မြန်မာ ၏ လက်ရှိ အနေအထား အပေါ် အိုင်စီဂျီ၏ သုံးသပ်ချက်

by Hla Soewai - Jul 30 2025

နိုင်ငံ တကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ International Crisis Group (ICG) မှ ဇူလိုင် ၁၈ ရက် နေ့စွဲ ဖြင့် ၎င်းတို့၏ သုံးသပ်ချက် စာတမ်း ရှည်ကြီး ကို ထုတ်ပြန်လာခဲ့သည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

 

စစ်အုပ်စုသည် လေးနှစ်တာ ဖြစ်ပွားလာနေသော ပြည်တွင်းစစ်ကြီး တွင် စစ်မြေပြင်၌ အရှုံးများ ဖြင့် ရင်ဆိုင်နေရသော်လည်း သံတမန်ရေး ဖက်တွင် နိုင်ငံတကာ၏ ဝိုင်းပယ်ထားမှု မှ ဖေါက်ထွက်နိုင်ရန် ရွေးကောက်ပွဲ လုပ်မည်ဆိုပြီး စီစဉ်လာခဲ့ပြီ ဖြစ်သည်။

 

ပဋိပက္ခ ရှည်ကြာလာမှု ကို စိတ်ပျက်လာပြီး အမေရိကန်ကလည်း ဖာသိဖာသာ နေလာသည့် အတွက် အိမ်နီးခြင်း နိုင်ငံအချို့က ရွေးကောက်ပွဲသည် ၎င်းတို့ အသိအမှတ် ပြုနိုင်မည့် အနေအထား ရှိမရှိ စောင့် ကြည့်လာမည့် သဘောထားမျိုး တွေ့လာရသည်။

 

သို့သော် ရွေးကောက်ပွဲ ကြောင့် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ် ၏ အခြေခံ အကြောင်းရင်းများက အပြောင်းအလဲ ရှိမည် မဟုတ်ပေ။ အဆိုပါ ရွေးကောက်ပွဲ သည် ယုံကြည်ခြင်း ခံရမှု မှ ကင်းဝေးနေမည် ဖြစ်သည့် အပြင် ပဋိပက္ခ ၏ အရှိန်အဟုန်ကိုလည်း လျော့ပါးသွားစေမည် မဟုတ်၊ နိုင်ငံရေး အကွဲ အပြဲ များ ပို၍ ပြင်းထန်လာမည့်အပြင် အကြမ်းဖက်မှု များ ထပ်မံ မြင့်တက်လာဖို့ သာ ရှိသည်။ စစ်အုပ်စုသည် ရွေးကောက်ပွဲ တိုးချဲ့ပြုလုပ်သွားရန် ကြိုးစားလာသည်နှင့် အမျှ တော်လှန်ရေး ဖက်ကလည်း အပြင်းအထန် ခုခံလာမည် ဖြစ်သည်။

 

(၁) တရုတ်၏ စွက်ဖက်လာမှု

 

တရုတ်သည် မြန်မာ ပြည်တွင်းရေး တွင် ယခင်ကထက် ပို၍ ကိုယ်ထိလက်ရောက် ပါဝင်ပတ်သက်လာနေသည့် အတွက် ပဋိပက္ခ အား ပို၍ နက်ရှိုင်းလာစေရန် တွန်းအားပေးသလို ဖြစ်လာခဲ့သည်။ ၎င်းတို့၏ လတ်တလော ရည်မှန်းချက်သည် မန္တလေး-လားရှိူး- မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့် နိုင်ရန် ဖြစ်သည်၊ ယင်းသည် စစ်အုပ်စု အတွက် ငွေဝင်ပေါက် ဖြစ်နေသည့် အပြင် တရုတ် စီးပွားရေး အတွက်လည်း အရေးပါနေသည်။

 

ထိုလမ်းမကြီး၏ သေးငယ်သော အစိတ် အပိုင်း တခုသာ စစ်အုပ်စု ထိန်းချူပ် နိုင်နေပြီး ကျန် အပိုင်းများ တွင် ကေအိုင်အေ၊ တအာင်း၊ ရှမ်းပြည် တိုးတက်ရေး ပါတီ အဖွဲ့များက ဂိတ်များ ဖွင့်ပြီး အခွန် ကောက်ယူလျက် ရှိသည်။

 

တရုတ် အတွက်လည်း ဘေးကျပ်နံကျပ် ဖြစ်လာသည်၊ အဆိုပါ အဖွဲ့များအား တရုတ် မှ အထိုက်အလျောက်သာ ဩဇာ လွှမ်းမိုးမှု ရှိပြီး စစ်အုပ်စု ဖက်ကလည်း ထိထိရောက်‌ ရောက်လိုက်လျောမည့် အရိပ်အယောင် မပြခဲ့ပေ၊ လားရှိူး ကို ပြန်လိုချင်၍သာ MNDAA အား လိုက်လျောခဲ့ခြင်း ဖြစ်သည်။

 

(၂) စစ်ကိုင်း မြေငလျင်ကြီးကြောင့် တရွေ့ရွေ့ လူတော ပြန်တိုးလာခဲ့ခြင်း

 

၂၀၂၅ မတ်လ တွင် ဖြစ်ပွားခဲ့သော စစ်ကိုင်း မြေငလျင်ကြီးကြောင့် ဒေသတွင်း နိုင်ငံများသည် စစ်အုပ်စု နှင့် ပြန်ဆက်ဆံနိုင်ရန် အကြောင်းပြ၍ ရသွားခဲ့သည်။

 

ငလျင်ကြီး နှင့် မရှေး မနှောင်း ပြုလုပ်ခဲ့‌ သော BIMSTEC အစည်းအဝေး အကြောင်းပြ၍ မင်းအောင်လှိုင်သည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် မျက်နှာခြင်း ဆိုင် တွေ့ခွင့်ရသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း ခေါင်းဆောင်များ နှင့်လည်း တွေ့ခွင့်ရသွားခဲ့သည်။ ၎င်းတို့ အတွက်လည်း ငလျင်ကြီးကြောင့် မင်းအောင်လှိုင်အား ရဲရဲတင်းတင်း တွေ့ခွင့်ရသွားခဲ့သည်။

 

နှစ်ပတ် မပြည့်မီမှာပင် မလေးရှား ဝန်ကြီးချုပ်၏ ဆင့်ခေါ်မှု ဖြင့် မင်းအောင်လှိုင်သည် ကွာလာလမ်ပူ သို့ သွားရောက် တွေ့ဆုံခွင့် ရခဲ့သည်။

 

အမေရိကန် သည် ယခုအခါ မြန်မာ အရေး တွင် သိသိသာသာ စိတ်ဝင်စားမှု မရှိတော့၍ ဒေသတွင်း နိုင်ငံများ လည်း စိတ်ကြိုက်လှုပ်ရှားခွင့် ရလာခြင်း ဖြစ်သည်။ ထရမ့်မှ မြန်မာ အား ၄၀ ရာနှုန်း အခွန်တိုးမြှင့်မည့် အကြောင်း လုပ်ရိုးလုပ်စဉ် အဖြစ် မင်းအောင်လှိုင်ထံ လိပ်မူ၍ အကြောင်းကြားလာသည်ကို ၎င်းအား အသိအမှတ် ပြုခြေပြီ ဆိုကာ ဝမ်းသာအားရ ဖြင့် ထရမ့်အား မြှောက်ပင့်ရေးထားသည့် စာကို ပြန်လည် ပေးပို့ခဲ့သည်။ ဝါရှင်တန်သို့ပင် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပါရစေဟုပင် ကမ်းလှမ်းလာခဲ့သည်။

 

ဝါရှင်တန်မှ USAID အကူ အညီများ ဖြတ်တောက်ပစ်လိုက်၍ ဒီမိုကရေစီ အင်အားစု များ အကျပ်ရိုက်သွားသည် ကို ကြည့်၍ စစ်အုပ်စုသည် စိတ်သက်သာရာ ရသွားခဲ့သည်။ မင်းအောင်လှိုင်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ မဟာမိတ်ကြီး ဆုံးရှုံးသွားသည်ကို ကြည့်ပြီး ပိုရဲတင်းလာသည်၊ တဖက်တွင် ပူတင်က ၎င်းအား ကော်ဇော်နီ ခင်း၍ပင် ကြိုဆိုကြောင်း ပြသနိုင်ခဲ့သည်။

 

(၃) ရွေးကောက်ပွဲ

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ယခုနှစ်ကုန်၊ နောက်နှစ် ဆန်း ပိုင်းတွင် ရွေးကောက်ပွဲ လုပ်မည် ဆိုသော်လည်း အားလုံးက အစိုးရ အဖွဲ့သစ် ဖွဲ့ပြီးသည့် ၂၀၂၆ ‌ဧပြီလ အထိ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။ ရွေးကောက်ပွဲ အပေါ် လားလားမျှ အယုံအကြည် မရှိကြသော်လည်း ပြန်ဆက်ဆံနိုင်ခွင့် ရလောက်သည့် အနေအထား များ ထွက်လာလေမလားဟု မျှော်လင့်နေကြ၍ ဖြစ်သည်။

 

နိုင်ငံဧရိယာ ၏ မဖြစ်လောက်သော အစိတ်အပိုင်း များ တွင်သာ ပြုလုပ်မည့် ရွေးကောက်ပွဲ မျိုး ဖြစ်သည်။ မဲစာရင်း အတွက် လူဦးရေ စစ်တမ်းကိုပင် ၆၀ ရာနှုန်းသာ ကောက်ယူ နိုင်ခဲ့သည်။ တရက်တည်း တပြိုင်တည်း မဲပေးကြရတော့မည် မဟုတ်ဘဲ တနေရာ နှင့် တနေရာ မဲပေးရမည့် ရက်လည်း တူညီတော့မည် မဟုတ်ပေ။

 

တရုတ်အဖို့က မည်သို့သော ပုံစံမျိုး ဖြစ်စေ အရေးမကြီး၊ အရေးပေါ် အခြေအနေ အဆုံးသတ်ပြီး ၎င်းတို့ ခန့်မှန်းနိုင်စွမ်း ရှိမည့် ဖွဲ့စည်းပုံ ဖြင့် သွားမည် အုပ်ချုပ် ရေး အဖွဲ့ ထွက်လာဖို့သာ အရေးကြီးသည်။ ဆိုလိုသည်က မင်းအောင်လှိုင် လုပ်ချင်သလို လုပ်ခွင့် ရနေသည့် အကြွင်းမဲ့ အာဏာ အားပျော့သွားစေရန် အတွက် ဖြစ်သည်။ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် နှင့် လွှတ်တော်ဥက္ကဌ အကြား အာဏာ များ ပြန့်ကြဲသွားတော့မည်ဟု မျှော်လင့်နေသည်။

 

မင်းအောင်လှိုင် ဘက်ကလည်း ထိုသို့ ဖြစ်လာလျင် ၎င်း၏ အနေအထား မည်သို့ ဖြစ်လာမည် ဆိုသည့် အန္တရာယ် ရှိလာနေသည်။ ၎င်း၏ ခေါင်းဆောင်မှု အပေါ် စစ်တပ် အသိုက်အဝန်း အတွင်း မကျေမနပ် ဖြစ်နေသည်ကိုလည်း သိထား၍ ဖြစ်သည်။ စစ်ရေး ဖက်တွင် ဦးဆောင်နိုင်ဖို့ ရွေးချယ် မည် ဆိုလျင်‌ တော့ ယခင်ကလို ရိုရိုကျိုးကျိူး ဆက်ဆံ ခံရတော့ မည် မဟုတ်‌ ပေ၊ ထို့အတွက် ထားရာနေ စေရာသွား ကာချုပ်တယောက် ချန်ထားဖို့ သာ ရှိတော့သည်။

 

ရွေးကောက်ပွဲ အားလည်း ခွဲ၍ လုပ်မည် ဖြစ်သဖြင့် ပထမ အချီတွင် လိုသလို ဖြစ်မလာက ကျန် အသုတ်များ တွင် ‌၎င်းတို့ အတွက် လိမ်ဖို့ညာဖို့ အခွင့်အရေး များ ရရှိနေသည်၊ မြန်မာ တွင် ဒီဇိုင်းဆွဲပြီး အိန္ဒိယ မှ ထုတ်လုပ်သော အီလက်ထရောနစ် မဲပေး စနစ်သည် အခြေခံ ကျသော ခိုင်မာမှု၊ စစ်ဆေးမှု နှင့် လုံခြုံရေး ဆိုင်ရာ အင်္ဂါရပ်များ လုံးဝ ကင်းမဲ့နေ၍ မဲပြား စနစ်ထက်ပင် ကလိန်ကကျစ် လုပ်ဖို့ ပို၍ လွယ်ကူနေသည်။

 

ရွေးကောက်ပွဲ ကို ‌ထပ်ရွှေ့ဆိုင်းဖို့လည်း မဖြစ်နိုင်တော့ဟု ပြော၍ မရ၊ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာ ဆုပ်ကိုင်နိုင်မှု ပြေလျော့လာတော့မည်ဟု စိုးရိမ်လာလျင် ရွေးကောက်ပွဲ လုပ်မည့် ရက်မတိုင်မီ အထိ အချိန်မရွေး လုပ်လာနိုင်သည်။ သို့သော်လည်း မဖြစ်မနေ လုပ်ရန် တရုတ်၏ ဖိအားပေးမှု ရှိနေ၍ ထိုသို့ လုပ်လာမည့် အခွင့်အလန်း နည်းပါးနေသည်။

 

ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲ မတိုင်မီ အရေးပေါ် အခြေအနေကို ဖယ်ရှားပြီး ကာလုံမှ ကြားကာလ အစိုးရ ဖွဲ့စည်းပေးရမည်၊ ထိုကြားကာလ အစိုးရ ဆိုသည်ကို ဇူလိုင် ၃၁ တွင် ကြေညာရတော့မည် ဖြစ်သည်၊ ကာလုံ သည်လည်း မင်းအောင်လှိုင် အဖို့ သူ့လက် သူ့ ခြေ လုပ်နိုင်ခွင့် ရှိနေပြန်၍ နာမည် ပြောင်းပြီး ၎င်းကပင် ဦးဆောင်ဖို့ ရှိနေသည်။

 

လက်ရှိ စစ်တပ် အတွင်း မင်းအောင်လှိုင်အား ဝေဖန်နေမှု များသည် အာဏာသိမ်းခဲ့၍ မဟုတ်ဘဲ အာဏာသိမ်းပြီး တိုင်းပြည် အခြေအနေကို နိုင်အောင် မထိန်းနိုင်ဘဲ စစ်‌ မြေပြင်တွင် အရှုံးများနှင့် ရင်ဆိုင်လာရ၍သာ ဖြစ်သည်။ ထို့အတွက် ရွေးကောက်ပွဲ ပြီးလျင် မင်း‌ အောင်လှိုင်၏ အာဏာ လျော့ကျသွားဖို့ ရှိ၍ ၎င်းတို့ အနေအထား ပြန်လည် ခေါင်းထောင်လာဖို့ ရှိမည်ဟု ကြိတ်၍ မျှော်လင့်နေကြသည်။

 

အခြားနိုင်ငံများကလည်း လက်ရှိ အတိုင်း ဆက်သွားမည်ထက် ‌ရွေးကောက်ပွဲ ဖြင့် တခုခု အဖြေ ထွက်လာမည်ကို ပိုလိုလားနေသည်။

 

(၄) ကျရှူံး နိုင်ငံ

 

မည်သို့သော အဖွဲ့ အာဏာရလာသည် ဖြစ်စေ လူထု ၏ လေးစား ယုံကြည်မှု တော့ ရလာနိုင်စရာ အကြောင်း မရှိပေ။ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ အပါအဝင် လူနေမှု အဆင့်အတန်းသည် တနေ့တခြား ဆုတ်ယုတ်ကျဆင်းလာနေပြီ ဖြစ်သည်။

 

မြေငလျင်ကြီးကြောင့်လည်း အခြေအနေများက ပို၍ ဆိုးလာခဲ့သည်။ ပြန်လည်ထူထောင်ရေးသည်လည်း ကသောင်းကနင်း ဖြစ်နေပြီး ရံပုံငွေလည်း မလုံမလောက် ဖြစ်နေသည်၊ ( မိမိ၏ အမြင်အရ ဆိုလျှင် နောင်ချိုကို တိုက်ခဲ့ရသည့် ကုန်ကျစရိတ် နှင့်ပင် အတော်လေး ထူထူ ထောင်ထောင် ပြန်လုပ်နိုင်ဦးမည် ဖြစ်သည်၊ ) ၊ ၎င်းတို့၏ လုပ်ဆောင်မှု များကို ကြည့်၍ လူထု၏ အားကိုး ယုံကြည်မှု သည် မရှိသလောက် အထိ ကျဆင်းသွားခဲ့ရသည်။

 

(၅) ဆက်၍ ရင်ဆိုင်ရမည့် စစ်မြေပြင် အရေးနိမ့်မှု များ

 

ရွေးကောက်ပွဲ သည် လက်ရှိ စစ်မြေပြင်၏ ပကတိ အနေအထားကို မည်သို့မျှ အပြောင်းအလဲ ရှိအောင် လုပ်နိုင်မည် မဟုတ်၊ ဆိုလိုသည်က ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်းလည်း မရှိ၊ တော်လှန်ရေး ကိုလည်း အားပျော့အောင် စွမ်းဆောင်နိုင်မည် မဟုတ်၊ စစ်တပ် အတွင်း ယူဆနေသည်က အရပ်သား အစိုးရ ပုံစံ နှင့် တော်လှန်ရေး အင်အားစု အချို့ နှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်လာနိုင်မည်၊ ဤသည်ကလည်း ကိုယ်လိုရာ ဆွဲတွေးနေခြင်းမျိုးသာ ဖြစ်သည်။

 

တရုတ်ဖက်က ၎င်းတို့ အသက်ရှုပေါက်ရအောင် မည်မျှ ပင် ပံ့ပိုးပေးနေသော်လည်း အရှိန် ရမလာခဲ့၊ ဤသည်ကလည်း တော်လှန်ရေး အဖွဲ့များ၏ မဆုပ်မနစ် တိုက်ပွဲဝင်နေသော စိတ်ဓါတ် နှင့် တချိန်လုံး ရှေ့တန်း တွင်သာ ဆက်တိုက်နေရ၍ တပ်တွင်း စိတ်ဓါတ်များ ကျဆင်းလာနေမှု များကြောင့် ဖြစ်သည်။

 

တန်ပြန် ထိုးစစ် ဆိုသည်ကလည်း အကန့်အသတ် နှင့်သာ လုပ်နိုင်ခဲ့သည်။ ၎င်းတို့အား လက်နက်ငယ်များ နှင့် တကွဲတပြား တိုက်ပွဲဝင်နေကြသည့် အညာဒေသလို နေရာမျိုး ကိုပင် ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိ ဖြစ်နေသည်။

 

စစ်အုပ်စုသည် နိုင်ငံ တဝှမ်း အဓိက ကျသည့် နေရာများကို ထိန်းထား နိုင်ရန် မနိုင်ရင်ကာ ရုန်းကန်နေကြရသည်။ ရခိုင် ပြည်နယ် တကြော မည်သည့် တန်ပြန်ထိုးစစ်မျှ ဆင်နွှဲ နိုင်ခဲ့ခြင်း မရှိပေ။ အာရက္ခ တပ်တော်သည် ကျောက်ဖြူနှင့် ငါး ကီလိုမီတာ အကွာ သို့ ရောက်လာပြီး မကြာမီ သိမ်းယူ နိုင်တော့မည် ဖြစ်သည်။ စစ်တွေကိုလည်း ဆက်လက် ထိုးစစ်ဆင်လာမည်သာ ဖြစ်သည်။ ထို့ပြင် ၎င်းတို့မှ စစ်သင်တန်း ပေးခြင်း၊ လက်နက် တပ်ဆင်ပေးခြင်း များဖြင့် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း ဒေသများထဲ ထိုးဖေါက်လာ‌နေပြီး ရခိုင် နှင့် နိုင်ငံ အလယ်ပိုင်း မဟာဗျူဟာကျသည့် ကြားခံ ဇုံ ထူထောင်လာမည် ဖြစ်သည်။

 

ကချင် ပြည်နယ်တွင်လည်း ကေအိုင်အေသည် ဗန်းမော်ကို သိမ်းပိုက်လုနီးနီး အခြေရောက်နေပြီး ကုန်းလမ်း၊ ရေလမ်းများ အားလုံး ဖြတ်တောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဗန်းမော် ကို သိမ်းပြီးပါက ဖားကန့်ကို အလုံ အရင်း နှင့် တိုက်စစ် ဆင်လာနိုင်မည် ဖြစ်သည်။

 

ရှမ်းမြောက်ဒေသတွင်တော့ စစ်အုပ်စု သည် နောင်ချို မြို့ အပါအဝင် အနီးတဝိုက်ရှိ တ‌အာင်း အမျိုးသား လွတ်မြောက်ရေး တပ်များကို ပြန်လည် မောင်းထုတ် ပစ် နိုင်ခဲ့၍ ပြင်ဦးလွင် ကို ခြိမ်းခြောက်ခံရမည့် ‌အခြေအနေ လွန်မြောက်သွားခဲ့ပြီး မန္တလေး-လားရှိုးလမ်း ပြန်ပွင့်သွားခဲ့သည်။

 

ကရင် ပြည်နယ်တွင် အာရှ အဝေးပြေး လမ်းမကြီး ပြန်ဖွင့် နိုင်ရန် တပ်အင်အား ထောင်ချီ သုံးပြီး တနှစ်ကျော်မျှ ကြိုးပမ်းလာခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ကေအင်ယူသည် ထိုင်း-မြန်မာ နယ်စပ် တလျောက်ရှိ စစ်စခန်း အားလုံး နီးပါးကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ရွေး‌ ကောက်ပွဲ ကို အကြောင်းပြု၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း တဖွဲ့တလေကမျှ ၎င်းတို့ နှင့် စစ်ရေး အရှိန် လျော့ချမည့် အရိပ်‌အယောင် မတွေ့ရပေ။

 

မြန်မာ ပြည်သူများသည် တန်ဖိုး ကြီးကြီး ပေးဆပ်ထားခဲ့ရပြီး ဖြစ်၍ ပြီးလွယ် စီးလွယ် လုပ်လာမည့်ရွေးကောက်ပွဲကိုလည်း မတန်မရာ အသိအမှတ် မပြုကြဖို့လည်း အစီရင်ခံစာက တိုက်တွန်းထားသည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်