အီရန်-အမေရိကန် စစ်ပွဲ စပြီ

by Hla Soewai - Jun 27 2025

အမေရိကန် တို့၏ "သန်းကောင်ယံ တူ ကြီး" ဟု အမည် ပေးထားပြီး လေယာဉ် အစီးပေါင်း ၁၂၅ စီး ပါဝင်သည့် စစ်ဆင်ရေး ဖြင့် အီရန် ကို စတင်တိုက်ခိုက်လာပြီ ဖြစ်သည်။

 

အမေရိကန် တို့ အတွက် အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး ကြီး တခု ဖြစ်ပြီး B-2 ကိုယ်ပျောက် လေယာဉ်ကြီးများ၊ နှင့် မြေအောက် ဘန်ကာ‌ဖျက် ဗုံး အမျိုးအစား ဖြစ်သည့် GBU-57 (ပုံတွင်ရှု) ကိုပင် ပထမဆုံး အကြိမ် အဖြစ် စတင် အသုံးပြုလာခဲ့သည်။

 

မစ်ဆူရီ ပြည်နယ် ဝှိုက်မန်း လေတပ် စခန်း မှ ဗုံးကြဲ လေယာဉ် ကြီး ခုနှစ်စင်းသည် အတ္တလန်တိတ် သမုဒ္ဓရာ ကို ဖြတ်ကျော်ပြီး ၃၇ နာရီကြာ အသွားအပြန် ခရီးကို စတင် ပျံသန်းလာကြပြီး ကောင်းကင်ယံတွင် ပင် ဆီဖြည့်တင်းခဲ့ကြသည်။ အဆိုပါ ဗုံးကြဲ လေယာဉ်ကြီးများအတွက် အီရန် ကောင်းကင်ယံ ကို စိုးမိုးထားရန် အထောက်အကူပြု စစ်လေယာဉ် များက ရှေ့ပြေး အဖြစ် ကြိုတင်ထွက်ခွာ ခဲ့ကြပြီး ဖြစ်သည်။

 

ရန်သူ အား လှည့်စား နိုင်မည့် လေယာဉ် များသည်လည်း ပစိဖိတ် ကို ဖြတ်ကျော်ပြီး ရောက်ရှိလာကြသည်။ ပင်လယ်ပြင်ရှိ ရေငုပ် သင်္ဘောများ မှ တမာဟော့ ကရုစ် ဒုံးကျည်များနှင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ အီရန်ဖက်မှ တုံ့ပြန် နိုင်ခဲ့ခြင်း မရှိ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပီ ဟက်ဆက် က စောင့်ကြည်နေသူများ "အသက်ရှူပင် မှားသွားလောက်မည့်" စစ်ဆင်ရေး မျိုး ကြီး ဖြစ်သည်ဟု ကြွားလုံး ထုတ်ခဲ့သည်။

 

နျူကလီယား စက်ရုံ များကို သာ ချိန်ရွယ်ပြီး "တိကျစွာ တိုက်ခိုက်ခဲ့ခြင်း" ဖြစ်သည်ဟု ဆိုသည်။ ထရမ့် ကလည်း အမေရိကန် တို့သည် စစ်ပွဲ ဖြစ်ရန် ကြိုးစားနေခြင်း မဟုတ် ဟု ပြောခဲ့သည်။ ငြိမ်းချမ်းရေး စားပွဲ ဝိုင်းသို့ အချိန်မရွေး လာရောက်ရန် "အခွင့် အရေး များ" ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် တကယ်ပဲ အီရန် နျူစက်ရုံများကို ဖျက်ဆီး နိုင်ခဲ့ပြီလော ဟု မေးခွန်း မေးစရာ ဖြစ်လာသည်။

 

ဒေါ်နယ် ထရမ့်သည် အီရန် ရှိ ဖော်ဒိုး၊ နတန်ဇ် နှင့် အစ်ဖာဟန် နျူစက်ရုံ များ အား ဇွန် ၂၁ တွင် တိုက်ခိုက်ခဲ့ပြီး "အပြီးအပိုင် ချေမှုန်း နိုင်ခဲ့ပြီ" ဟု ကြေညာခဲ့သည်။ သို့သော် ပူးတွဲ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး ဒန် ကိန်းကမူ မည်မျှ အထိ ထိခိုက် ပျက်စီးမှု ရှိသည်ကို သိရန် အချိန်ယူရဦးမည်ဟု ထိန်းထိန်းသိမ်းသိမ်း ပြောခဲ့သည်။ သို့သော် ကနဦး လေ့လာ ဆန်းစစ်ချက် များအရ အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့သည်ကတော့ ကြိမ်းသေနေပြီ ဖြစ်သည်။ အမေရိကန် ကုမ္ပဏီ Maxar မှ ထုတ်လွှင့်သော ဂြိုလ်တု ဓါတ်ပုံများအရ တောင်နံရံများ တွင်း ကျင်းကြီးများ ဖြစ်သွားသည်ကို အထင်အရှား တွေ့မြင်နေရသည်။

 

ထရမ့်မှ အဓိက ပစ်မှတ်များ အဖြစ် သတ်မှတ်ထားသော နတန်ဇ်၊ အထူးသဖြင့် ဖော်ဒိုး တို့အား B-2 ဗုံးကြဲ လေယာဉ် ကြီးများဖြင့် ဘန်ကာဖျက် GBU-57 ဗုံးအလုံးပေါင်း ၁၄ ခု ကြဲချ တိုက်ခိုက်ခဲ့သည်။ (ပုံတွင် ဖော်ဒိုး အား မတိုက်ခိုက်မီ၊ နှင့် တိုက်ခိုက်ပြီး ပုံ ကို တွေ့နိုင်သည်။) တမာဟော့ ကရုစ် ဒုံးကျည်များက အစ်ဖာဟန် နျူစက်ရုံ အား တာဝန်ယူ တိုက်ခိုက်ခဲ့သည်။

 

အစ္စရေး ဖက်က နတန်ဇ်၊ အစ်ဖာဟန် နှင့် အီရန်၏ လေကြောင်း ကာကွယ်‌ ရေး စနစ်ကို တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ သို့သော် ဖော်ဒိုးသည် တောင်ကြီးများ အကြား ရှိ‌ ‌‌ နေပြီး မြေအောက် မီတာ ၈၀၀ ခန့်တွင် ရှိ‌ နေ၍ အစ္စရေး လေယာဉ်များ တိုက်ခိုက် နိုင်စွမ်း မရှိ ဖြစ်နေသည်။

 

ကျွမ်းကျင်သူများက နျူကလီယားဗုံး ဖြင့် တိုက်ခိုက်ခြင်း သို့ မဟုတ် မြေပြင် စစ်ဆင်ရေး ဖြင့် သိမ်းပိုက် ဖေါက်ခွဲ နိုင်မှသာ ဖြစ်မည်ဟု ယူဆထားခဲ့သည်။ သို့သော် အမေရိကန် တို့က B-2 လေယာဉ် ကြီးများ သုံး၍ အရပ်ခေါ် ဘန်ကာဖျက်ဗုံး၊ တရားဝင် အခေါ် Massive Ordnance Penetrator (MOP) ဖြင့် ရှင်းလင်းခဲ့ကြသည်။ GBU-57 သည် တန်ချိန် အားဖြင့် ၁၃ တန် ရှိပြီး ကွန်ကရိ အထူ မီတာ ၆၀ (ပေ ၂၀၀) ထွင်းဖေါက် နိုင်စွမ်း ရှိ‌သည်။ တနေရာတည်းကို ဆက်တိုက် တိုက်ခိုက်မည် ဆိုက ထိုထက်မက နက်ရှိုင်းစွာ ထိုးဖေါက် နိုင်မည်လည်း ဖြစ်သည်။ B-2 ကိုယ်ပျောက်လေယာဉ် ကြီးများပင် တကြိမ်လျှငိ ဗုံး နှစ်လုံးသာ သယ်ယူ နိုင်စွမ်း ရှိသည်။ ဗုံး အလေးချိန် စုစုပေါင်း၏ ၂၀ ရာနှုန်းသာ ဖေါက်ခွဲရေး ယမ်းများ ပါဝင်သည်။

 

အစ္စရေး ထောက်လှန်းရေး ကလည်း ဥမင်လှိုဏ် ခေါင်း ဘယ်နေရာကစသည်၊ ဘယ်နေရာတွင် အကွေ့အကောက်များ ရှိသည်၊ ဘယ်နေရာ တွင် လေဝင် လေထွက် စက်များ တပ်ဆင်ထားသည်၊ ဘယ်နေရာတွင် ဓါတ်အားပေးရုံရှိသည် အစရှိသည်တို့ ဖေါ်ပြထားသော အဆောက်အဦး ၏ အသေးစိတ် ဒီဇိုင်း ရရှိထားပြီး ဖြစ်သည်။

 

အီရန်သည် ကွန်ကရိ ကို မည်မျှ အထိ အခိုင်အခံ့ တည်ဆောက်ထားသည်နှင့် အမေရိကန်ဖက်မှ ဗုံး၏ စွမ်းဆောင်ရည်ကို မည်မျှအထိ တိုးချဲ့မြှင့်တင်နိုင်မည် ဆိုသည်က စစ်ဆင်ရေး ၏ အနိုင်အရှုံးကို ဆုံးဖြတ်မည် ဖြစ်သည်။

 

လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တဦး က ဂြိုလ်တု ဓါတ်ပုံများအရ ဆိုလျင် အမေရိကန် တို့ ဖော်ဒိုး၏ အဝင်အထွက် လုပ်သည့် နေရာ နှင့် လေဝင်လေထွက် စက်များ တပ်ဆင်ထားရာ နေရာများကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ လေဝင်လေထွက် မရှိတော့က နျူကလီယား ထုတ်လုပ်ရေး တွင် အဓိက အသုံးပြုနေသည့် IR6 centrifuge ခေါ် စက်ဒလက်ကြီးများ လည်ပတ်နိုင်စွမ်း ရှိတော့မည် မဟုတ်။

 

သို့သော်လည်း ပြင်းထန်လှသော ပေါက်ကွဲမှု အရှိန်ကြောင့် အတွင်းရှိ စက်ပစ္စည်းများ သေချာပေါက် ပျက်စီးသွားမည် ဖြစ်သည်။ အီရန်တို့ အဖို့ စက်များကို ဖြုတ်သိမ်း ဖို့ အချိန်ရတော့မည် မဟုတ်ပေ။

 

မည်သို့ပင် ဖြစ်စေ လက်ရှိ မူလာကြီးများ ဆက်၍ အုပ်ချုပ် နေမည် ဆိုက အီရတ် ကဲ့သို့ပင် နောက်တကျော့ ပြန် စစ်ပွဲ ဆင်နွှဲရဦးမည် ဖြစ်သည်ဟု ယူဆနေကြသည်။

 

လက်ရှိတွင်တော့ အမေရိကန် အား တိုက်ရိုက်ချိန်ရွယ် လက်တုံ့ပြန်သွားမည်ဟု ပြောလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ ပစ်မှတ်များထဲတွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများ၊ မဟာမိတ်များ ဖြစ်သော ဆော်ဒီအာရေဘီယား ရှိ ရေနံတွင်းများ၊ ဒူဘိုင်းရှိ မိုးထိ မြင့် အဆောက်အဦး ကြီးများအား တိုက်ခိုက်ခြင်း၊ ဟောမုဒ် ရေလက်ကြား အား ပိတ်ဆို့ ပစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ကမ္ဘာရေနံ တင်ပို့မှု၏ သုံးပုံ တပုံ ကို ရပ်တန့်သွားနိုင်သဖြင့် ရေနံ ဈေး နှုန်းများ မြင့်တက်လာနိုင်သည်။

 

ထိုသို့ လုပ်မည်ဆိုက အမေရိကန် ၏ ယခုထက် ၍ ပြင်းထန်သော တိုက်ခိုက်မှု နှင့် ကြုံလာရနိုင်သည်။ အီရန် ခေါင်းဆောင် အလီ ခါမေနီ သည် လက်တုံ့ပြန်ချင်နေသော်လည်း ၎င်း၏ အစိုးရ ဆက်၍ အသက်ဆက် စေချင် ပြန်သည်။

 

ယီမင် ရှိ ဟူသီ သူပုန်များက ပင်လယ်နီ ရှိ ကုန်သွယ်သင်္ဘောများကို ပြန်လည် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေသလို၊ အီရတ် ရှိ စစ်သွေးကြွများကလည်း ၎င်းတို့ နိုင်ငံထဲရှိ အမေရိကန် စစ်စခန်းများကို ‌ဒရုန်းများ နှင့် တိုက်ခိုက်လာကြသည်။ အစ္စရေးကလည်း လက်ဘနွန် ရှိ ဟစ်ဘိုလာ တို့ တိုက်ခိုက်လာမည့် အရေး အတွက် ကြိုတင်ပြင်ဆင်လာခဲ့သည်။

 

လက်ရှိ အဖြစ်နိုင်ဆုံး အနေအထားက စစ်ပွဲသည် ကျယ်ပြန့်လာစရာလည်း မရှိ၊ သဘောတူညီချက်များ ဖြင့် အဆုံးသတ် သွားမည် မဟုတ်။

 

အီရန်ဖက်က လက်တုံ့ပြန်လာမည် ဆိုလျင် ထရမ့် အဖို့ ဒီထက်မက မဖြစ်မနေ တိုက်ခိုက်ရဖို့ ဖြစ်လာပြီး ဒေသတွင်း ကသောင်းကနင်း အဖြစ်များ နှင့် ကြုံလာရတော့မည် ဖြစ်သည်။ စစ်ရေး အရ မတုံ့ပြန်လျင်လည်း နျူကလီယား မပြန့်ပွားရေး စာချုပ်မှ အပြီး အပိုင် နှုတ်ထွ့က်ပြီး ၎င်းတို့၏ နျူကလီယား အစီအစဉ်များကို နှစ်ဆတိုး၍ ထုတ်လုပ်လာနိုင်သည်။ ယခုပင် ၎င်းတို့တွင် တတိယမြောက် ယူရေနီယံ သန့်စင်ရေး စက်ရုံ ရှိထားပြီး ဖြစ်သည်ဟု ပြောဆိုနေပြီ ဖြစ်သည်။ ထိုအခါတွင် အမေရိကန် သည် ရေရှည် စစ်ပွဲ ဆင်နွှဲရန် လိုအပ်လာတော့မည် ဖြစ်သည်။

 

ထရမ်ကလည်း အီရန် ခေါင်းဆောင် အလီ ခါမေနီ အား ပစ်မှတ်ထားဖို့ ခက်ခက်ခဲခဲ မဟုတ်၊ သို့သော်ဘလည်း လော‌လောဆယ် ရှင်းပစ်မည် မဟုတ်သော်လည်း သီးခံနိုင်မှု အတိုင်းအတာသည် တဖြေးဖြေး ကုန်ခမ်းလာနေပြီဟု ၎င်း၏ ဆိုရှယ် မီဒီယယာ ပေါ်တွင် ရေးသားခဲ့ပြီး ဖြစ်သည်။

 

(အီကောနော်မစ် မဂ္ဂဇင်းပါ ဆောင်းပါးများမှ ကိုးကား ဖေါ်ပြသည်)