တော်လှန်ရေး အင်အားစု များ အနေဖြင့် ခြောက်လ ကြာ ဗန်းမော် မြို့အား တိုက်ခိုက်နေခြင်းကို ကြည့်မည် ဆိုက မိမိတို့၏ မဟာဗျူဟာ ကို ပြန်လည် သုံးသပ်ရန် လိုပြီဟု Asia Times တွင် စစ်ရေး လေ့လာသူ အန်တိုနီ ဒေဗီစ် က ရေးသားထားသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။
ကချင်လွတ်မြောက်ရေး တပ်တော်သည် ဗန်းမော် မြို့ရှိ စစ်စခန်းများ အားလုံးကို သိမ်းပိုက် နိုင်ခဲ့သော်လည်း အမှတ် (၂၁) စစ်ဆင်ရေး ဌာနချုပ်ကို မသိမ်းပိုက် နိုင် ဖြစ်နေသည်၊ အာဏာသိမ်း တပ်များက တပ် အင်အား ၁,၀၀၀ ခန့်ဖြင့် ခုခံနေဆဲ ဖြစ်သည်။ ထို့အတွက် လက်ရှိ အနေအထားကို အလယ်ခေတ်က မြို့ခံတပ်များကို ဝိုင်းပတ် ပိတ်ဆို့ထားသည် နှင့် နှိုင်းပြထားသည်။
ဗန်းမော် မြို့သိမ်း တိုက်ပွဲသည် မိုးရာသီကိုပင် ကျော်လွန်သွား နိုင်၍ တိုက်ရည် ခိုက်ရည် နှင့် တိုက်ပွဲ အတွေ့အကြုံ အပြည့်ဝဆုံး တော်လှန်ရေး တပ်ဖွဲ့ များ မြို့ပြများကို သိမ်းယူ နိုင်စွမ်း မရှိတော့ ပြီလော ဟု မေးခွန်းထွက်ပေါ်လာရသည်။
၂၀၂၄ အတွင်း အာရက္ခ တပ်တော်သည်လည်း အနောက်ဖက် စစ်မျက်နှာတွင် သံတွဲ၊ မောင်းတော နှင့် အမ်းမြို့များကို လ အတန်ကြာအောင် တိုက်ယူခဲ့ရသည်။ ယခု အခါ ကျောက်ဖြူ အားလည်း အလားတူ ပုံစံမျိုး ဖြင့် တိုက်ယူနေသည်။
ထို အနေအထားကို ကြည့်မည်ဆိုလျင် အာဏာသိမ်း တပ်များသည် အခွင့်အရေး ရသည်နှင့် ခိုလှုံလာခြင်း၊ လက်နက် ချခြင်းမျိုး လုပ်မည်ဟု မှတ်ယူထား၍ မရတော့။ ၎င်းတို့ အဖို့ မည်သို့မျှ ရှောင်လွှဲ၍ မရတော့မှ သာ အရှုံးကို လက်ခံသွားကြသည်ကို တွေ့ရသည်ဟု ဆိုသည်။ အာရက္ခ တပ်တော် နှင့် မောင်ရွှေလေး ရေတပ်စခန်း သိမ်း တိုက်ပွဲ တွင် ၎င်းတို့ဖက်မှ အကျအဆုံး ၄၀၀ အထိ ရှိခဲ့သည်ကို ကြည့်မည်ဆိုက ထိုအချက်ကို သက်သေခံနေသည်။
တပ်စိတ် များကို ကွပ်ကဲရသည့် အငယ်တန်း အရာရှိများ၊ ပြန်တမ်းဝင် မဟုတ်သော အရာရှိ များ၏ စိတ်ဓါတ်ပြင်းထန်မှု ကြောင့်လည်း တကြောင်း အပါအဝင် ဖြစ်သည်ဟု ဆိုသည်။
အတင်းအကျပ် စစ်ထဲ ဆွဲသွင်းနေမှု များ ရှိနေသော်လည်း ယခုထိ အစုလိုက် အပြုံလိုက် လက်နက်ချခြင်း မျိုး မရှိသေးသဖြင့် ဆက်၍ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ဤသည်ကလည်း လူသစ်များကို တပ်ရင်း အသစ် ဖွဲ့စည်းပေးခြင်းမျိုး မရှိဘဲ ရှိပြီးသား တပ်ရင်း တပ်မများထဲ ဆွဲသွင်းထားသော ကြောင့်လည်း ဖြစ်နိုင်ပေသည်။
နောက်တကြောင်းက စစ်အုပ်စု ၏ လေကြောင်း ပစ်ကူ အသာစီး ရနေခြင်းကြောင့် မြို့သိမ်း စခန်းသိမ်း တိုက်ပွဲများ siege warfare သည် ရှည်ကြာနေရခြင်းလည်း ဖြစ်သည်။ ၎င်းတို့ က ခြိမ်းခြောက်ခံရသည်ဟု ယူဆသည့် နေရာများကို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းဟူ၍ ချမ်းသာ မပေးတော့ဘဲ နေ့စဉ်လို ဗုံးကြဲတိုက်ခိုက် နိုင်စွမ်း ရှိနေသည်။ ဤသည်ကို ကြည့်မည် ဆိုက အပိုပစ္စည်းများ၊ လောင်စာဆီ နှင့် မြေပြင် ပြုပြင် ထိန်းသိမ်းရေး များ နှစ်ဆယ့် လေးနာရီ မပြတ် ပံ့ပိုးပေးနိုင်နေ၍ ဆိုသည်က သိသာ ထင်ရှားလာသည်။
လေကြောင်း ကာကွယ်ရေး အတွက် လက်နက်ငယ်များ နှင့်သာ ခုခံနေရသော တော်လှန်ရေး တပ်များ နှင့် လေကြောင်းမှ မဲမဲမြင်ရာ စိတ်ထင်တိုင်း ပစ်ခတ် နိုင်နေသော အာဏာသိမ်း တပ်များ အကြား အင်အား မညီမျှမှု သည် လွန်စွာ ကွာခြားနေသည်။ လေးနှစ်တာ ကာလ အတွင်း စစ်အုပ်စု ၏ တရုတ်လုပ် ဂျက်တိုက်လေယာဉ် လေးစီး၊ ရဟတ်ယာဉ် ကိုးစီး ကို သာ ပစ်ချနိုင်ခဲ့သေးသည်။
စစ်အုပ်စုသည် တရုတ် နှင့် ရုရှား တို့မှ ထောက်ပံ့ပေးထားသော ဒရုန်းများဖြင့် စစ်ဆင်ရေး ဌာနပင် ဖွဲ့စည်းကာ ရှေ့တန်း စခန်းများကို အခြေပြု၍ ထောက်လှန်းခြင်း၊ ပစ်မှတ်ရှာဖွေခြင်း နှင့် တိုက်ခိုက်ခြင်းများ တိုး၍ ပြုလုပ်လာခဲ့သည်။ ဗန်းမော် တိုက်ပွဲတွင် ဖေဖေါ် ဝါရီ အ စော ပိုင်း လောက်ကစ၍ ညကြည့် ကင်မရာ များ နှင့် အပူလှိုင်း ခြေရာခံ ထောက်လှန်းရေး ကိရိယာ များဖြင့် အဆောက်အဦးများ နား ချည်းကပ်လာနေသော တော်လှန်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှု ကို ကြိုတင် သိရှိလာနိုင်ကြသည်။
ယခုအခါ ကေအိုင်အေသည် ဗန်းမော် လေဆိပ် အပါအဝင် မြို့အဝင်အထွက် ကုန်းလမ်းနှင့် ရေလမ်းကို ထိန်းချုပ်ထား နိုင်ပြီ ဖြစ်၍ စစ်အုပ်စုသည် ၎င်းတို့၏ တပ်များကို လေကြောင်းမှ သာ လက်နက်၊ လူအင်အား ရိက္ခာ ဖြည့်တင်းပေးနေရသည်။ မေလ ၂၀ ရက်နေ့တွင် ကေအိုင်အေ သည် FPV ဒရုန်းကို သုံး၍ ရဟတ်ယာဉ် နှစ်စီးကို ပစ်ချနိုင်ခဲ့မှု ကြောင့် ၎င်းတို့အဖို့ အန္တရာယ် ပိုများလာရသည်။
ဗန်းမော်ကို လုံးဝဥသုံ သိမ်းပိုက်နိုင်ရန် အကျအဆုံးများ ဖြင့် ခြောက်လ ကျော် လာပြီ ဆိုကတည်းက ရှေ့လျောက် စစ်ဆင်ရေးများသည် ထိုနည်းဖြင့် အလုပ် မဖြစ်တော့ကြောင်း ထင်ရှားလာသည်။ အထူးသဖြင့် မြစ်ကြီးနားကို သိမ်းယူ နိုင်ဖို့က အလှမ်း ဝေးလာနေသည်။
စစ်တပ်သည် လက်ရှိတွင် ထိုးစစ်ကြီးများ မဆင်နိုင်သေးသော်လည်း လူအင်အား ၊ လေကြောင်းနှင့် လက်နက်ခဲယမ်းများအား မြို့များကို လက်မလွှတ်ရအောင် စုပြုံ ပံ့ပိုးလာနေသည်။ ငန်းဇွန်၊ နွားထိုးကြီး နှင့် တောင်သာ မြို့များတွင် ရဲစခန်း နှင့် မြို့လယ် ကို တော်လှန်ရေး တပ်များက သိမ်းထား နိုင်သော်လည်း ၎င်းတို့ ဖက်က စစ်စခန်းများ မကျအောင် အတတ်နိုင်ဆုံး ခုခံနေကြသည်။
၎င်းတို့အတွက် စီးပွားရေး အရ အရေးပါသော ဖားကန့် ကဲ့သို့ ဒေသမျိုးကို ထုတ်နှုတ်အင်အား သုံးရာ၊ လေးရာ ခန့်ဖြင့် တန်ပြန် ထိုးစစ် စတင်လာသည်။ အလားတူပင် ကရင်နီ တပ်များအား မိုးဗြဲ မှ တိုက်ထုတ်ရန် စစ်ဆင်လာကြသည်။ ဘော်လခဲ နှင့် ဖားဆောင်း တွင်လည်း ၎င်းတို့စစ်စခန်းများ ထဲမှ ခုခံနေကြဆဲ ဖြစ်သည်။ နောင်ချို ရှိ တောင်ခမ်း ဒေသတွင်လည်း TNLA တပ်များကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ဤသည်ကလည်း တရုတ်ဖက်က အလွန်အကျွံ ဖိအားပေးမှု များကြောင့် လည်း ဖြစ်သည်။
ထို့အတွက် မြို့ငယ်ကလေးများကို ပင် ခက်ခက်ခဲခဲ တိုက်ယူနေရ၍ တော်လှန်ရေး တပ်များ အနေဖြင့် နိုင်ငံ အနှံ့တွင် နည်းဗျူဟာ အရ အောင်မြင်နေမှု များကို မဟာဗျူဟာပိုင်းအရ အမြတ်ထွက်အောင် မည်သို့ ပြောင်းပစ်ရမည်ကို စဉ်းစားဖို့ လိုလာသည်။
ထို့အတွက် အဖြေကား နှစ်ခုသာ ရှိသည် ဟု ပြော၍ ရပေသည်။ ပထမ အဖြေကား စစ်ဆင်ရေး နှင့် ဆိုင်ပြီး နောက်တခု ကား နိုင်ငံရေး နှင့် သက်ဆိုင်နေပေသည်။ ထိုနှစ်ချက်သည် တခုနှင့် တခု အပြန်အလှန် ဆက်စပ်နေပေသည်။
မြို့များကို သိမ်းရန်သာ အာရုံ မစိုက်တော့ပဲ စစ်အုပ်စု ၏ တပ်များ ရေရှည် တောင့်ခံ နိုင်မည့် သယ်ယူ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ပစ်မှတ်ထားသင့်သည်။ ယင်းသည် စစ်အုပ်စု အတွက် စီးပွားရေး နှင့် နိုင်ငံရေး အရ ဖိအားများ ဖြစ်လာစေပြီး လမ်းများ ပြန့်ပွင့်ရေး၊ တံတား များ ပြန်ဆောက်ရေး များဖြင့် တချိန်လုံး အလုပ်များစေပြီး လွှတ်လိုက်သည့် ယာဉ်တန်းများသည်လည်း ချေမှုန်းခံရ၍ နောက်ကြောင်း ပြန်လှည့်လာရသည် အဖြစ် နှင့် ကြုံလာရတော့မည် ဖြစ်သည်။
မြို့များ အတွင်းလည်း ၎င်းတို့ကို နှောက်ယှက်ပေးထားရမည်၊ သို့ဖြင့် တဖြေးဖြေး အတွင်းတွင် အင်အားချိနဲ့လာပြီး၊ စခန်းကို စွန့်ခွာခြင်း၊ လက်နက်ချခြင်း များ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။
ထိုကဲ့သို့ စစ်ဆင်ရေး များကို ကရင်တပ်ဖွဲ့များ၏ ကော့ကရိတ် အနောက်ခြမ်း အာရှ လမ်းမကြီး နှင့် ကေအိုင်အေ၏ ဖားကန့် နှင့် ကာမိုင်း အကြား လမ်းမ၊ PDF တို့၏ မကွေးတိုင်း အတွင်း ပေါက် နှင့် ပခုက္ကူ အကြား လမ်းမများ တွင် တွေ့လာရသည်။
သို့သော်လည်း မဟာဗျူဟာ မြောက် အသာစီးရရန် အဓိက ကျသော အဝေးပြေးလမ်းမကြီးများ နှင့် တောင်-မြောက် ဆက်သွယ်ရေး လမ်းကြောင်းများအထိ တိုးချဲ့ရန် လိုအပ်နေသည်။
ဒုတိယ အချက် အနေဖြင့် လက်ရှိ စစ်ပွဲတွင် နိုင်ငံ ရေး၊ လူမျိုးရေး၊ ပထဝီပိုင်း ကွဲပြားနေမှု ကြောင့် တော်လှန်ရေး အင်အားစုများ အကြား ညီညွတ်မှု မရှိသေးသည်ကို တွေ့ရသည်။
ထို့အတွက် ပေါင်းစည်းလာဖို့ လက်တွေ့အားဖြင့် မဖြစ် နိုင်သေးသော်လည်း အဓိက ဆက်သွယ်ရေး လမ်းကြောင်းများကို ပစ်မှတ်ထားမည့် မဟာဗျူဟာ တရပ်ကို အတူ ချမှတ်နိုင်ရေး တွင် မဖြစ်နိုင်စရာ အကြောင်း မရှိပေ။
လက်ရှိတွင် တရုတ်၊ ရုရှား တို့၏ ထောက်ခံမှု တိုးလာနေချိန် တွင် ဗန်းမော် သင်ခန်းစာကို ကြည့်၍ တော်လှန်ရေးအတွက် အခြားနည်းလမ်း ရှာဖို့ လိုအပ်လာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော ခုခံစစ် မုချအောင်ရမည်!!!
Credit - Original creator