အမေရိကန် ပါလာတော့မည် ‌လော

by Hla Soewai - Jul 30 2025

ပဋိပက္ခ အားလုံး ပြေငြိမ်းစေရမည် ဟု ဆိုကာ I come, I run the world ဟု ကြွေးကြော်ခဲ့သော ဒေါ်နယ် ထရမ့် ၏ အစိုးရသည် မြန်မာနိုင်ငံ အတွင်းရှိ မြေရှားသတ္တုများကို တရုတ် လက်ထဲ မှ မည်သို့ မည်ပုံ ဆွဲထုတ် ယူရမည် ဆိုသည်ကို ကျွမ်းကျင်သူ များ ၏ အမြင် အမျိုးမျိုး ကို သိရရန် အိမ်ဖြူတော် တွင် ခေါင်းခြင်း ရိုက်နေကြပြီဟု ရိုက်တာ သတင်းဌာန မှ ပါဝင်ခဲ့သူ လေးဦး အား ကိုးကား၍ ရေးသားထားသည်။

 

နည်းလမ်းများထဲတွင် ကချင် လွတ်လပ်ရေး တပ်ဖွဲ့ နှင့် မဖြစ်မနေ ဆွေးနွေးရန်၊ အချို့ကလည်း စစ်အုပ်စု နှင့် ကေအိုင်အေ အကြား ငြိမ်းချမ်းရေး ရအောင် ကြားဝင်စေ့စပ်ပေးရန် တို့ ဖြစ်သည်။ အဆိုပြုချက်ထဲတွင် လက်ရှိ ၄၀ ရာနှုန်း အခွန် နှင့် ပိတ်ဆို့ဒဏ်ခတ်မှုများ ဖယ်ရှားပြီး အိန္ဒိယ မှ တဆင့် တင်သွင်းရန်၊ ထို့အတွက် အထူးသံတမန် တဦး ခန့်အပ်ပြီး ဆောင်ရွက်သွားရန် တို့ ပါဝင်သည်။

 

ဝါရှင်တန် သည် စစ်အုပ်စု နှင့် တိုက်ရိုက် ဆွေးနွေးရန် မည်သို့မျှ လက်မခံ နိုင်ဟု လည်း သိရသည်။ စစ်အုပ်စု သည် တရုတ်ကို ကန္တေကောစ လုပ်ပြီး အမေရိကန် ကို လက်ကမ်းမည်ဆို က ဒီတကြိမ်တွင်‌ တော့ ၎င်းတို့ သေမတတ် ကြောက်နေကြသည့် ကိုးကန့် နှင့် ဝ တပ်များက နေပြည်တော်ရှိ မင်းအောင်လှိုင် အိမ်တံခါး ကို လာခေါက်ကြ‌ ပေတော့မည်။

 

ကချင်တို့ နှင့် သွယ်ဝိုက် ‌ဆွေးနွေးရန် ယခင် ဒေါ်အောင် ဆန်းစု ကြည်၏ အကြံပေး စီးပွားရေး လော်ဘီ တဦးက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

 

ဇူလိုင် ၁၇ ရက်နေ့တွင် ဒုသမ္မတ ဂျေဒီ ဗန့်စ် ရုံးခန်းတွင် ဆွေးနွေးကြခြင်း ဖြစ်ပြီး မြန်မာတွင် လုံခြုံရေး ကုမ္ပဏီ ဖွင့်ထားသည့် အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဟောင်း အဒမ် ကက်စတီလို၊ ဗန့်စ် ၏ အာရှ ရေးရာ နှင့် ကုန်သွယ်ရေး အကြံပေး တို့လည်း တက်ရောက်ကြသည်ဟု သိရသည်။ စစ်အုပ်စု နှင့် ကေအိုင်အေ အကြား ငြိမ်းချမ်းရေး ရရှိအောင် ကြားဝင်ရန် ကက်စတီလို က အကြံပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုအတွက် ကေအိုင်အေ အား ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ပေးရန် စစ်အုပ်စု မှ သဘောတူရမည်ဟုလည်း ဆိုသည်။

 

မြေရှားသတ္တု သည် တရုတ်တို့ အတွက် တနေ့တလုံး ရွှေဥ ကြီး ဥပေးနေသော ငန်းကြီးတကောင် ပိုင်ဆိုင်ထားသလို ဖြစ်နေပြီး ကေအိုင်အေကလည်း ၎င်းတို့ အပေါ် အခွင့်အရေးယူ အမြတ်ထုတ်နေသည့် တရုတ် တို့ အပေါ် စိတ်ကုန်လာနေ၍ အမေရိကန် နှင့် လက်တွဲရန် လိုလားနေသည်ဟုလည်း ဆိုသည်။

 

ဝါရှင်တန် အား QUAD ပါတနာ ဖြစ်သော အိန္ဒိယ ၏ ပူး ပေါင်း ဆောင်ရွက်မှု ဖြင့် ကေအိုင်အေ နှင့် သဘောတူညီချက် ရရေး ဦးစားပေးရန် ၎င်းအနေနှင့် ထပ်တလဲလဲ ပြောနေခဲ့သည်ဟု ပြောပြခဲ့သည်။

 

အိန္ဒိယ ဖက်ကမူ ထိုအစီအစဉ် အကောင်အထည် ပေါ်ခဲ့လျင်ပင် သတ္တုများ သန့်စင်ရေး အတွက် အခြေခံ အဆောက်အအုံပိုင်း အရင် တည်ဆောက်နိုင်မှ ဖြစ်မည်ဟု အမည်မဖေါ်လိုသူ အိန္ဒိယ အစိုးရ အရာရှိကြီး တဦးက ထောက်ပြခဲ့သည်။

 

ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ် ကမူ ထရမ့် အစိုးရအား မြေရှား သတ္ထု အတွက် မြန်မာ တော်လှန်ရေး အဖွဲ့များကို ဆက်၍ ထောက်ခံသွားရန် ရှိသည်ဟု တိုက်တွန်းနေခဲ့သည်။

 

ယခုနှစ် အစောပိုင်း ၎င်း၏ ဝါရှင်တန် ခရီးစဉ် အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ကောင်စီ၊ ကွန်ဂရက်မှ တာဝန် ရှိသူများ နှင့် မြန်မာ တော်လှန်ရေး အား ထောက်ခံမှု ပေးရန် ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ၎င်း ပြောသည့်အထဲတွင် မြေရှားသတ္တု အတွက် အမေရိကန်သည် ကေအိုင်အေ မှ တဆင့် ရယူ ဖို့ ပါဝင်သည် ဟု လည်း ပြောခဲ့သည်။

 

ပြီးခဲ့သည့် လများ အတွင်း ကြားခံလူမှ တဆင့် အမေရိကန် အရာရှိများ နှင့် ကေအိုင်အေ တို့ အကြား ဆွေးနွေးပွဲ များ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ကြပြီး ဖြစ်သည်ဟု ပါဝင်ခဲ့သူ တဦးအား ကိုးကား၍ ရိုက်တာ သတင်း တွင် ဖေါ်ပြထားသည်၊ ထိုအတိုင်းဆိုက စစ်အုပ်စု အပေါ် အယုံအကြည် မဲ့နေသည့် ကေအိုင်အေ အ‌နေဖြင့် ၎င်းတို့ နှင့် ဆွေးနွေးရန် ခါးခါးသီးသီး ငြင်းဆိုကြမည်သာ ဖြစ်သည်။

 

ကေအိုင်အေ မှ ချီဖွေ နှင့် ပန်ဝ ကို သိမ်းပိုက်ပြီးချိန်ကစ၍ အမေရိကန်တို့ စတင်ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် ကချင် ဒေသမှ အပြင်သို့ ထုတ်ယူ နိုင်ဖို့က လောလောဆယ် မဖြစ်နိုင်သေးဟု သိရသည်။ အိန္ဒိယ သို့ ထွက်ပေါက်သည် တရုတ် နယ်ခြား နှင့် ကပ်နေသော လမ်းတလမ်းသာ ရှိပြီး တရုတ်က သေချာပေါက် ဟန့်တားမည် ဖြစ်သည်ဟု ဘာတေး လစ်တနာ က ပြောသည်။

 

ထရမ့်သည် ၎င်းအာဏာရလာပြီးကတည်းက မြန်မာ အား မည်သို့ ကိုင်တွယ်ရမည်ကို သုံးသပ်‌ နေပြီး ထိုအထဲတွင် စစ်အုပ်စု နှင့် တိုက်ရိုက် ဆွေးနွေးသွားရန် လည်း ပါဝင်သည်။

 

သို့သော် ပြည်ပ ပဋိပက္ခ များ တွင် ပါဝင်ရမည့် အရေး နှင့် ရှုပ်ထွေးလှသော မြန်မာပဋိပက္ခ ကြောင့် ထရမ့် က လိုလိုလားလား မရှိ စိတ်ပျက်နေ၍ မူဝါဒ ပြောင်းလဲဖို့ မရှိဟုလည်း သိရသည်။

 

အရာရှိများသည် မြန်မာရှိ အမေရိကန်စီးပွားရေးအသိုက်အဝန်းအပေါ် ဝတ္တရား ရှိကြောင်း ပြသရန်နှင့် မြန်မာနိုင်ငံနှင့် အမေရိကန်၏ ကန်ဒေါ်လာ ၅၇၉ သန်း ကုန်သွယ်မှု လိုငွေပြမှုကို မျှတအောင် လုပ်ဆောင်ရန် သမ္မတထရမ့် ၏ ကြိုးပမ်းမှုများကို ရှင်းပြဖို့ အစည်းအဝေးကို ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။" ဟု အစိုးရ အထက်တန်း အရာရှိကြီး တဦးက ဆိုသည်။

 

ဂျက်တိုက်လေယာဉ်များ၊ နောက်ဆုံးပေါ် နည်းပညာ အသုံးချ လက်နက်ဆန်းများ အတွက် မရှိမဖြစ် လိုအပ် နေသည့် မြေရှား သတ္တုကို တရုတ်တို့ မောင်ပိုင်စီးထားမည့် အရေးကို အ‌မေရိကန် မှ မည်သည့် နည်းနှင့်မျှ လက်ပိုက် ကြည့်နေမည်တော့ မဟုတ်ပေ။ အမေရိကန် တွင် မြေရှားသတ္တုသည် မဆိုသလောက်သာ ထွက်ရှိပြီး ပြည်ပမှ တင်သွင်းနေရသည်။ တရုတ်သည် တကမ္ဘာလုံး အသုံးပြုနေသည့် သန့်စင်ပြီး မြေရှားသတ္တု ၉၀ ရာနှုန်းကို ပိုင်ဆိုင်ထားသည်။ ထို့အတွက် တရုတ် နှင့် မဟာဗျူဟာ အရ ယှဉ်ပြိုင်နိုင်ဖို့ ထိုအရေးကို အမေရိကန် တို့ မဖြစ်မနေ အာရုံ စိုက်ရတော့မည် လည်း ဖြစ်သည်။

 

လက်ရှိတွင် ကချင် လွတ်လပ်ရေး အဖွဲ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ကိုးဆယ် ရာနှုန်း နီးပါး ပူး‌ပေါင်း ဆောင်ရွက် နေပြီဟုလည်း အတွင်း သတင်းများအရ သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း များ အ‌နေဖြင့် အမေရိကန် ထိတ်တန်း သတင်းစာ များ နှင့် အင်တာဗျုး ရန် ကြိုးစားသင့်ပေသည်ဟု အကြံပြုလိုပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!