တရုတ် ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသော အမျိုးသမီး

by Hla Soewai - Jul 09 2020

တိုင်ဝမ် နှင့် တရုတ် ပြန်လည် ပေါင်းစည်းရေးသည် သမိုင်းတွင် မလွှဲမရှောင်သာ ဖြစ်လာရမည်ဟု သမ္မတ ရှီကျင့်ဖျင် က ပြောဆိုခဲ့ပြီး စီးပွားရေး အရ မက်လုံးပေး ဆက်ဆံလာခဲ့တာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ တဖက်ကလည်း လွတ်လပ်ရေး ဆိုပြီး ခွဲထွက်ဖို့ ကြိုးစားလာမယ် ဆိုရင်တော့ အင်အားသုံး နှိမ်နှင်းသွား မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။

 

သို့သော် ရှီ ၏ မကြာမီက ဟောင်ကောင် ကို တိုက်ခိုက်ခဲ့မှုကြောင့် တရုတ်၏ အတွင်းသဘောကို တိုင်ဝမ် အဖို့ ပွင့်ပွင့်လင်းလင်း သိခွင့်ရသွားခဲ့ရတာနဲ့ အမျှ နိုင်ငံ လုံခြုံရေးမှာ သမ္မတ ဆိုင်အင်ဝင်းအတွက် ပိုပြီး စိုးရိမ်မကင်းစရာ ဖြစ်လာရပါတယ်။ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကြောင့် ဗျာများနေချိန်မှာ တရုတ်သမ္မတ ကလည်း ရန်စ တဲ့ လုပ်ရပ်တွေကို တိုးပြီး လုပ်လာနေပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ် များ အတွင်း တိုင်ဝမ် လေကြောင်းပိုင်နက်ကို တရုတ် စစ်လေယာဉ်တွေ နေ့စဉ်လို ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမ ကိုလည်း နိုင်ငံတကာ ဒီမိုကရေစီ ဖိုရမ်မှာ တက်ရောက် မိန့်ခွန်း ပြောခြင်းသည် ခွဲထွက်ရန် ကြံစည်မှုလို့ တရုတ်ဖက်က စွပ်စွဲလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ ဟောင်ကောင်က အစုလိုက် အပြုံလိုက် ရောက်လာနေကြတဲ့ တက်ကြွလှုပ်ရှားသူများကို ခိုလှုံခွင့် မပေးဖို့လည်း သတိပေးလာခဲ့ပါတယ်။ ယခုအခါ တိုင်ဝမ်အား တရုတ် စကားပြောနိုင်ငံများထဲမှာ လွတ်လပ်ခွင့် ၏ နောက်ဆုံးခံတပ်ကြီး အဖြစ် သဘောထားလာကြပါတယ်။

 

မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ မှ တရုတ် အင်အား ကို လေ့လာနေသူ အထက်တန်း သုတေသီ မက်သယူး ဖူနာအိုင်အို ကတော့ တိုင်ဝမ် ပြည်သူတွေ၏စိတ်ထဲ အကာအကွယ်မဲ့ လာသလို ဖြစ်ပြီး ဒီလို ဖြစ်အောင် ဖန်တီးခဲ့တဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို စိတ်ပျက် ဒေါသထွက်လာအောင် ရည်ရွယ်နေတာ ဖြစ်တဲ့အပြင် သူတို့ရဲ့ လုပ်ရပ်အပေါ် အခြား နိုင်ငံတွေက ဘယ်လို တုန့်ပြန်လာမလဲ ကို သွေးတိုးစမ်းနေတာ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာလည်း အမေရိကန်က အပြင်းအထန် တုန့်ပြန်လာမယ့် အနေအထားထိ ရောက်မသွားအောင် သတိကြီးစွာထားပြီး လုပ်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

 

အသက် ၆၄ နှစ်ရှိ ပြီ ဖြစ်တဲ့ မစ္စက် ဆိုင် ကတော့ တိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်သွားမယ်လို့ ထပ်တလဲလဲ ကတိပေးနေတာကြောင့် ရှေ့လာမယ့် လတွေ မှာ တင်းမာမှုတွေ တိုးလာဖို့ ရှိနေပါတယ်။ တိုင်ဝမ် လွတ်လပ်ရေးကို လိုလားနေတဲ့ အင်အားစုတွေကတော့ ဟောင်ကောင်အရေးကို ကြည့်ပြီး ဒီလောက်နဲ့ မလုံလောက်သေးဘူး ဆိုပြီး ဖိအားပေးလာနေပါတယ်။

 

မစ္စက် ဆိုင်သည် ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ရွေးကောက်ပွဲမှာ တရုတ်နဲ့ နီးကပ်စွာ ဆက်ဆံဖို့ မဲဆွယ်ခဲ့တဲ့ ပြိုင်ဖက်ဖြစ်သူ ဟန်ကိုယူ ကို အပြတ်အသတ် အနိုင်ရရှိပြီး ပြန်လည် အရွေးခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကောင်ရွန်း မြို့တော်ဝန်လည်း ဖြစ်တဲ့ ဟန်ကိုယူ အား မဲဆန္ဒရှင်များက ဒေါသတကြီးနဲ့ မြို့တော်ဝန် အဖြစ်မှ ပြန်လည် ရုတ်သိမ်းဖို့ မဲပေး အတည်ပြုခဲ့ကြပြီ ဖြစ်ပါတယ်။

 

မေလအတွင်း ပြုလုပ်တဲ့ လေ့လာမှု စစ်တမ်းတွင် ၂၃% သာ တရုတ်သည် တိုင်ဝမ်၏ မိတ်ဆွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ယမန်နှစ် အလားတူ စစ်တမ်းမှာ ၃၈% ရှိခဲ့ပါတယ်။

 

မစ္စက် ဆိုင် က တော့ ဟောင်ကောင် အပေါ် တရုတ်ရဲ့ လုပ်ဆောင်ချက် ကြောင့် လွန်စွာ စိတ်ပျက်မိပြီး ၎င်းတို့ ပေးထားတဲ့ ကတိ ဖြစ်တဲ့ တနိုင်ငံ စနစ် နှစ်မျိုး ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

 

တိုင်ဝမ် အပေါ် တရုတ်က စစ်ရေးအရ ကျူးကျော်လာမယ့် အလားအလာကတော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ တရုတ်တို့အဖို့ ထိခိုက်ဆုံးရှုံးစရာ အများအပြား ရှိနေပြီး နိုင်ငံတကာ တွင် ၎င်းတို့ရဲ့ ရပ်တည်မှုကို အကြီးအကျယ် ထိုးနှက်လိုက်သလို ဖြစ်သွားနိုင်တာကြောင့်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ သို့သော်လည်း နှစ်နိုင်ငံစလုံး ကတော့ ရင်ကြားစေ့လို့ မရအောင် ဝေးကွာသွားပြီ ဖြစ်ပါတယ်။

 

တိုင်ဝမ် ကျွန်းကို တရုတ် ရန်ကနေ ကာကွယ်နိုင်ဖို့ကတော့ အရင်လို ပဲ အမေရိကန်ကို အားကိုးနေရဆဲ ဖြစ်ပါတယ်။ ထရန့် အစိုးရဟာ တိုင်ဝမ်ကို ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကို ထပ်မံ အတည်ပြုထားပြီး F-16 တိုက်လေယာဉ်တွေ အပါအဝင် လက်နက်အမြောက်အများ ရောင်းချဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

 

သို့သော်လည်း ထရန့်သည် တရုတ်နဲ့ ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုနိုင်ဖို့ကို အာရုံထားနေတာကြောင့် သူရဲ့ ကတိအပေါ် အားလုံးက သံသယ တွေ ရှိနေပါတယ်။ မကြာမီက ထွက်ရှိခဲ့တဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘိုလ်တန် ရဲ့ စာအုပ်မှာတော့ ထရန့်က ဘဲဥပုံ ရုံးခန်းထဲရှိ စားပွဲပေါ်က မြေပုံကို ထောက်ပြီး “ဒါ..တိုင်ဝမ်၊ ဒါ..တရုတ်၊ အမေရိကန်က မဟာမိတ် ဒီမိုကရေစီ နိုင်ငံတခုကို ဒီလောက် ကတိကဝတ်တွေ ပေးလာခဲ့တာ မတန်ဘူး” လို့ ပြောခဲ့ တယ်လို့ ရေးသားထားပါတယ်။

 

မစ္စက် ဆိုင် ကတော့ တရုတ်ရဲ့ ပိတ်ဆို့ထားမှုကြောင့် သံတမန်ရေးအရ မထိုးဖေါက်နိုင်ပေမယ့် နိုင်ငံအများအပြားနဲ့ စီးပွားရေး အရ ဆက်ဆံမှုတွေ တိုးမြှင့် ပြုလုပ်လာနေပါတယ်။

 

ထရန့် သမ္မတ အဖြစ် အရွေးခံရပြီးနောက် မစ္စက်ဆိုင်နဲ့ တယ်လီဖုန်း စကားပြောခဲ့တာကိုလည်း တရုတ်က အကြီးအကျယ် ဒေါသထွက်ခဲ့လို့ တိုင်ဝမ်မှာ စိုးရိမ်မှု တွေ တိုးပွားလာခဲ့ဘူးပါတယ်။

 

မစ္စက် ဆိုင် သည် ၂၀၁၆ ခုနှစ်မှာ ပထမဆုံးအကြိမ် သမ္မတ အဖြစ် အရွေးခံခဲ့ရစဉ်က တရုတ်ပြည်အပေါ် သတိကြီးစွာ ဆက်ဆံခဲ့ပါတယ်။ သို့သော် ပြီးခဲ့တဲ့ လ အတွင်းမှာတော့ ဟောင်ကောင်ကနေ ထွက်ပြေးခို လှုံလာသူတွေကို လက်ခံမယ်လို့ ကြေငြာခဲ့ပါတယ်။ မစ္စက်ဆိုင်သည် သမ္မတ အဖြစ် ပြန်လည် ရွေးကောက် ခံရပြီးနောက်ပိုင်းမှာ ကော်ရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တာကြောင့် တဟုန်ထိုး လူကြိုက်များလာခဲ့ပါတယ်။ ဒါကို အကြောင်းပြုပြီး မစ္စက်ဆိုင် က လူထု ကျန်းမာရေး အကျပ်အတည်းနဲ့ ကြုံလာရင် ဒီမိုကရေစီ စနစ်သည်သာ အထိရောက်ဆုံး ဖြစ်တာကို သက်သေပြနိုင်ခဲ့တယ်လို့ အများသိအောင် ကြွေးကြော်လာခဲ့ပါတယ်။

 

ယခုအခါ ဟောင်ကောင် အရေးကြောင့် တိုင်ဝမ်ရှိ အမြဲလို အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ နိုင်ငံရေး ပါတီတွေ ပြန်ပြီး စုစည်းလာနိုင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေက အမေရိကန် ကို မယုံစားဖို့နဲ့၊ ဖြစ်လာရင် လာကူမှာ မဟုတ်လို့ တရုတ် ကို ဒေါသထွက်စေမယ့် အပြုအမူတွေ အလွန်အကျွံ မလုပ်ဖို့ အစိုးရကို သတိ ပေးလာခဲ့ကြပါတယ်။

 

တရုတ် ပြည်မကြီးရှိ အရာရှိများကတော့ မိမိတို့ မူဝါဒကို ဆန့်ကျင်နေတဲ့ တိုင်ဝမ်ကို ဆက်လက် သည်းခံစရာ မလိုတော့ဘူးလို့ ပြောလာနေပါတယ်။ ယခုအခါ ဟောင်ကောင် အရေးကို အပြီးအပြတ် လုပ်နိုင်ခဲ့တာမို့ ဟောင်ကောင် နှင့် တိုင်ဝမ်အကြား လွတ်လပ်ရေး တောင်းဆိုမယ့် ပူးတွဲ လှုပ်ရှားမှုကို အမြစ်ဖြတ်နိုင်ခဲ့ပြီလို့ တရုတ် အရာရှိများက ပြောလာကြပါတယ်။

 

မကြာမီက ဩစတေးလျှ ကို ထွက်ပြေးခိုလှုံလာတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင် တဦး ကတော့ တရုတ် စစ်ထောက်လှမ်းရေးက တိုင်ဝမ်ရှိ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေကို ငွေကြေးထောက်ပံ့နေတယ်ဟု သူ၏ ၁၇ မျက်နှာပါ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံလွှာမှာ အသေးစိတ် ဖေါ်ပြလာခဲ့ပါတယ်။

 

နှစ်နိုင်ငံအကြားဆက်ဆံရေး ကောင်းမွန်တာကို လိုလားတယ် ဆိုရင် တိုင်ဝမ်သည် တရုတ် ကွန်မြူနစ်ပါတီ ဦးဆောင်နေတဲ့ တရုတ်ပြည်မကြီး၏ ခွဲခြား၍ မရသော အစိတ်အပိုင်းဆိုတဲ့ မူကို လက်ခံရမယ်လို့ ရှီ ရဲ့ ကမ်းလှမ်းချက်ကို မစ္စက်ဆိုင်ကတော့ ပြတ်ပြတ်သားသားပဲ ပယ်ချခဲ့ပါတယ်။ ဒီအတွက် ရှီ သည် တိုင်ဝမ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ခရီးသွားလာမှု အချို့ ကို ပိတ်ပင်ခဲ့ပါတယ်။ စီးပွားရေး နဲ့ ယဉ်ကျေးမှု အရ ဆက်ဆံပြီး တိုင်ဝမ်ကို ဖြားယောင်းသွေးဆောင်နိုင်ဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်လိုက်ပြီး မိမိတို့ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ ကုန်သွားပြီလို့ ပြောလာခဲ့ပါတယ်။

 

တရုတ်ပြည်က လေကြောင်းအပြင် ရေကြောင်း ကပါ တိုင်ဝမ်ကျွန်းအနီး စစ်ရေး လှုပ်ရှားမှုတွေ တိုးမြှင့်လာခဲ့ပြန်ပါတယ်။ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ မစ္စက်ဆိုင် က စစ်အရာရှိများ သင်တန်းဆင်းပွဲ အခမ်းအနားကို တက်ရောက်ပြီး စစ်တပ်အနေနဲ့ အထူးသတိဝိရိယ ရှိဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

 

တိုင်ဝမ် ကျွန်းသား အချို့ကတော့ ယခင်က ပြဿနာ တက်လာတိုင်း သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံခြား အကောင့် တွေဆီ ရွှေ့ပြောင်းခဲ့ကြပေမယ့် ယခုအခါ အစိုးရနဲ့ တစည်းတလုံးတည်း ရပ်တည်နေတဲ့ အသွင်မျိုး တွေ့လာနေရပြီ ဖြစ်ပါတယ်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင် အတွက်ကတော့ တိုင်ဝမ်ပြဿနာသည် သူ့၏ စိတ်နှလုံးတွင် ခဲကြီး တလုံး ဆွဲထားရသလို လေးလံနေဆဲ ဖြစ်ပါတယ်။

 

(၂၀၂၀ ဇူလိုင် ၁ ရက် နေ့ထုတ် နယူးယောက် တိုင်းမ် သတင်းစာတွင် ပါရှိသော “As China strengthens grip on Hong Kong, Taiwan sees a threat” ဆောင်းပါးကို ကိုးကားသည်)