မုန်းတီးခြင်း ခံရသည်သာ အဖတ်တင်သွားခဲ့သည်။ ပြည်သူ့ ခေါင်းဆောင် အမျိုးသမီးကြီးက အရင် ဗိုလ်သန်းရွှေ ခေတ်ကတည်းကပင် သူမ၏ လုပ်ဖေါ် ကိုင်ဖက် ရဲဘော်များ ကဲ့သို့ ထားပါဟု အခွင့်ရတိုင်း တောင်းဆိုနေခဲ့သူ ဖြစ်၍ ထူးမခြားနားလှ၊ သူမ၏ လိုအင်ဆန္ဒပင် ပြည့်ဝသွားသည်ဟုပင် ပြောရမည် ဖြစ်သည်။
သို့သော် ပြည်သူများ၏ စိတ်တွင် အသက်အရွယ် ရလာပြီ ဖြစ်သော ၎င်းတို့၏ ခေါင်းဆောင် အတွက် စိုးရိမ် ပူပန်လာနေကြသည်၊ မည်သူနှင့်မျှလည်း တွေ့ခွင့်မရ၊ ဘာသတင်းမှလည်း မကြားရ ဖြစ်နေသည်။
သို့သော် အသက် (၈၀) ပြည့် မွေးနေ့မတိုင်မီ လေး တွင်ပင် ၂၀၂၄ အစောပိုင်းကာလ သူမ၏ နေ့စဉ် လှုပ်ရှားမှု မှတ်တမ်း အပြင်သို့ ပေါက်ကြားလာခဲ့သည်။ နိုင်ငံရေး တွင် တိုက်ဆိုင်မှု ဆိုသည် မရှိဆိုသော စကားအတိုင်း ၎င်းတို့ကိုယ်တိုင်ပင် ကျရောက်လာလတ္တံ့သော ပြစ်တင် ရှုတ်ချခံရတော့မည့် အရေးကို သက်သာလို သက်သာငြား ထုတ်လွှင့်ခဲ့လေသလော။
မည်သို့ပင် ဆိုစေ ပြည်သူ့ရင်ခွင် အဖွဲ့မှ ရရှိသွားခဲ့၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဦးဆောင် တိုက်ပွဲ ဝင်နေသည့် လန်ဒန်ရှိ ဂါဒီယန်း သတင်းစာတိုက်ကြီး ထံ ပေးပို့ခဲ့၍ တကမ္ဘာလုံး သိခွင့် ရလာခဲ့သည်။
အဆိုပါ မှတ်တမ်းသည် ၂၀၂၄ ဇန်နဝါရီ မှ ဖေဖေါ်ဝါရီ ကာလ အတွင်း နေ့စဉ်လှုပ်ရှားမှု များ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ယင်းနှင့် အတူ ၂၀၂၂ တရားရုံးထုတ်စဉ် ရိုက်ကူးထားသည့် မှတ်တမ်း ဓါတ်ပုံများလည်း ပါသည်။ ထို ဓါတ်ပုံ များ ထဲတွင် အဖြူရောင် ရှပ်အင်္ကျီ၊ အနက်ရောင် ထမိန်ကို ဝတ်ပြီး ထိုင်နေသည်၊ ခေတ္တခဏ ထရပ်စဉ်တွင် လက်ထဲတွင် ဖိုင်တခု ကိုင်ထားသည်ကို တွေ့ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၄:၃၀ တွင် အိပ်ယာမှ ထသည်။ ည ၈:၃၀ တွင် တနေ့တာ လှုပ်ရှားမှု ပြီးဆုံး၍ အိပ်ယာဝင်သည်ဟု ပါရှိသည်။
တနေ့တာ လှုပ်ရှားမှု များ တွင် တနာရီခန့် တရားထိုင်ခြင်း၊ ပုတီးစိတ်ခြင်း နှင့် မနက်စာ၊ နေ့လည်စာ၊ ညစာ ဟူ၍ သုံးကြိမ် စားသောက်သည်။
မနက်စာ တွင် ကြက်ဥ မကြက်တကြက်ပြုတ် နှစ်လုံး၊ နေ့လည်စာကိုတော့ ခပ်များများစားသည်၊ ခပ်များများ ဆိုသော်လည်း ထမင်း နှစ်ဇွန်း ခန့်၊ ကြက်သား၊ ငါးဆုပ်၊ ဟင်းချို၊ ချောကလက် နှစ်ပြား၊ နဂါးမောက်သီး နှစ်လုံး ဖြစ်ပြီး၊ ညစာကို ဟင်းချို နှင့် ပေါင်မုန့်သာ စားသည်။
ညနေပိုင်းတွင် အခန်းပတ်ပတ်လည် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်သည်။ ကျန်အချိန်များတွင် သူမ၏ ဥပဒေ ရေးရာ အတိုင်ပင်ခံများ ပို့ပေးထားသည့် အင်္ဂလိပ် နှင့် ပြင်သစ် စာအုပ်များ တကုတ်ကုတ် ဖတ်ရင်း အချိန်ကုန်လွန်စေသည် ဟု မှတ်တမ်းများ တွင် ပါရှိလာခဲ့သည်။
ကျန်းမာရေး စောင့်ရှောက်ခံရမှု နှင့် ပတ်သက်ပြီး အပါရိက သာမန်ကာ လျှန်ကာ မျှသာ ဖြစ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။ ဆိုလိုသည်က ပုံမှန်စစ်ဆေး ခြင်းမျိုး မရှိဘဲ တခုခု ဖြစ်မှ ဆေးထိုး ဆေးတိုက် လုပ်ခြင်းမျိုးသာ ဖြစ်သည်။ အထူးသဖြင့် တရက်တွင် အခန်း အပူချိန် 31°C ရှိသည်ဟု ပါရှိသည့် အတွက် လေအေးပေးစက် မရှိဟု ယူဆရပြီးခန္ဓာကိုယ် အတွင်း ရေဓါတ် ခမ်းခြောက်မှု နှင့် အပူလျှပ်ခြင်း တို့ ဖြစ်ပေါ် နိုင်၍ စိုးရိမ်စရာ ဖြစ်လာရသည်။
မှတ်တမ်း နှင့် မပတ်သက် သော အကျဉ်းထောင် သတင်းရပ်ကွက် တခု ကမူ သူမ၏ နေထိုင်မှု ပုံစံသည် ယခင်လိုပင် သိမ်မွေ့မှု ရှိနေသော်လည်း ပြောင်းလဲလာသည့် လက္ခဏာများ တွေ့လာရသည်ဟု ဆိုသည်။ ပန်းပန် ခြင်းမျိုး မလိုအပ်တော့၍ ဆိုကာ စွန့်လွှတ်ထားသည်ကို တွေ့ရသည်။
အဆိုးထဲက အကောင်း အဖြစ် ယနေ့ လူငယ်များသည် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရသော အခက်အခဲ များကို သိရှိ သဘောပေါက်လာကြမည် ဖြစ်သည်နှင့် အမျှ သူမ၏ ကိုယ်ကျင့် သိက္ခာ နှင့် သတ္တိရှိရှိ ရဲဝန့်စွာ ရင်ဆိုင်ခဲ့မှုများသည် ဒီမိုကရေစီ အရေး အတွက် တန်ဖိုး မဖြတ်နိုင်သည့် အတုယူစရာ များ အဖြစ် ယူဆလာကြ၍ တိုင်းပြည် အတွက် ခေါင်းဆောင် ကောင်းများ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ကား ပြည်သူတရပ်လုံး၏ အမုန်းဆုံး လူသား ဘွဲ့ကို အာဏာနှင့် လဲလှယ် လိုက်ပြီ ဖြစ်ပြီး တိုင်းပြည်ကို ယတြာ နိုင်လျှင် အုပ်ချုပ်၍ ရပြီဟု ယူဆကာ မိုက်တွင်း နက်နေဆဲပင် ဖြစ်သည်။
၂၀၂၃ ခုနှစ် အတွင်း ထိုစဉ် က ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆင် ပြောခဲ့သည်ကို ယနေ့တိုင် အမှတ်ရ နေဆဲ ဖြစ်သည်၊ ဖနွမ်းပင် ရှိ ရေသန့်စက်ရုံ ဖွင့်ပွဲ အခမ်းအနား တွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲတွင် ထိုစက်ရုံ အတွက် ပန္နက်ရိုက် အခမ်းအနားကို မြန်မာပြည်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်းသည့် နေ့တွင် မိမိ တက်ရောက် ခဲ့ရာ ယခု ပထမ အဆင့် စက်ရုံကြီး အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်သည်။ မြန်မာ သည် ထိုကာလ အတွင်း ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်အောင် လုပ် ပြီး ခဲ့ပြီလဲဟု မိမိ မေးခွန်း ထုတ်လိုကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်ဟု ဖနွမ်းပင် ပို့စ် သတင်းစာတွင် ရေးသားထားသည်။
နောက် နှစ်နှစ်ကြာ ယခုထိလည်း သွေးထွက်အောင် မှန်နေဆဲ ဖြစ်သည်။
တခါတရံ တွင် မိမိဘက်မှ အဆိုးမြင်စိတ် ရှိနေ၍များလားဟုပင် သံသယ ဖြစ်မိသည်၊ ထို့ အတွက် စာဖတ်သူ များအား အကူ အညီ တောင်းလိုပါသည်။ အခြားတော့ မဟုတ်ပါ။
မင်းအောင်လှိုင်တို့ စစ်အုပ်စု ထုတ်ပြန်သော အမိန့်များ၊ အမှန်တကယ် လုပ်ရပ်များကြောင့် စိတ်ထဲတွင် အသက်ရှု ချောင်သွားပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားခဲ့ရသည်များ တခုတလေ ရှိခဲ့ပါက ကျွန်တော် အပါအဝင် အများသိအောင် ကွန်မန့်ထဲတွင် ထည့်ရေး ပေးစေပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လူတယောက်သည် အမြဲတမ်း ဆိုးမနေနိုင်၊ ကောင်းကွက် တကွက်တလေတော့ ရှိစမြဲပင် မဟုတ်ပါလား၊ ဟွန်ဆန် စကားကို ကျွန်တော်လည်း မခံချင် ချေပချင်နေမိသည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!