အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။
7. BE REFLECTIVE IF YOU MUST BE ARMED
ပြည်သူ့ ဝန်ကို ထမ်းရန် လက်နက် ကိုင်ဆောင်ရမည် ဆိုလျှင် ဘုရားသခင် ကောင်းချီးပေးပါစေ၊ စောင့်ရှောက်ပါစေ ဟု ဆုတောင်းရပေမည်။ သို့သော် သိထားရမည်က အတိတ်က မကောင်းမှု များ ဆိုသည်က ရဲ နှင့် စစ်သားများ အဖို့ တနေ့တွင် ပုံမှန် လုပ်နေကျ မဟုတ်သည် များ လုပ်ခဲ့ရသည့် အဖြစ်များ နှင့် ပတ်သက်လာမည် ဆိုသည်ပင် ဖြစ်သည်။ မလုပ်နိုင်ဘူး ဟု ပြောရန် အသင့်ပြင်ထားပါ။
အာဏာရှင် အဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေသူ တိုင်းတွင် ကန့် ကွက် ဆန္ဒပြရန် ကြိုးစားလာသည့် နိုင်ငံသားများကို ဖြိုခွဲရန် အဓိကရုဏ်း နှိမ်နှင်းရေး ရဲအဖွဲ့ကို၎င်း၊ သဘောထား ကွဲလွဲသူ များ နှင့် ရန်သူ အဖြစ် သတ်မှတ်ထားသူများအား သတ်ဖြတ်ရန် လျိူ့ဝှက် ပုလိပ် အဖွဲ့ကို၎င်း၊ လက်ရွေးစင် ဖွဲ့စည်းထားတတ်ကြသည်။
လျို့ဝှက် ပုလိပ် အဖွဲ့များ၏ ရက်စက် ကြမ်းကြုပ်မှု များကို နှစ်ဆယ်ရာစု နှစ် အတွင်း အထင်အရှား တွေ့လာရသည်။ ၁၉၃၇-၃၈ အတွင်း ဆိုဗီယက် ယူနီယံတွင် ကျုးလွန်ခဲ့သည့် Great Terror ဟု အမည်တွင်ခဲ့သည့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု ကြီး၊ ၁၉၄၁-၄၅ အတွင်း နာဇီ ဂျာမဏီတွင် ဥရောပ ဂျုးများကို မီးလောင် တိုက်သွင်း ခဲ့မှုကြီး တို့ဖြစ်သည်။
ဆိုဗီယက် ၏ NKVD နှင့် နာဇီ SS များက မည်သူ ၏ ပံ့ပိုး မှု မျှ မရှိဘဲ ၎င်းတို့ဖာသာ ကျုးလွန်ခဲ့ကြသည်ဟု ထင်မြင်မိက လွန်စွာ မှားယွင်း သွားပေလိမ့်မည်။ ၎င်းတို့အား ပုံမှန် တာဝန် ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့၊ တခါတရံ တွင် စစ်သားများကပါ ကူညီ ပေးခဲ့ကြသည်၊ ထိုသို့ အကူအညီ ပေးခဲ့ခြင်း မရှိက လူ ပေါင်း မြောက်မြားစွာ ကို မည်သို့မျှ သတ်ဖြတ် နိုင်ခဲ့ကြမည် မဟုတ်ပေ။
ဆိုဗီယက် ယူနီယံ တွင် Great Terror ကာလ ကြီး အတွင်း NKVD မှ နိုင်ငံတော်၏ ရန်သူများ ဆိုကာ ကွပ်မျက်ခဲ့သူ ပေါင်း ၆၈၂,၆၉၁ ဦး ရှိခဲ့သည်။ အများစု သည် လယ်သမားများ နှင့် လူနည်းစု ဝင်များ ဖြစ်ကြသည်။ ထိုကာလများ အတွင်း အကြမ်းဖက် မှု များ ကျုးလွန်ရာတွင် NKVD လောက် စနစ်တကျ လုပ်နိုင်သည့် အဖွဲ့အစည်းဟူ၍ မရှိသေးပေ။
လည်ဂုတ်ကို နောက်မှ ပစ်၍ ကွပ်မျက်ရသည့် NKVD အရာရှိဟူ၍ မဆိုသလောက်သာ ရှိ၍ အရာရှိ အများစု အဖို့ တဦးချင်းစီ ကွပ်မျက်ခဲ့ရသော နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာ ရှိခဲ့သည့် အဖြစ်များသည် ၎င်းတို့ အသိစိတ် တွင် စွဲထင်ကျန်နေမည်သာ ဖြစ်သည်။
နိုင်ငံ တဝှမ်းရှိ ဒေသခံ ရဲအဖွဲ့၊ ဥပဒေ ပညာရှင်များ၊ အစိုးရ ဝန်ထမ်း များက ကူညီ ပံ့ပိုးပေးမှု မရှိက ၎င်းတို့ အနေဖြင့် ထိုသို့ ကွပ်မျက်မှု များ စနစ်တကျ ကျူးလွန် နိုင်ဖို့ ဆိုသည်က မည်သို့မျှ ဖြစ်မလာနိုင်ပေ။ ရဲအဖွဲ့ဝင်များ အားလုံးသည်လည်း NKVD ၏ အထူး တာဝန်များ ဆောင်ရွက်နိုင်အောင် ၎င်းတို့၏ အမိန့်ကို ချွင်းချက်မရှိ နာခံရန် လိုအပ်သည်ဟုလည်း အမိန့်ထုတ်ထားခဲ့သည်။ ဤသို့ဖြင့် ရဲအဖွဲ့ဝင်များသည် ကိုယ်တိုင်ကိုယ်ကျ ကျုးလွန်ခဲ့သူများ မဟုတ်သော်လည်း လိုအပ်သည့် လူအင်အား ဖြည့်တင်း ပေးခဲ့ကြရသည်။
ဂျုးများ အား မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့မှူ အား စဉ်းစားကြည့်သည့်အခါ အော့ချ်ဝစ် အကျဉ်းစခန်း နှင့် လူဟုပင် သဘောမထား တော့ပဲ စက်တခု ထဲသို့ ကုန်ကြမ်းများ ထည့်သည့် ပုံစံ မျိုးနှင့် သေဆုံးသွားခဲ့ရသည်ကို မြင် ယောင်လာကြမည် ဖြစ်သည်။ ဂျာမန်များ အတွက် ဟောလိုကော့စ် ဆိုသည်ကို သက်တောင့်သက်သာ အမှတ်ရစေမည့် နည်းလမ်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထို အကျဉ်းစခန်းကြီး ၏ အထဲတွင် တကယ်တမ်း ဘာတွေ ဖြစ်ခဲ့သည်ကို အတိအကျ သိသူ အနည်းငယ်သာ ရှိခဲ့သော ကြောင့်ပင် ဖြစ်သည်။
တကယ်တမ်း တွင် ဟောလိုကော့စ်သည် ထိုစခန်းကြီး ထဲတွင်ပင် ဖြစ်ခဲ့သည် မဟုတ်၊ လူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး မြုပ်နှံထားသည့် ကျင်းကြီးများ အရှေ့ဥရောပ အနှံ့အပြားတွင် တွေ့လာခဲ့ရသည်။
ထိုလုပ်ရပ်များကို ကျုးလွန်ခဲ့ကြသည့် Einsatzgruppen ခေါ်သည့် ဂျာမန် အထူး တပ်ဖွဲ့၏ တပ်မှုး အချို့တလေ အား နုရင်ဘတ်ခ် စစ်ခုံရုံး တွင် ပြစ်ဒဏ် စီရင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အနောက် ဂျာမဏီ တရားရုံးများက ဆက်လက် စစ်ဆေး စီရင်ခဲ့ကြသည်။
သို့သော်လည်း ထိုကဲ့သို့ စီရင်မှု များသည် ကျုးလွန်ခဲ့ကြသည့် ပြစ်မှု၏ ကြီးမားသော အတိုင်းအတာကို တမင် လျော့ချ ပစ်လိုက်သည့် ပုံစံမျိုး နှင့်သာ ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော ပြစ်ဒဏ် ကျခံသွားရသူ များသည် SS တပ်မှုးများသာ ဖြစ်နေပြီး ၎င်းတို့ ထိုသို့ ကျုးလွန် နိုင် အောင် ပံ့ပိုး ကူညီခဲ့ကြသည် ထောင်ပေါင်းများစွာ သော လူသတ်သမား များ မပါဝင်ခဲ့သော ကြောင့်ပင် ဖြစ်သည်။
ဤသည်က အစ ပင် ရှိသေးသည်။ အစုလိုက် အပြုံလိုက် သေနတ် နှင့် ကွပ်မျက်ခံရ၍ သေဆုံးသွားသူ ဂျုး များ ထဲတွင် ၃၃,၀၀၀ သည် ကိယက်ဗ် မြို့ပြင်တွင် ၎င်း၊ ၂၂,၀၀၀ သည် ရီဂါ မြို့ပြင် တွင်၎င်း အစရှိသဖြင့် နေရာ အနှံ့တွင် ဖြစ်သည်။ ကျုးလွန်သူများ ထဲတွင် ဂျာမန် ရဲတပ်ဖွဲ့ဝင် များလည်း ပါဝင်ခဲ့ကြသည်။ ဂျာမန်ရဲတပ်ဖွဲ့ဝင်များး လက်ချက်ဖြင့် သေဆုံးခဲ့ရသူများသည် ထိုသို့ လုပ်ရန် တာဝန် ပေးထားခဲ့သည့် အထူးတပ်ဖွဲ့ များ သတ်ဖြတ်ခံခဲ့ရသည့် အရည်အတွက်ထက်ပင် ပိုများ နေပေသည်။
အများစုသည် ထိုသို့ လုပ်နိုင်အောင် အထူးတလည် လေ့ကျင့် ပြင်ဆင်ပေးထားခြင်း မျိုး မရှိကြ။ ၎င်းတို့ ကိုယ်တိုင် တခါမျှ မရောက်ဖူး မသိခဲ့ဖူးသည့် အရပ်သို့ ရောက်လာပြီး သတ်ပစ်ရန် အမိန့်ပေးလာသည့် အခါတွင်တော့ သူတို့ကိုယ် သူတို့ မလုပ်ရဲ မကိုင်ရဲ သူများဟု အထင်မခံလို၊ ဂျုး များကို သတ်ဖြတ်ရန် ပေးသည့် အမိန့်ကို ငြင်းပယ်ခဲ့ကြသည့် ရဲ အဖွဲ့ဝင်များ ရှားရှားပါးပါး ရှိခဲ့ဖူးသော်လည်း ၎င်းတို့ကို အပြစ်ပေးခြင်းမျိုး တော့ မရှိခဲ့ပေ။
အချို့က လူသတ်လိုသည့် စိတ် ရှိ၍ သတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သတ်ခဲ့ကြသူ အများစု သည် အခြားသူများ အကြား ထူးထူးခြားခြား ဖြစ်လာမည်ကို ကြောက်ရွံ့ကြ ၍ ဖြစ်သည်။ အများကဲ့သို့ လိုက်နာ လိုစိတ် အပြင် အခြားသော တွန်းအား များလည်း ရှိနေကြသည်။ သို့သော် လိုက်နာ လိုသူ များ မရှိက ကြီးမားသော ရက်စက် ကြမ်းကြုပ်မှု ကြီးများ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။