အခန်း (၄)
ရက်များက စိတ်ပုတီး စိတ်သလို တရက်ပြီး တရက် ရှေ့သို့ ရွေ့လျားလာခဲ့သည်။ တရက်၊ တပတ် မှသည် လများ ဆီသို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။ သို့သော် စနေနေ့တိုင်းလိုလို ပါဗယ်၏ မိတ်ဆွေများက မပျက်မကွက် ရောက်လာကြစမြဲ ဖြစ်သည်။
အစည်းအဝေး တခု ပြီးသွားတိုင်း ရှေလျားသော လှေကား ပေါ်သို့ တထစ်ပြီး တထစ် တက်နေသလို ခရီးရောက်လာခဲ့သည်။ ထိုသို့ ခရီးရောက်လာလေ လူများလည်း အမြင့်သို့ ရောက်လာလေလေ ပင် ဖြစ်သည်။ သို့သော် ယခုထိ လှေကား ထိပ်ကိုတော့ မမြင်ကြရသေးပေ။
လူသစ်များလည်း တိုး တိုး လာနေသည်။ ဗလာဆော့ဗ် ၏ အခန်းကျဉ်းလေးထဲ ပြည့်ကျပ်လာနေပြီး ပူးပူးကပ်ကပ် ဖြစ်လာကုန်သည်။ နာတာရှာသည် စနေညတိုင်း ရောက်လာသည်၊ ရောက်လာတိုင်းလည်း အအေးဒဏ်ကြောင့် ပင်ပန်း နွမ်းနယ် နေပုံ ရသည်။ စိတ်ဓါတ်ကတော့ ကုန်ခမ်းသွားပုံ မရသည့် အလား ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နှင့် ရှိနေဆဲပင်။
အမေက ခြေအိပ်ကို ချုပ်ပေးပြီး သူမ၏ သေးသွယ်သော ခြေထောက်တွင် ကိုယ်တိုင်ကိုယ်ကျ စွပ်ပေးခဲ့သည်။ နာတာရှာက အမေ ထိုသို့ စွပ်ပေးသည်ကို ပထမတော့ ရယ်နေသေးသည်။ တဖြေးဖြေး နှင့် ရယ်သံသည် တိတ်ဆိတ်သွားပြီး တစုံတရာ ကို လေးလေးနက်နက် တွေးမိပုံဖြင့် လေသံ တိုးတိုး ဖြင့် ...
ကျမ မှာ အရမ်း ကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ ကလေးထိန်း အမျိုးသမီး တ ယောက် ရှိခဲ့ဖူးတယ်၊ ဘယ်လောက်များ ထူးဆန်းသလဲ ဆိုရင် လက်လုပ်လက်စား လူတန်းစား ကို ကြည့်၊ သူတို့တွေ ဆင်းရဲနုံချာတဲ့ ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းနေကြရပေမယ့် ဟိုး က လူတွေ ထက် ပိုပြီး စိတ်ထားလည်းကောင်း ကြင်နာတတ်တဲ့ နှလုံးသား တွေလည်း ရှိကြတယ်" ဟု ပြောကာ အဝေးတနေရာသို့ လက်ညိုး ထိုးပြသည်။
"သမီးလည်း ဘယ်လို လူမျိုး ဆိုတာ အမေ တွေ့နေရပြီလေ၊ မိသားစု နဲ့ အရာရာ တိုင်းကို စွန့်လာခဲ့တာ မဟုတ်လား" ဟု ပြောရင်း အတွေးကို လက်စ မသပ်နိုင်ဘဲ သက်ပြငိးရှည်ကြီး ချကာ ဘာစကား မှ ဆက်မ ပြောဘဲ နာတာရှာ မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ စိတ်ထဲ တွင်လည်း ဘာရယ်မှန်းမသိ မိန်းကလေး ကို ကျေးဇူးတင်နေမိသည်။
နာတာရှာ ရှေ့ ကြမ်းပြင်ပေါ် ထိုင်ချ လိုက်သည်၊ နာတာရှာကတော့ သူမ စကားကြောင့် ပြုံးပြီး အတွေးနယ်ချဲ့နေသည်။
"ကျမ မိသားစု ကို စွန့်လာခဲ့ရတာပါ" ဟု ခေါင်းကို ငုံရင်း ထပ်ပြောလိုက်ပြန်သည်။ "ဘာမှ ထူးထူး ထွေထွေ တော့ ဆုံးရှူံးစရာ မရှိပါဘူး၊ အဖေ က အသိဉာဏ် ခေါင်းပါးပြီး စိတ်ကြမ်းလူကြမ်း၊ အကိုကလည်း အမူးသမား၊ အမကြီး ကလည်း သူ့ထက် အသက်ကြီး တဲ့ လူ နဲ့ ရပြီး စိတ်ဆင်းရဲ နေရတာ၊ အဲ့ဒီလူက ပိုက်ဆံချမ်းသာပြီး လောဘကြီးဖို့ပဲ သိတဲ့လူမျိုး၊ ကျမ အမေအတွက်ပဲ စိတ်မကောင်း ဖြစ်မိတယ်၊ အမေ က အဒေါ်လိုပဲ ရိုးတယ်၊ အရိုက်အနှက် ခံရပါများတော့ အမြဲ လို ထိတ်လန့်နေရရှာတာ၊ ခန္တာကိုယ်ကလည်း ကြွက်ကလေး ကျနေတာပဲ သေးသေးသွယ်သွယ်လေး၊ ပြေးတာလည်း မြန်သလား မမေးနဲ့၊ လူတိုင်းကို ကြောက်နေရရှာတာ၊ တခါတလေ ကျ အမေ့ကို တွေ့ချင်မိတယ်"
"သနားစရာ ပါလားကွယ်" ဟု ပြောရင်း စိတ်မကောင်းချင်း ကြီးစွာဖြင့် ခေါင်းကို ခါရမ်းနေသည်။
"မဟုတ်ဘူး...အဲ့လို မဟုတ်ဘူး၊ အဲ့ဒီတုန်းက ကျမ အရမ်းပျော်ခဲ့ရတဲ့ အချိန် တွေပါ"
သူမ၏ မျက်နှာသည် အရောင်ဖျော့သွား၍ အပြာရောင် မျက်လုံးများက ပို၍ တောက်ပ လာနေသည်။ လက်ကိုလည်း အမေ ပုခုံးပေါ်တင်ကာ ဆုပ်ကိုင်ထားရင်းက သူမ၏ နှလုံးသား ထဲမှ တိုးလျိုး ထွက်လာသည့် အလား တိုးတိတ်ငြင်သာစွာ ဖြင့် ဝမ်းသာ အားရ ပြောလိုက်ပြန်သည်။
"ကျမ တို့ လုပ်နေတဲ့ အလုပ်တွေ ဘယ်လောက် အားရ ပျော်ရွှင်စရာ ကောင်းနေလဲ ဆိုတာ အမေ သိရဲ့လား၊ နားကောလည်ရဲ့လား၊ အမေ စိတ်ထဲ အလိုလို နေရင်း ခံစားလာလိမ့်မယ်"
ကလေးမလေး အပေါ် မနာလို အားကျစိတ်များပင် အမေ၏ နှလုံးသား ကို ရိုက်ခတ်လာခဲ့သည်။ အမေသည် ထိုင်နေရာ မှ ထ လိုက်ရင်း ဘွင်းဘွင်းကြီး ပြောချလိုက်သည်။
"အမေက အသက်ကြီး လွန်းလှပါပြီ၊ စာမတတ် ပေမတတ် နဲ့"
ပါဗယ်သည် စကားများကို ပို၍ ပို၍ ပြောလာပြီး၊ ပြောလျှင်လည်း အချိန်အတော်ကြာသည်။ ဤသည်ကလည်း အချင်းချင်း အတိုက်အခံ အားတက်သရော ပြောရသည့် အခါမျိုးတွင် ဖြစ်ပြီး လူကလည်း ပိန် လိုက် လာနေသည်။
သို့သော် နာတာရှာဖက် လှည့်ပြောသည့် အခါများ တွင် သား၏ မျက်လုံးများသည် ပို၍ နူးညံ့လာပြီး အသံ ကလည်း ချစ်ခင်တွယ်တာသည့် အရိပ်အယောင်များ ပါလာသည်ဟု အမေ့ စိတ်တွင် ထင်မြင်လာမိသည်။ သူ၏ ဟန်ပန် တခုလုံးသည် ပို၍ ရိုးရှင်းလာပုံ ရှိသည်။
"ကောင်းကင်က ကျေးဇူး ပြုပါစေ" ဟု ပင် အမေ ဆုတောင်းလိုက်မိသည်။ နာတာရှာကိုလည်း ချွေးမ တယောက် အဖြစ် မြင်ယောင်လာပြီး ကြိတ်ပြုံးနေမိပြန်သည်။
သား တို့ စည်းဝေးသည့် အခါတိုင်း ပူပူညံညံ နှင့် ငြင်းခုံ နေကြစမြဲ ဖြစ်သည်။ ထိုအခါမျိုး တွင် ရုရှားလေးလည်း မတ်တတ် ထရပ်ပြီး ခေါင်းလောင်းကြီး အတွင်းက အတံ ရှညိကြီး ဟိုဒီ လှုပ်ရှား နေသလို သူလည်းပဲ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် ရင်းက ပြတ်သား သည့် လေသံ ဖြင့် ရိုးရိုးရှင်းရှင်း ပြောလိုက်သည့် စကားများကြောင့် လူတိုင်း၏ စိတ်လှုပ်ရှားမှု ကို ငြိမ်သက်သွားစေပြီး စည်းဝေးသည့် ရည်ရွယ်ချက်များကို ပြန်ပြီး သတိရလာစေသည်။
အများအားဖြင့် ဗိုင် ဆော ချီ ကော့ ကြောင့် လမ်းလွဲကုန် ကြ ခြင်း ဖြစ်သည်။ သူ နှင့် ဆံပင်နီနီ ကောင်လေး ဆမွိုင်လော့ သည် အငြင်းအခုံ ဖြစ်အောင် အမြဲတမ်း စလေ့ရှိသည်။ သူတို့ဖက်တွင် ခေါင်းလုံးလုံး၊ မျက်ခုံး မွှေး အဖြူ များ နှင့် အိုင်ဗန် ဘူကင် ဆိုသူ ရှိနေပြန်သည်။ သူ့ကို ကြည့်ရသည်မှာ အခြောက်လှန်း ခံထားရသလို မျိုး သို့မဟုတ်ကလည်း ချေးချွတ်ဆေးရည် နှင့် အချွတ်ခံထားရသည့် ပုံမျိုး ဖြစ်နေသည်။ ဆံပင်ကောက်ကောက်၊ မျက်ခုံးမွှေးထူထူ နှင့် ဖီဒရာ မာဇင်လည်း ရှိနေသည်။
ယာကော့ မိုဆော့ဗ် ဆိုသူသည် ခေါင်းကို အမြဲလို အကျအန ဖီးထားတတ်ပြီး၊ သပ်သပ်ရပ်ရပ် ဝတ်စား တတ်သူ ဖြစ်သည်။ စကား အပြောအဆို နည်းပြီး၊ ပြောလျှင်လည်း တိုတိုတုတ်တုတ် နှင့် ငြင်ငြင်သာသာ ပြောတတ်သည်။ သူသည် အမြဲလို ပါဗယ် နှင့် ရုရှားလေး ဖက်မှ ထောက်ခံ ပြောတတ်သည်။
တခါတရံ တွင် နာတာရှာ အစား အဝေးရောက် အစိုးရ ဖက်မှ အယ်လက်စီ အီဗန်နိုဗစ်ခ်ျ ဆိုသူသည် မြိုမှ ရောက်လာတတ်သည်။ မျက်မှန် နှင့် ဖြစ်ပြီး မုတ်ဆိတ်မွှေးများကလည်း အရောင်လက်နေသလား ဟုပင် ထင်ရသည်။ သူ၏ စကားပြောသံသည် သီချင်း ဆိုနေသလို ထင်ရသည်။ ပုံကြည့်ယုံ နှင့် အဝေး တနေရာ မှ ရောက်လာသည့် လူစိမ်း တဦး ဖြစ်မှန်း သိသာနေသည်။
သူ ပြောသည့် အကြောင်းအရာ များသည်လည်း လူများ နေ့တဒူဝ ကြုံတွေ့နေကြရသည့် မိသားစု အကြောင်း၊ ကလေးများ အကြောင်း၊ လုပ်ငန်း ကိုင်ငန်းများ၊ ပုလိပ်များ အကြောင်း၊ သားငါး နှင့် ပေါင်မုန့် ဈေးများ အစရှိသည့် တို့ ဖြစ်သည်။ ထိုအထဲတွင် သူ ကြုံတွေ့လာရသည့် ကလိန်ကကျစ် ကျမှုများ၊ အလန့်တကြား ဖြစ်ခဲ့ရမှုများ၊ ဆင်ခြင်တုံတရား ကင်းမဲ့မှု များ အကြောင်း နှင့် မည်သို့ မည်ပုံ ဖြေရှင်းခဲ့ရသည်များကို တခါတခါဟာသစွက်၍ ပြောပြတတ်သည်။ သို့သော် လူထု အကြား အမြံလို တွေ့လာနေရသည့် အားနည်းချက်များ ကို ထုတ်ပြလိုသည့် သဘောမျိုး နှင့် ဖြစ်သည်။
အမေ စိတ်ထဲတွင်တော့ သူသည် အဝေး တနေရာ သို့မဟုတ် တိုင်းတပါး မှ ရောက်လာပုံ ရသည်ဟု ထင်နေမိသည်၊ သူ နေထိုင် ကြီးပြင်းခဲ့ရာ အရပ် ရှိ လူများသည် ရိုးရှင်းသော ဘဝ ကို စိတ်အေး ချမ်းသာစွာ ဖြတ်သန်းနေသူများ ဖြစ်မည်။ ဒီကို ရောက်လာသည့် အခါ အရာရာတိုင်းသည် သူ့ အတွက် အထူး အဆန်း ဖြစ်နေပေလိမ့်မည်။ ထို့အတွက် နေသားမကျ ဖြစ်နေပြီး မလွှဲမရှောင် ဖြစ်ရိုး ဖြစ်စဉ် တခု ဟု လက်ခံ နိုင်ပုံ မရ။
စိတ်ထဲတွင်လည်း မကျေမနပ် ဖြစ်လာနေပြီး သူ ကျင်လည်ခဲ့ဖူးသည့် ပုံစံ အတိုင်း ဖြစ်အောင် စီစဉ် နိုင်ဖို့ စိတ်ထဲ ကြိတ်၍ ကြံစည်နေပုံ ရသည်။
သူ့မျက်နှာသည် ဝါကျင့်ကျင့် နှင့် မျက်လုံးတဝိုက် တွင် အရေး အကြောင်းများကို ခပ်ရေးရေး မြင်နေရသည်။ အသံကလည်း ခပ်တိုးတိုး နှင့် လက်များက အမြဲလို နွေးနွေးထွေးထွေး ရှိပုံရသည်။
ဤသည်ကလည်း အမေကို နှုတ်ဆက်ချိန်တွင် သူ၏ ရှည်လျားပြီး ခွန်အား ရှိသော လက်ချောင်းများ ဖြင့် အမေ လက်ကို ဆုပ်ကိုင် နှုတ်ဆက်လိုက်သော ကြောင့် သိလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ အားရ ပါးရ လက်ဆွဲ နှုတ်ဆက်လိုက်မှ အမေလည်း သက်တောင့်သက်သာ ဖြစ်သွားပြီး စိတ်လက်ပေါ့ပါး သွားခဲ့ရသည်။