အစ္စရေး-အီရန်တို့၏ ၁၂ ရက်ကြာ စစ်ပွဲကား အလွတ် သဘော အပစ်အခတ် ရပ်စဲရေး လိုက်နာ ပါမည်ဟု သဘောတူညီချက် ဖြင့် လောလောဆယ် ရပ်ဆိုင်းသွားခဲ့ပြီ ဖြစ်သည်။
အမေရိကန် တို့ အီရန်အား ဘန်ကာဖျက် ဗုံး ၁၄ လုံး ဖြင့် အကြောင်းမဲ့ ဝင်ရောက် ဗုံးကြဲ တိုက်ခိုက် ခဲ့မှု အားလည်း ရုရှား နှင့် တရုတ်ဖက်မှ ရှုတ်ချ ကြောင်း ပြောဆို ခဲ့သည် မှ လွဲ၍ တုန့်ပြန်မှု တစုံတရာ ထွက်ပေါ်မလာခဲ့။
ထိုအနေအထား များသည် ဘန်ကာထဲမှ နေ၍ တတိုင်းပြည်လုံး မီးလောင်ပြာကျသည် အထိ ခုခံ သွားမည် ဟု မှန်းထားသော မင်းအောင်လှိုင် အဖို့ကား စိုးရိမ် စရာ ဖြစ်လာရသည် ကတော့ အမှန်ပင် ဖြစ်သည်။
ဒေါ်နယ် ထရမ့်သည် ကွန်ဂရက် ကို တိုင်ပင်ခြင်း မရှိဘဲ ၎င်း၏ သဘောတခုတည်း ဖြင့် လက်ဦးမှု ယူကာ လျပ်တပြက် တိုက်ခိုက်ခြင်းမျိုးလည်း ဖြစ်နေသည်။
လက်ရှိတွင် တရုတ်သည် အမေရိကန် နှင့် ဥရောပ က ပဒေသာပင် ကြီး အလား မျက်စိကျနေသော မြေရှားသတ္တုများ ဖြစ်သည့် ဒစ်ပရိုစီယမ် နှင့် တာဘီယမ် များ အား မြန်မာ မှ အဓိက ရယူ နိုင်မှု ကြောင့် ကမ္ဘာဈေးကွက် ကြီးကို လက်ဝါးကြီး အုပ်ကာ ထင်သလို ချယ်လှယ် နိုင်ခွင့် ရနေပြီ ဖြစ်သည်၊ ထိုအဖြစ်သည် အမေရိကန် နှင့် ဥရောပ အဖို့ အီရန်၏ နျူလက်နက်များ ပိုင်ဆိုင်လာမှု ကို အစ္စရေး တို့ ကြောက်ရွံ့ခဲ့သလို မျိုး ဖြစ်လာ နေသည်။
ထရမ့် အစိုးရ အဖွဲ့အတွင်းတွင်လည်း တရုတ်ကို ထိန်းချူပ် နိုင်ဖို့သာ အာရုံစိုက်ရမည်ဟူသော သဘောထား ရှိသူများက အားသာနေပြီး အီရန်အား ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကို လိုလိုလားလား ထောက်ခံချင်စိတ် မရှိကြ။
လက်ရှိတွင် တရုတ် တို့ မြေရှား သတ္တုများ ထိန်းချုပ်ထားနိုင်သည့် အနေအထား ရောက်အောင် အဓိက ပံ့ပိုး ပေးနေသည်က မြန်မာ ပင် ဖြစ်သည်၊ မြန်မာမှ ၎င်းတို့လိုအပ်နေသော ကုန်ကြမ်း များ၏ ၅၇ ရာနှုန်းကိုပင် တင်သွင်း နေသည်ဆိုသော စာရင်းဇယားများကလည်း ငြင်းမရအောင် ထွက်ပေါ်နေသည်။
တရုတ်ပြည် တောင်ပိုင်း တွင် ထွက်ရှိနေသော်လည်း အစိုးရ၏ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စံနှုန်း များ မြင့်တင်လာ၍ လုပ်ငန်း အတော်များများ ရပ်ဆိုင်းသွားပြီး ထင်သလို လုပ်၍ရနေသည့် မြန်မာဖက်သို့ အုံ နှင့် ကျင်း နှင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။
၂၀၂၄ တွင် ကချင် လွတ်လပ်ရေး တပ်တော်မှ ရှားပါး မြေသား သတ္တုတွင်းများကို ထိန်းချုပ် နိုင်လိုက်ခြင်းကြောင့် ကမ္ဘာဈေးနှုန်းများ မြင့်တက်သွားပြီး ကေအိုင်အေသည်လည်း တရုတ်တို့ အပေါ် မာရေ ကျောရေ ဆက်ဆံလာနိုင်သည်။ တရုတ်ဖက်သို့ တင်ပို့နေမှု သည်လည်း သုံးပုံ တပုံခန့် ကျဆင်းသွားခဲ့သည်။
ထရမ့် အဖို့လည်း ထို အရေး ကြောင့် တရုတ်ကို ထိန်းချုပ် နိုင်ရေး တွင် ကုန်သွယ်ခွန်နှုန်းထား ရာဂဏန်း အထိ တိုးမြှင့် ခြိမ်းခြောက်လာသော်လည်း အရာမရောက် ဖြစ်နေသည်။ ထိုသို့ တရုတ်တို့ နိုင်ကွက် ၎င်း အပေါ် ရှိနေမှု ကို ထရမ့်သည် မည်မျှ အထိ ခွင့် ပြု နေမည်နည်း။
ယခုပင် အီရန် ကို ကြွက်သား ညှစ်ပြခဲ့၍ "Death to America" ဟု အမြဲလို ဟစ်ကြွေးနေသော မူလာကြီး များကို ပင် လေသံပျော့သွားအောင် လုပ်နိုင်ခဲ့ပြီ ဆိုကာ ထရမ့် မာန်တက်နေသော အချိန်လည်း ဖြစ်နေသည်။
အကယ်၍ ထရမ့်သည် လက်ရှိ တရုတ်တို့ မြန်မာကို လက်အောက်ခံ ပြည်နယ် တခုအလား ဆက်ဆံနေမှု နှင့် အိန္ဒိယ သမုဒ္ဒရာဖက် ထွက်ပေါက်ရပြီး မလက္ကာ ရေလက်ကြားကို ရှောင်ကွင်း ဖေါက်ထွက် နိုင်မည့် အာချီလီ သံဖနောက်လို ဖြစ်လာနေမှု ကို ဒီ အတိုင်းလက်ပိုက်ကြည့်နေဖွယ်မရှိ၊ နောက်မှ အံတကြိတ်ကြိတ်နှင့် ကြိတ်မနိုင် ခဲမရ ဖြစ်ကျန်ခဲ့မည့် လူမျိုး မဟုတ်၊ ထို့ကြောင့်လည်း ၎င်း၏ ထိတ်တန်းသံ အဖွဲ့ကို ပွဲဦးထွက် လှုပ်ရှားမှု တရပ် အဖြစ် ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ပြီး တီးခေါက် စုံစမ်းခိုင်း ခဲ့သည် မဟုတ်ပါလား။
မြန်မာ စစ်တပ်သည် လူထု တော်လှန်ရေးကို ချေမှုန်းနိုင်ခြင်း မရှိတော့ဘဲ တရုတ်၊ ရုရှားတို့ အပေါ် တိုး၍ ခယ ညွတ်တွားလာနေရသည်။
ထရမ့်သည် အီရန်ကို ဆုံးမနိုင်ခဲ့ပြီ ဆိုကာ မာန်တက်လာနေပြီး မြန်မာ အပေါ် တရုတ် တို့ အုပ်စီး နိုင်နေမှု အနှောက်အယှက်ပေးရန် တခုခု ခလောက်ဆန်မည် ဆိုက အဖက်ဖက်မှ ချွတ်ခြုံကျ နေသော မင်းအောင်လှိုင်တို့ စစ်အုပ်စု ဗျာများ ရတော့မည် ဖြစ်သည်။ တကယ်တမ်း ဖြစ်လာက တရုတ်သည် ၎င်းတို့၏ တြီလီယံ ရာနှင့် ချီ ရှိနေသော စီးပွားရေး၊ အမေရိကန်၏ ငွေတိုက်စာချုပ်များ လက်ဝယ်ရှိနေမှု အစရှိသည့် အကျိုးစီးပွားများ အပျက်ခံ၍ တုန့်ပြန်လာမည် မဟုတ်ဟု လည်း ထရမ့်သည် ယူဆလာနိုင်သည်။
နောက်တကြောင်းက ထရမ့်သည် တိုင်ဝမ် နှင့် ပတ်သက်၍ တရုတ်တို့ စစ်ရေးအရ စွန့်စားလာမည့် အရေးကို တွေး၍ ပူပန်နေသည်၊ ထိုအခါ ကျလျင် မဖြစ်မနေ ထိတ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်၊ ဤသည်ကို ရှောင်ရှားလိုပါက မြန်မာ နှင့် ပတ်သက်၍ တရုတ် အား အလုပ်များအောင် လုပ်ပြီး ကြားခံစစ်ပွဲ ပုံစံ မျိုး ဖန်တီးလာနိုင်သည်။
ထရမ့်သည် တရုတ် နှင့် ပတ်သက်၍ မပြတ်မသား ဖြစ်နေသော်လည်း ဒုသမ္မတ ဂျေဒီဗန့်စ်ကဲ့သို့ တရုတ် ဆန့်ကျင်ရေး သမားများက အိမ်ဖြူတော်တွင် အင်အား ကောင်းနေသည်။
အာရှ-ပစိဖိတ် ဒေသရှိ အင်အားအကြီးမားဆုံး စစ်တပ်ကြီး တခုအား မြန်မာ လူငယ် လေးများက တော်လှန် မောင်းထုတ်နေကြပြီ ဖြစ်သည်။ ယခုလို အာရှ ကုန်းမြေကြီး အလယ်ဗဟိုတွင် ဆီရီးယားလို ပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာမည့် အရေးကို လက်ပိုက် ကြည့်နေကြဆဲ ဖြစ်သည်။
တရုတ်သည် လည်း ရေရှည် တွင် လက်ပိုက်ကြည့် မနေ နိုင် ဖြစ်လာမည်ကို တွက်ဆမိသည့် အပြင်၊ ကြာလျင် တော်လှန်ရေး တပ်ဖွဲ့များ ကျောချင်းကပ်၊ ရင်ချင်းကပ် ဖြစ်လာနိုင်ပြီး အခြေအနေများ ပိုဆိုးလာနိုင်သည်၊ လူမဆန်လှသည့် စစ်အုပ်စု အား ယခုလို ပုံစံ ဖြင့် ကမ္ဘာအလယ်တွင် ရေရှည် ထောက်ခံသွား၍ မဖြစ်သည့် အပြင် ရွေးကောက်ပွဲ ပုံစံဖြင့် မျက်နှာပြ ကောင်းအောင် နင့် တိုင်းရင်းသား များ အားလည်း ထပ်မံ သွေးခွဲပြီးသား ဖြစ်အောင် တချက်ခုတ် နှစ်ချက်ပြတ် အတင်းအကျပ် လုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ဆီရီးယား ပြည်တွင်း စစ်တွင်ပင် ကုလ အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ကို အာဆတ် အစိုးရမှ တဆင့် မဟုတ်ဘဲ ဝင်ရောက် ပေးကမ်းနိုင်ရန် လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်ကို တရုတ် နှင့် ရုရှားက ဗီတိုမသုံးဘဲ ကြားနေမဲဖြင့် ခွင့်ပြုခဲ့ရပြီး ဖြစ်သည် ဆိုသော သာဓက များက အထင်အရှား ရှိနေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!