စစ်အုပ်စု မှ ရွေးကောက်ပွဲ ဆိုသည်ကို ရှေ့တန်းတင်လာသည် နှင့် အမျှ ပေါက်ဖေါ်ကြီးကလည်း နိုင်ငံရေး သမား ဆိုသူများအား ၎င်းတို့သည် သာမန်ညောင်ည မဟုတ်၊ မိမိတို့ကပင် အသိအမှတ် ပြုဆက်ဆံရသူ များ ဖြစ်သည်ဆိုကာ ဗန်းတင်ပေးပြီးအနေအထား ကို ခိုင်မာ အောင် ဖန်တီးပေးလာခဲ့သည်။
၂၀၂၁ အာဏာသိမ်းပြီး ချိန်ကစ၍ နိုင်ငံရေး ပါတီ အနည်းဆုံး ဆယ် ပါတီ ခန့်ကို တရုတ် ကွန်မြူနစ် ပါတီမှ အကြိမ် ပေါင်းများစွာ ခေါ်ယူခဲ့ရာ ယခုနှစ် အတွင်း ခြောက်ကြိမ် ခန့်ပင် ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော် အံ့အားသင့်စရာ ဖြစ်လာရသည်က လူထု ၏ သဘောတူညီချက်ဖြင့် ရွေးကောက်တင်မြှောက် ခံကြရမည့် သူများသည် တနိုင်ငံလုံး၏ အမြင် မကြည်မလင် ဖြစ်နေသော တရုတ် ထံသို့ အဘယ်ကြောင့် အူယားဖားယား အပြေးကလေး သွားနေကြရသနည်း၊ တရုတ် နှင့် ခပ်ခွာခွာ နေပြမည် ဆိုသည့် ပါတီဟူ၍ တခုတလေမျှပင် မရှိ ဖြစ်လာနေခြင်းပင်။
တရုတ်သည် မြန်မာ ပြည်သူများ အတွက် hot potato ကြီး ဖြစ်လာနေသော်လည်း ၎င်းတို့ အတွက် စိုးရိမ်ပူပန်စရာ မလို၊ စစ်အုပ်စု ၏ ညိုငြင် မခံရဖို့သာ အရေးကြီးသည်။
တရုတ်ဖက်ကလည်း ၎င်းတို့ကို ဆင့်ခေါ်ရသည်က အကြောင်းရှိနေသည်။ ယင်းနှင့် ပတ်သက်၍ ဧရာဝတီ တွင် ယခုလို ရေးသားလာခဲ့သည်။
တရုတ် ၏ ဖိတ်ကြားခံရဆုံး ပါတီများထဲ ထိပ်ဆုံးမှ ရှိလာသည်က USDP နှင့် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင် ဆိုသည့် PPP တို့ပင် ဖြစ်သည်။
၎င်းတို့ အားလုံးသည် ထိုသို့ သွား ရောက်သည်ကို လျို့ဝှက်၍ ပင် မထား၊ ခင်ရီသည် ဇွန်လ ၁၆-၂၃ တွင် တရုတ်ပြည်သို့ ထွက်ခွာသွားပြီး လေဆိပ်တွင်ပင် အင်တာဗျူး ပုံစံမျိုး ဖန်တီး၍ ကြေညာသွားခဲ့သည်။
ဘီဂျင်းသည် ၎င်းတို့၏ ခံယူချက် သဘောတရားများ ရိုက်သွင်းရန် နှင့် အသိအမှတ် ပြုနေသည် ဆိုသည်ကို ပြသရန် အဆိုပါ ခရီးစဉ်များ ကို စီစဉ်ပေးနေခြင်းလည်း ဖြစ်ပေသည်။
ပါတီ ချင်း ဆက်ဆံရေးဟုပင် ယခင်လို အယောင်ဆောင် မနေတော့ဘဲ တရုတ်ပြည်၏ အာဏာရှင် စနစ် အောက်တွင် မည်သို့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်သည် ဆိုသည့် သဘောတရား များ ရိုက်သွင်း နိုင်ရန် နှင့် ၎င်းတို့အား နိုင်ငံရေး အရ လက်သပ်မွေး မြေတောင် မြှောက်ပေးရန် ဆိုသည့် ဗျုဟာ ကို ပြောင်းလဲကျင့်သုံးလာခဲ့သည်။
လူထု ပါဝင်ဆင်နွှဲနေသယောင် ဟန်ပြလုပ်ကာ ပါတီ အနေဖြင့် မည်သို့ ဩဇာလွှမ်းမိုးအောင် လုပ်နိုင်စွမ်း ရှိသည်ကို သိစေလိုသည်။ ကြိုတင် သတ်မှတ်ထားပြီးသော ရလဒ် မျိုး နှင့် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း လုပ်လိုက လုပ်နိုင်သည်။ ဒီမိုကရေစီ ဆိုသည့် လူထု၏ ခွင့်ပြုချက် တောင်းခံနေစရာ မလို၊ ထိန်းချုပ် ထားနိုင်စွမ်း ရှိဖို့သာ အရေးကြီးသည်။
ခင်ရီကဲ့သို့ ဘောင်းဘီ ဝတ်များ နေရာ တွင် အရပ်သား ဆိုကာ ပုဆိုးလဲ ဝတ်ပြီး အရိုင်းအစိုင်းသာသာ စစ်အုပ်ချုပ်ရေး မှ လူကြားကောင်းမည့် ပို၍ ယဉ်ကျေး ဖွယ် ရှိမည့် အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သွားမည့် လူ အဖို့ အဖိုးမဖြတ်နိုင်သော အသက်ရှည်စေမည့် ဆေး ကျမ်းကြီး တစောင် လက်ဝယ် ပိုက်မိသလို ဖြစ်လာခဲ့သည်။ ၎င်းတို့အဖို့က ရွေးကောက်ပွဲ ဆိုသည်မှာ အာဏာ လွှဲပြောင်းပေးရန် မဟုတ်၊ ထိန်းချုပ်ထားရင်းက ဆက်၍ တရားဝင် အုပ်ချုပ်ခွင့် ရဖို့ပင် ဖြစ်သည်။
နောက်ဆုံးခရီးစဉ် တွင် ပို၍ အံ့အားသင့်စရာ ကောင်းနေသည်က ရွေးကော် အဖွဲ့ဝင်များသည် ကြံ့ဖွတ်၊ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ သက်သက်ခိုင် ပါတီ တို့ နှင့် အတူ လိုက်ပါသွားခြင်းပင် ဖြစ်သည်။ ဘီဂျင်းမှ ရွေးကော်ကိုပါ တပေါင်းတစည်းထဲ ဖိတ်ကြားလာခြင်းသည် မြန်မာအား မင်းအောင်လှိုင်၊ ခင်ရီ နှင့် သက်သက်ခိုင်လို လူမျိုး များသာ အုပ်ချုပ်စေရမည် ဆိုသည်ကို သေချာသည်ထက် သေချာစေရန် ဆိုသည့် နိုင်ငံရေး ပြပွဲကြီး ထွက်ပေါ်လာစေရန် စစ်အုပ်စု နှင့် ဟန်ချက်ညီညီ ပူးပေါင်း ကြိုးပမ်းလာခြင်းပင် ဖြစ်သည်။
ထိုသို့သော လူမျိုး များ အား လူထု ဖက်က တရားဝင်မှု ရှိသည်ဟု မသတ်မှတ်လည်း အရေးမကြီး ရွေးကောက်ပွဲ အပြီးဆက်ဆံရေး တည်ဆောက်ထားဖို့ လိုသည်ဟု ခံယူသည်။၊ ၎င်းတို့ မည်သို့ သဘောထား ရှိသည်ကို သေချာပေါက် ခန့်မှန်းနိုင်ဖို့ နှင့် မိမိတို့နှင့် ပူးပေါင်းသွားမည်ဆိုသည်ကို သေချာစေရန် ဖြစ်သည်။
တရုတ်သည် နိုင်ငံရေးသာမက ရွေးကောက်ပွဲ အတွက် နည်းပညာ အကူအညီများလည်း ပေးလာခဲ့သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေး ဟူသည့် ခေါင်းစဉ် အောက်တွင် စစ်ခေါင်းဆောင် တဦး မှ အခြား ခေါင်းဆောင်တဦးသို့ အာဏာ လွှဲပေးယုံ သက်သက်ဟု ရှူမြင်ထားပြီး ဖြစ်သည်။ ထိုအရေးကို အာဆီယံ ဖက်က လက်ခံလာရန် တရုတ်က နောက်ကွယ်မှ သံတမန်ရေး အရ ဖိအားပေးလာမည် ဖြစ်သည်။ အာဆီယံသည် လက်ဦးမှု ယူပြီး ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ပြတ်ပြတ်သားသား မရပ်တည်က နိုင်ငံတကာက တယောက်တပေါက်ဟု ဆိုကာ အလေးမထားတော့သည် နှင့် အမျှ ပြိုကွဲသွားနိုင်သည့် အန္တရာယ်ပင် ရှိလာနိုင်သည်။
(လူမုန်းများလှ သော မင်းအောင်လှိုင်အား ဆက်၍ အုပ်ချုပ်ရန် တရုတ်ဖက်က သဘောတူပုံမရသေး၊ ထို့အတွက်လည်း မင်းအောင်လှိုင်က ထစ်ထားသည့် အနေဖြင့် ယခုထိ ရွေးကောက်ပွဲ ရက်ကို မကြေညာပဲ ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ မင်းအောင်လှိုင်ကို သာ သမ္မတ အဖြစ် ထားမည် ဆိုက ယခုလို အရေးမပါ လှသူများကို အချိန်ကုန် ခံပြီး ဆင့်ခေါ် စည်းရုံးနေမည် မဟုတ်၊)
မြန်မာ ရွေးကောက်ပွဲ တွင် တရုတ်က ကြိုတင် မဲ့ထည့်ပြီးသား ဖြစ်သည်၊ ၎င်းတို့ ခံယူချက် က ရှင်းလင်းသည်၊ ပြတ်သားသည်၊ တရားဝင်မှု ဆိုသည်က မဲပြားနှင့် တည်ဆောက်၍ မရ၊ လေ့ကျင့် ဖန်တီး ပေးထားနိုင်မှသာ ဖြစ်မည်ဟူ၍ ပင် ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။
ဂျာမဏီတွင်လည်း ဟစ်တလာ အာဏာရလာသည့် ၁၉၃၃ နောက်ပိုင်း ဒီမိုကရေစီ ရွေးကောက်ပွဲသည် ဆိတ်သုံးသွားခဲ့ပြီး လူ့အဖွဲ့အစည်း တခုလုံး အား လုံးဝ ထိန်းချုပ် နိုင်ရေးကိုသာ အားသွန်ခွန်စိုက် လုံးပမ်းခဲ့သည် ဆိုသော သာဓက များလည်း အထင်အရှား ရှိခဲ့ပြီး ဖြစ်သည်။
သို့သော် မြန်မာ စစ်အာဏာရှင်များ အဆက်ဆက် လူထု အပေါ် တာဝန် ကျေခဲ့သည်ဟူ၍ တခါမျှ မရှိခဲ့ဘူး၊ တိုင်းပြည်သည် ဆိုးသည်ထက် ဆိုးလာ သည်သာ ရှိသည်။ တရုတ်သည် ထို အတိုင်း ဆက်ရှိနေရန် ကြံစည်နေခြင်းဟု မဆိုက အခြား အဘယ်သို့များ ပြောနိုင်ပေဦးမည်နည်း။
ပြည်သူများအား သတ်ဖြတ်ခဲ့သူက ပြည်သူများကပဲ ၎င်းအား ယုံကြည်စွာ ရွေးချယ်လာ၍ဆိုကာ သမ္မတ တက်လုပ်မည့် ပွဲလည်း ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး များသည် ၎င်းတို့ လက်လှမ်းမမီ အလှမ်းဝေးနေသော အရာများ ဖြစ်သည် ဆိုသည်ကို နှစ်ပေါင်း ၆၃ နှစ် ဆိုသည့် ကာလများက သက်သေထူခဲ့ပြီး ဖြစ်သည် မဟုတ်ပါလား။
ပြည်သူတို့၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!