မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် မှ ၎င်း၏ အပစ်မခတ် ရပ်စဲရေး မအောင်မြင်ကြောင်း ဇန်နဝါရီ ၁၉ ရက်နေ့ ကွာလာလမ်ပူ ရှိ ဟီလ်တန် ဟိုတယ် တွင် ပြုလုပ်သော ၃၈ ကြိမ် မြောက် အာရှ-ပစိဖိတ် စားပွဲဝိုင်းဆွေးနွေးပွဲ ဝန်ခံသွားခဲ့ရပြီ ဖြစ်သည်။
"ကျွန်တော်တို့ဖက်က ချက်ခြင်း လက်ငင်းဆိုသလို အပစ်အခတ် ရပ်စဲစေချင်တယ်၊ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီ တွေ ပေးခွင့် ရဖို့ အဝင်အထွက် လုပ်ချင်တယ်၊ NUG နဲ့ ဆွေးနွေးစေချင်တယ်၊
ဒါတွေကို ခုထိ တခု မှ မလုပ်သေးဖူးဗျာ"
အာဆီယံ ဥက္ကဌ တယောက် အနေနှင့် မြန်မာ ပြည် ရဲ့ အခြေ အနေ တွေကို အပတ်စဉ် စောင့်ကြည့် နေသည် ဟုလည်း ဆိုသည်။
"လက်ရှိ အခြေအနေအရ ဆင်ခြင်တုံတရား ရှိလာမှ ဖြစ်တော့မယ်၊ မရှိလို့က တိုင်းပြည် ပျက်စီးတော့မယ်၊ ဆင်းရဲ မွဲတေမှုက ကူးစက် ပျံ့ နှံ့ နေပြီ၊ (အုပ်ချုပ် ရေး) စနစ်ကလည်း ကျဆုံးနေပြီ" ဟု အန်နဝါ က နိုင်ငံစုံ မှ တတ်သိပညာ ရှင် ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်လာသည့် ညီလာခံ ကြီး တွင်ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပြန်သည်။
အာရှ-ပစိဖိတ် ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး၊ လက်ရှိ အနေအထားကို ထိန်းသိမ်း နိုင်ရေး၊ ဆက်၍ တိုးတက် ကြီးပွားရေး အတွက် မြန်မာ သည် ဆူးညောင့် ခလုတ်ကြီး ဖြစ်လာနေပြီး၊ စစ်အုပ်စုသည် ၎င်းတို့ အာဏာ တည်မြဲရေး အတွက် ပြည်ပ အင်အားကြီး နိုင်ငံများကို ဒေသတွင်း ဆွဲသွင်းလာယုံမက နျူကလီယား စကား ပင် စပြောလာနေသည့် အချိန်လည်း ဖြစ်နေသည်။
"ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူးဆိုရင် အာဆီယံ အတွက် ရှက်ဖွယ်လိလိ ဖြစ်လိမ့်မယ်" ဟုလည်း ဆိုသည်။ အခြား နိုင်ငံများ က ကြိုးပမ်းပေးလာလျင်လည်း ကြိုဆိုသည်ဟု ဆိုသည်။
ဆယ် နိုင်ငံ ပါဝင်နေသော အာဆီယံ အဖွဲ့ကြီးသည် ၎င်းတို့၏ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံမှ လူ့အခွင့် အရေး နှင့် ပတ်သက်၍ စိတ်ထင်တိုင်း ချိုး ဖောက် ကျူးလွန်နေသည့် အဖြစ်ကို မည်သို့မျှ မတတ်နိုင် လက်ပိုက် ကြည့်နေရပြီ ဖြစ်သည်။
ဤသည်ကလည်း အဖွဲ့ဝင် နိုင်ငံများ စည်းလုံး ညီ ညွတ် စွာ ရပ်တည်ရေးထက် မိမိတို့ နိုင်ငဲ၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်လာကြသော ကြောင့် ဖြစ်သည်။
အားလုံးက တော်လှန်ရေး အင်အားစု များ အောင်ပွဲခံလိမ့်မည်ဟု သေချာပေါက် တွက်ဆထားပြီး စောင့်ကြည့်နေကြသော်လည်း တရုတ်၏ ဝင်ရောက်စွက်ဖက်လာမှုကြောင့် ရှေ့မတိုးနိုင်ပဲ ရရှိထားသော နယ်မြေများကိုပင် ပြန်ပေးလိုက်ရသည်ကို တွေ့မြင်လာနေရ၍ အခြေအနေများက ရှုပ်ထွေးလာပြီး ရေရှည် သွားတော့မည် ဆိုကာ အထိတ်တလန့် ဖြစ်လာကြသည်ဟု အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ဝက်ဆိုဒ် တွင် ရေးသားထားသည်။
မြန်မာသည် ကမ္ဘာတွင် (ပါလက်စတိုင်း ပြီးလျင်) ဒုတိယ အဆိုးဆုံး အကြမ်းဖက်မှု များ ကျုးလွန်နေသည့် နိုင်ငံ ဖြစ်လာပြီး failed state ကျဆုံးသွားသော နိုင်ငံ ဆိုသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် အတိုင်း မလွဲမသွေ ဖြစ်လာနေပြီ ဟု ဆိုသည်။
ဥပဒေမဲ့ လုပ်ရပ်များ နှင့် အတူ တကမ္ဘာလုံးအား လိမ်လည်နေသည့် ဂိုဏ်းများ ကျက်စားရာ နှင့် မူးယစ် ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရာ အခြေစိုက် ဒေသ အဖြစ် ပြောင်းလဲလာသည်ကိုလည်း တွေ့မြင်လာကြသည်။
ထိုသို့ ဖြစ်လာရသည့် အဓိက တရားခံသည် စစ်အုပ်စု ကြောင့် ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။
ထိုပြဿနာ များ ကြောင့် အာဆီယံ ဘာလုပ်နေသလဲဟု မေးခွန်းထုတ်လာကြသည်။ သို့သော် အာဆီယံသည် အချက် ငါးချက် ကို မည်သို့မျှ စွန့်လွှတ်ရန် စိတ်ကူး မရှိကြသည့် အတိုင်း နှစ်လမ်းသွား သံခင်း တမန်ခင်း ထောင်ချောက် ထဲ ဝင်သွားမည့် အန္တရာယ် ရှိလာနေသည်ဟု ဩစတေးလျှ ရှိ လိုဝီ အင်စတီကျု မှ သတိပေးလာသည်။
ဖိလစ်ပိုင်သည် အချက် ငါးချက် အစား နောက်ထပ် လုပ်ငန်း ဘောင် အသစ် ချမှတ်ရန် တောင်းဆိုလာပြီး ဗီယက်နမ်သည် ဆွေး နွေး ပွဲ များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်ရန် အထိပင် ပြောလာသည်။ အင်ဒိုနီရှားကလည်း သူ့နည်းသူဟန် ဖြင့် တော်လှန်ရေး အဖွဲ့များ နှင့် ဆက်သွယ်လာခဲ့သည်။ မလေးရှားကလည်း အားလုံး တစားပွဲ တည်း အတူ ထိုင်ပြီး ဆွေးနွေးစေချင်သည်။
ထိုသို့ တယောက် တပေါက် ဖြစ်လာသည်ကို အခွင့် ကောင်းယူကာ စစ်အုပ်စု ဖက်ကလည်း ၎င်းတို့ အပေါ် စိတ်ညွတ်နေသည့် နိုင်ငံများကို ချင်းကပ် လာကြသည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကြောင့်လည်း အာဆီယံ အတွင်း အက်ကြောင်းထလာသည်။ မလေးရှား၊ စင်္ကာပူ တို့ဖက်က ယုံကြည်စရာ အကြောင်းမရှိ ဆိုကာ လက်မခံသည့်ဖက်က ရပ်တည်နေကြသော် လည်း ထိုင်းသည် ထိုသို့ ပြတ်ပြတ်သားသား မပြောနိုင် ဖြစ်နေဆဲပင်၊ ကမ္ဘောဒီယား မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ စေ လွှတ် မည်ဟု ပြောလာသည်။
အာဆီယံ နိင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းရန် နှစ်လမ်းသွား သံခင်းတမန်ခင်း ကို အားသန်လာနေမှု သည် အဖွဲ့ကြီး ၏ စည်းလုံးညီညွတ်မှု ကို ထိခိုက်စရာ ဖြစ်လာမည့် အန္တရာယ်ကြီး ကျရောက်လာနေသည်။ ထွက်ပေါ်လာမည့် ရလဒ် အပေါ် မည်သို့မျှ ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ဆောင်းပါးတွင် ထောက်ပြထားသည်။
အာဆီယံ ၏ အဖွဲ့ဝင် ဆယ်နိုင်ငံ စလုံးက သဘောတူရမည်၊ ပြည်တွင်းရေး ကိုလည်း ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်စေရ မူ နှင့် ဆိုက သိကြားမင်းပင် ဖြေရှင်းရန် လက်မှိုင်ချရတော့မည် ဖြစ်သည်။
မြန်မာ ပဋိပက္ခ၏ အကျိုးဆက်ကို တိုက်ရိုက်ထိခိုက်လာနေသည့် မလေးရှားကဲ့သို့ နိုင်ငံမျိုးက ထိထိရောက်ရောက် မဖြေရှင်း နိုင်လျင် ၎င်း လက်လွှဲပေးရမည့် ဖိလစ်ပိုင် နှင့် ဆိုက ပို၍ ပင် ဝေးသွားတော့မည် ဖြစ်သည်။
အာဆီယံသည် ထိုသို့ တယောက်တပေါက် ဖြစ်လာနေသော်လည်း မည်သည့် နိုင်ငံ ကမျှ ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသည့်ဖက်တွင်တော့ ညီညွတ်နေကြသည်။
အာဆီယံ သည် မြန်မာအရေး တွင် ခြံစည်းရိုး ခွထိုင်နေ၍ မဖြစ်တော့၊ တရုတ်တို့၏ စစ်အာဏာသိမ်း အဖွဲ့ကို ထောက်ခံနေမှု အောင်မြင်သွားလျှင် ပဋိပက္ခသည် ပို၍ ရှည်ကြာလာစရာ ရှိပြီး တရုတ်သည်လည်း ဒေသတွင်း ပို၍ လက်ရဲဇက်ရဲ နိုင်လာမည် ဖြစ်သည်။
မိမိတို့ ဖြစ်စေချင်သည်နှင့် ဝေးသည်ထက် ဝေးလာနေသော အာဆီယံ အားလည်း မြန်မာ ပြည်သူများက တစက်ကလေးမျှ ယုံကြည် ကိုးစားလိုစိတ် မရှိကြတော့ဘဲ စစ်အုပ်စုအား သံတမန်ရေးအရ အသိအမှတ် မပြုလျင်ပင် တော်ပေသေးရဲ့ဟု ယူဆနေကြပြီ ဖြစ်သည်။
တော်လှန်ရေးသည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ပိုင်း များ အားလုံး ဒွန်တွဲ၍ တိုက်ခိုက်နိုင်မှု အပေါ် တွင် မူတည်ခဲ့သည် နှင့် မည်မျှပင် ဖိနှိပ်အုပ်ချုပ်သည့် အစိုးရ မျိုး ဖြစ်စေ စိတ်ရှည်မှု၊ ဇွဲရှိမှု၊အတူ ညှိနှိုင်းဆောင်ရွက်လာမှု များ၏ ဒဏ်ကို ခံနိုင်ရည် မရှိ ဖြစ်လာကြစမြဲ ပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!