ချမ်းသာသော နိုင်ငံများ အနေဖြင့် ဒုက္ခသည် အဖြစ် ခံယူလာမှု နှင့် လုပ်အား ဝင်ရောက်မှု ကို ခွဲခြားဖို့ လိုလာပြီဟု အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် တွင် ရေးသားလာခဲ့သည်။
ဒုက္ခသည် ဆိူင်ရာ ဥပဒေများသည် ကြုံရာကျပမ်းလို ထွက်ပေါ်လာခဲ့သည်။ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များ ပဋိညာဉ် စာတမ်းသည် ဥရောပ တိုက် အတွက်သာ အကြုံးဝင်ခဲ့သည်။ အဓိကအားဖြင့် စတာလင်၏ ရန်မူ မှု ကြောင့် ထွက်ပြေးလာရသူများကို ပြန်မပို့နိုင်အောင် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ညှင်းပမ်းနှိပ်စက် ခံရမည် ဆိုသော ခိုင်လုံမှု ရှိသည့် အကြောက်တရားဖြင့် ထွက်ပြေးလာသူ မှန်သမျှ ခိုလှုံနိုင်စရာ နေရာ ရှိရမည်၊ ထိုအန္တရာယ်နှင့် ရင်ဆိုင်ရမည့် နေရာသို့ ပြန်ပို့ခြင်း မရှိစေရ ဟု ကြေညာခဲ့သည်။ ၁၉၆၇ တွင် ထိုပဋိညာဉ် စာတမ်းသည် တကမ္ဘာလုံးသို့ သက်ရောက်မှု ရှိလာစေခဲ့သည်။
နိုင်ငံ အများစု က လက်မှတ် ရေးထိုးခဲ့ကြသော်လည်း တကယ်တမ်း လိုက်နာသည့် နိုင်ငံ အရေ အတွက်သည် နည်းသည်ထက် နည်းလာနေသည်။ တရုတ်မှ လက်ခံသည့် ဒုက္ခသည် အရည်အတွက် သည် အာဖရိက တိုက်ရှိ သေးငယ်သော နိုင်ငံ တနိုင်ငံ ဖြစ်သည့် လီဆိုသို ထက်ပင် နည်းနေသေးသည်၊ ခိုလှုံလာသော မြောက်ကိုရီယား နိုင်ငံသား များကို ပြန်ပို့ခဲ့သဖြင့် ဂူလက် ခေါ် ချွေးတပ် စခန်း သို့ မြန်း ခဲ့ကြရသည်။
သမ္မတ ဒေါ်နယ် ထရမ့်သည်လည်း တောင်အာဖရိက နိုင်ငံ မှ လွဲ၍ ကမ္ဘာတဝှမ်း ရှိ နိုင်ငံများမှ နိုင်ငံသား အားလုံး နီးပါးကို အမေရိကား တွင် ခိုလှုံခွင့်ကို အဆုံးသတ် ပစ်ခဲ့သည်။ ပုံစံ မကျဘဲ ဝင် ရောက်လာသူများ ကို နှင်ထုတ်နိုင်ရန် အခြား နိုင်ငံများ သုံးစွဲနေသည့် ကာကွယ်ရေး အသုံးစရိတ်ထက်ပင် ပို၍ သုံးစွဲရန် စီစဉ်နေသည်။ အနောက်တိုင်း နိုင်ငံများ၏ သဘောထားသည် လည်း တင်းမာလာနေသည်။ ဥရောပ တွင် ဆိုရှယ် ဒီမိုကရက်များ နှင့် လက်ယာ ပေါ်ပြူလစ် တို့၏ သဘောထားများ ပေါင်းစည်း မိလာကြသည်။
စစ်ပြီးခေတ် ဥရောပ အတွက် ရည်ရွယ် ပြဋ္ဌာန်းပေးထားသည့် ခိုလှုံခွင့် စနစ်သည် အလုပ်မဖြစ်တော့၊ ကမ္ဘာကြီးတွင် ပဋိပက္ခများ များပြားလာခြင်း၊ အလွယ်တကူ ခရီးသွားလာနိုင်ခြင်း၊ လုပ်ခနှုန်းထားများ အဆမတန် ကွာဟလာခြင်းများ ကြောင့် ထိုအရေး ကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်း မရှိ ဖြစ်လာသည်။
အကြမ်းအားဖြင့် ကမ္ဘာပေါ်ရှိ လူ သန်း ၉၀၀ ခန့်သည် အခြားတနေရာသို့ အမြဲတမ်း ရွှေ့ပြောင်းနေထိုင် လိုကြသည်။ ဆင်းရဲသော နိုင်ငံ တနိုင်ငံ မှ နိုင်ငံသား တဦး သည် ချမ်းသာသော နိုင်ငံ တနိုင်ငံသို့ တရားဝင် ရွှေ့ပြောင်းနေထိုင်ရန် မည်သို့မျှ မဖြစ်နိုင်သည့် အနေအထားကြောင့် ခွင့်ပြုချက် တောင်းခံ မနေတော့ဘဲ ဝင်ရောက်လာကြသည်။ ထိုအခါတွင် ခိုလှုံခွင့် ကို နောက်ဖေး တံခါးပေါက် အဖြစ် အသုံးချ ရကောင်းမှန်း သိလာကြသည်။
ယခင်ကလို နယ်ခြားကို ခိုးကြောင်ခိုးဝှက် ဖြတ်ကျော် ဝင်ရောက်လာစရာ မလိုတော့ဘဲ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးထံ တန်းတန်းမတ်မတ် လျှောက်သွားပြီး ခိုလှုံခွင့်ကို တောင်းခံလာကြသည်။ ၎င်းတို့ ခိုလှုံခွင့် လျှောက်ထားမှု ကို စီစစ် အတည်ပြုရန် နှစ်ပေါင်း အတန်ကြာ အချိန်ယူရလိမ့်မည် ဆိုသည်ကိုလည်း သိထားကြ၍လည်း ဖြစ်သည်။ ထိုအတော အတွင်း မှောင်ရိပ်ခိုကာ အလုပ်အကိုင်များ ရှာဖွေ နိုင်ကြသည်။
မဲဆန္ဒရှင်များကလည်း စနစ်ကို အခွင့်ကောင်းယူ အသုံးချ နေကြမှန်း သိလာကြသည်။ ယခုအခါ အီးယူ နိုင်ငံများတွင် ခိုလှုံခွင့် လျှောက်ထားလာသည်များကို ချက်ခြင်းလို ပယ်ချ ပစ်လာကြသည်။ နယ်ခြား များ တွင် ဝရုန်းသုံးကား ဖြစ်လာပါက ပေါ်ပြူလစ် ဝါဒ အားကောင်းလာပြီး ဘရက်ဆစ် နှင့် ဒေါ်နယ် ထရမ့် ကဲ့သို့ အဖြစ်မျိုး ကြုံလာရမည်ကို စိုးရိမ်လာကြသည် ထို့ပြင် တရားဝင် ရွှေ့ပြောင်းလာမှု အပေါ် အခြေအတင် ဆွေးနွေးရေး ကိုလည်း ထိခိုက်လာခဲ့သည်။ မူဝါဒ ရေးဆွဲသူများ သည်လည်း အလုပ်သမား များ ဝင်ရောက်လာမှု လိုအပ်နေခြင်း နှင့် ဒုက္ခသည် အဖြစ် လက်ခံလိုမှု ကို သီးခြား ခွဲထုတ် စဉ်းစားဖို့ လိုလာသည်။
ယခုအခါ ကမ္ဘာတဝှမ်းတွင် ၂၀၁၀ ခုနှစ် နှင့် နှိုင်းစာလျှင် ပဋိပက္ခများ၊ သဘာဝ ဘေးအန္တရာယ်များ နှင့် ဖိနှိပ် ချုပ်ချယ်မှု များ ပို၍ များပြား လာခြင်းကြောင့် လူပေါင်း ၁၂၃ သန်းခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသည်။ စစ်ပွဲများ ပို၍ ရှည်ကြာလာရခြင်းကြောင့်လည်း ဖြစ်သည်။ ထိုလူများအားလုံး လုံခြုံရာသို့ ခိုလှုံခွင့် ရှိနေသည်။
လုံခြုံရာဟု ဆိုရာတွင် ချမ်းသာသော နိုင်ငံများ၏ အလုပ်သမား ဈေးကွက်များသို့ ဝင်ရောက်ခွင့် ပေးရမည် ဟု မဆိုလို။ တကယ်တမ်းတွင် ချမ်းသာသော နိုင်ငံများ တွင် ပြန်လည် နေရာချထားခြင်းသည် ပြဿနာကို အနည်းငယ်သာ ဖြေရှင်းပေးနိုင်ပေသည်။ ၂၀၂၃ တွင် OECD နိုင်ငံများတွင် ဒုက္ခသည် အဖြစ် ခိုလှုံခွင့် တောင်းခံသူ ၂.၇ သန်းသာ ရှိသည်ကို ကြည့်ခြင်းအားဖြင့် ပြဿနာ၏ အရွယ်အစား နှင့် နှိုင်းစာလျှင် အပ် တထောက် စာသာ ရှိသည်ဟု ဆိုရမည် ဖြစ်သည်။
လက်တွေ ကျကျ ဖြေရှင်းဖို့ဆိုလျှင် ဒုက္ခသည်များကို ၎င်းတို့ မိခင်နိုင်ငံ နှင့် ကပ်လျက် ဒေသများတွင် ခိုလှုံခွင့် ပေးသင့်သည်။ ထိုသို့ အနီးအနားတွင် ရှိနေမှသာ တနေ့နေ့ တချိန်ချိန် တွင် အိမ်ပြန်ဖို့ စဉ်းစားလာကြမည် ဖြစ်သည်။ လက်လှမ်းမီရာ ခိုလှုံဖို့ ရောက်လာကြသူ များလည်း ဖြစ်၍ ယဉ်ကျေးမှု ခြင်း နီးစပ်သော အိမ်နီးချင်း နိုင်ငံများကလည်း ပို၍ ကြိုဆိုလက်ခံဖို့ အခွင့် အလန်း များနေသည်။ ထို့ အတွက် ကြောင့်လည်း ဥရောပတိုက်သားများသည် ယူကရိန်းများကို၎င်း၊ တူရကီသည် ဆီရီယားများကို၎င်း၊ ချပ်ဒ် သည် ဆူဒန်နိုင်ငံသားများကို၎င်း ပို၍ လိုလိုလားလား လက်ခံနေကြခြင်းပင် ဖြစ်သည်။
မူရင်း နိုင်ငံ နှင့် နီးကပ်စွာ ထားခြင်းကလည်း အကုန်အကျ သက်သာသည်။ ကုလ ဒုက္ခသည်များ အေဂျင်စီသည် ချပ်ဒ် တွင် လူတဦးလျင် တဒေါ်လာပင် မကုန်ကျပဲ စောင့်ရှောက်ထားနိုင်သည်။ ချမ်းသာသော နိုင်ငံများ အဖို့က ဒုက္ခသည်များကို ပထမတန်းစား အဆောင်များ တွင် ထားပေးရခြင်း၊ ၎င်းတို့ အမှု အတွက် ရှေ့နေရှေ့ရပ်များ ငှားပေးရခြင်း အစရှိသဖြင့် ကျခံသုံးစွဲ နေရသည်၊ ထိုငွေများကို ကုလ အေဂျင်စီများသို့ ပံ့ပိုးပေးနိုင်မည် ဆိုက ယခုထက် ပို၍ လူအမြောက်အမြားကို ကူညီပေးရာ ရောက်သည်။
၂၀၁၅-၁၆ တွင် ဂျာမဏီသည် ဆီရီယား ဒုက္ခသည်များ အား တံခါးဖွင့်ပေးခဲ့ရာ တွင် တူရကီတွင် လုံခြုံစွာ နေထိုင်လျက် ရှိပြီး ဖြစ်သော ဒုက္ခသည် တသန်းခန့်သည် လုပ်ခ လစာ ကောင်းသော ဂျာမဏီသို့ ကူးပြောင်း ဝင်ရောက်လာကြသည်။
လုံခြုံစိတ်ချရပြီးသား နိုင်ငံ တနိုင်ငံမှ ချမ်းသာသော နိုင်ငံတနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံလာသူများ အား ထည့်သွင်း မစဉ်းစားရန် လိုသည်။ ရောက်လာသူများကို တတိယ နိုင်ငံ တနိုင်ငံသို့ အရင်ပို့ထားပြီးမှသာ ၎င်းတို့ အမှုကို စီစစ် ကိုင်တွယ် သင့်သည်။ အီတလီ ဝန်ကြီးချုပ်သည် ၎င်းတို့ အမှုများကို အယ်ဘေးနီယား တွင် ကြားနာ စစ်ဆေးချင်နေသည်။
ချမ်းသာသော နိုင်ငံများသည် ပြည်ပမှ ယိုစီးထွက်လာသော အတတ်ပညာရှင်များကို လက်ခံချင်နေသလို လယ်ယာလုပ်ငန်းများနှင့် သက်ကြီးစောင့်ရှောက်ရေး လုပ်ငန်းများ အတွက်လည်း လုပ်သား လိုအပ်နေသည်။ လိုအပ်သည့် အရည်အချင်း ရှိသူများကို စနစ်တကျ လက်ခံခြင်းသည် အိမ်ရှင် အတွက်ရော၊ ရောက်လာသူများ အတွက် ပါ အကျိုး များစေသည်။
လစ်ဘရယ်များ အနေဖြင့် ထိုအရေးကို ဖြေရှင်းရန် စနစ် ကောင်း တခု ဖန်တီး မပေးနိုင်လျင် ပေါ်ပြူလစ်များက ပို၍ ဆိုးလာမည့် စနစ်တခု တည်ဆောက်လာကြတော့မည်သာ ဖြစ်သည်။
(၂၀၂၅ ဇူလိုင် ၁၀ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် ဖြစ်သော Scrap the asylum system—and build something better မှ ကောက်နှုတ်တင်ပြသည်။)