အတွေးစများကို ဆန့်ထုတ်ခြင်း (၄)

by Hla Soewai - Jul 14 2020

ဇွန်လ ၁ ရက်နေ့ ည ပိုင်းတွင် ရွေးကောက်ပွဲကို ‌နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာလိုက်ပါတယ်။

တပ်မတော်မှ အပိုင်သိမ်းထားတဲ့ ၂၅% ကို ဖယ်လိုက်မယ်ဆိုရင် အောက်လွှတ်တော် အတွက် ၃၃၀၊ အထက်လွှတ်တော်အတွက် ၁၆၈ နဲ့ ပြည်နယ်တိုင်း ဒေသကြီးများအတွက် ၆၄၄ နေရာ တို့ ပါဝင်နေတယ်လို့ အကြမ်းဖျင်း သိထားပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ နေရာအားလုံးမှာ ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်တွေမှာ ဒေသခံ တိုင်းရင်းသားများထဲကဘဲ ရွေးချယ်သွားမယ်ဆိုတဲ့ မဟာဗျုဟာကို လည်း ချပြလာပါတယ်။

၂၆% သာ အနိုင်ရဖို့ သာ လိုတဲ့ ပြည်ခိုင်ဖြိုးပါတီ ကတော့ ညွန်ပေါင်းပုံစံနဲ့ ပြိုင်ဖို့ လိုလား‌ နေပေမယ့် ၎င်းတို့နဲ့ တရားဝင် ပူးပေါင်းမယ့် ပါတီ ရှိပုံ မရသေးပါဘူး။ ၎င်းတို့ကလည်း အရင်ကလို စစ်တပ်က အနားပေးပြီး သူတို့ပါတီ ကိုယ်စားလှယ် အဖြစ်နဲ့ လက်ခံခဲ့တဲ့ အစဉ်အလာကို စွန့်လွှတ်မယ့် အရိပ်အယောင်တွေ ပြလာပါတယ်။

မည်သို့ပင် ဖြစ်စေ ပြည်ခိုင်ဖြိုးသည် စစ်တပ်၏ ကျောခြင်းကပ် ပါတီလို့ ပြည်သူများက ယူဆထားကြပြီး ဖြစ်ပါတယ်။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး ဆိုပြီး အလွန်အကျွံ လုပ်ရပ်တွေကြောင့် နိုင်ငံတကာ တရားရုံးချုပ်မှာ တရားစွဲဆိုခံရတဲ့ အထိ ဟိုလေးတကြော်ကြော် ဖြစ်ခဲ့တာ လူထု၏ စိတ်တွင်အမှတ်ရနေဆဲ ဖြစ်ပါတယ်။ လက်ရှိ အမှုကလည်း ပြီးပြတ်သွားတာ မဟုတ်သေးတဲ့အတွက် တိုင်းပြည် ဂုဏ်သိက္ခာအတွက် နင်လားငါလား ရင်ဆိုင် ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပဲ အားကိုးနေကြပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း သမ္မတရာထူးကို မျှော်မှန်းနေတယ် ဆိုတဲ့သတင်းကလည်း တိုးတိုးတိတ်တိတ် မဟုတ်တော့ပဲ လူသိရှင်ကြား ဖြစ်လာနေပါတယ်။ သို့သော် သူ့အဖို့ အာဆီယံနိုင်ငံများ၊ ရုရှား၊ တရုတ်၊ ဂျပန် လောက်သာ ဝင်ဆန့်နိုင်ပြီး ဥရောပနဲ့ အမေရိကန် ကို ခြေချခွင့်မရဆိုတဲ့
အားနည်းချက်ကြီးက အရိပ်မဲကြီးလို ကပ်ပါလာပါတယ်။

သူရဲ့ မကြာသေးခင်က ရုရှားခရီးစဉ်မှာ သမ္မတ ပူတင်နဲ့ တွေ့ခွင့်မရခဲ့တာကို ကြည့်ရင်ပဲ သူ့ကို မြန်မာပြည်ရဲ့ နောင်လာမယ့် သမ္မတ ဖြစ်လာမယ်လို့ ရုရှားက ယူဆထားခြင်း မရှိတာ ပေါ်လွင်နေပါတယ်။ ဒီအတွက်သူရဲ့ ပုံရိပ်ကို အရောင်တင်ပေးခံရမယ့် အခွင့်အရေး မရလိုက်ပဲ ဖြစ်သွားခဲ့ပါတယ်။

တရုတ်နဲ့လည်း စစ်တပ်ရဲ့ ဆက်ဆံရေးက ပြေလည်ပုံ မရပါဘူး။ စစ်တပ်သည် အမျိုးသားရေး ဆိုသော စကားများကို ကျယ်ကျယ်လောင်လောင်သာ ပြောတတ်သူများလို့ တရုတ်က ယူဆလာပါတယ်။ ဒါကို ရိပ်စားမိလာလို့လည်း တရုတ်ကို အမည်မဖေါ်ယုံတမည် ‌စွပ်စွဲမှုတွေ ဖြစ်လာပါတယ်။

စစ်တပ်ထဲကနေ အနားယူပြီးမှ သမ္မတ ဖြစ်ခွင့် ရှိတာမို့ နောက်ပိုင်းမှာ သူ့ကိုပဲ သမွတလောင်း အဖြစ် လျာထားဖို့ဆိုတာ မရေရာလှပါဘူး။ နောင်တက် လာမယ့် ကာကွယ်ရေး ဦးစီးချုပ်ကလည်း သူ့မျက်နှာကြည့်နေရမယ့် ရုပ်ပြသာသာ အဖြစ်ကို အရောက်ခံမှာ မဟုတ်ပဲ ရှေးက ဗိုလ်ချုပ်မှုးကြီးတွေလိုပဲ သူ့လက်သူ့ခြေနဲ့ စစ်တပ်ကို ထိန်းသိမ်းသွားလိုမှာလည်း ဖြစ်ပါတယ်။

နောက်ထပ် ပါတီငယ်လေးတွေလည်း မှိုလိုပေါက်လာပါတယ်။ ထိုသို့မှိုလို ပေါက်လာခြင်းသည် ပြည်ခိုင်ဖြိုးကို တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။ ပြည်ခိုင်ဖြိုး ‌အနေနဲ့ ဟန်ကို့ဖို့ လုပ်နေရပေမယ့် တကယ်တမ်းမှာ သူတို့ရမယ့်အထဲက မဲတွေ ပျံ့သွားမှာကို စိုးရိမ်နေပြီ ဖြစ်ပါတယ်။

NLD နဲ့ တိုင်းရင်းသားပါတီများကို ထောက်ခံနေသူများဖက်က ၇၀% ခန့် အခိုင်အမာ ရှိပြီးသား ဖြစ်တာမို့ ဒီလူတွေကို စိတ်ပြောင်းအောင် မည်သို့မျှ သွေးဆောင်
နိုင်ဖို့ မရှိတဲ့ အတွက် ကျန် ၃၀% လောက်ကို သာ အချင်းချင်း ပြိုင်ကြရဖို့ ရှိနေတာမို့ ပြည်ခိုင်ဖြိုးအဖို့ နဂိုထက်ပင် အမတ်နေရာဆုံးရှုံးသွားဖို့ ရှိနေပါတယ်။

ပါတီငယ်လေးများကလည်း စစ်တပ်ရဲ့လောင်းရိပ်အောက်မှာပဲ နို့သက်ခံ စို့ပြီးနေသွားမယ့် အလားအလာတွေ ရှိနေတာကြောင့် လူထုက အယုံအကြည် ကင်းမဲ့နေတာမို့ ညွန်ပေါင်းလောက်သာ မျှော်လင့်ပြီး ဝန်ကြီးတနေရာစာလောက်ရလည်း မဆိုးဘူးလို့ သာ လွန်ရော ကျွံရော မျှော်လင့်နေကြဟန်ရှိပါတယ်။

ဒီနေရာမှာ အလားအလာ အကောင်းဆုံးက တိုင်းရင်းသာ ပါတီများ ဖြစ်ပြီး သူတို့ကလည်း ဖက်ဒရယ်မူနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြတ်ပြတ်သားသား ထောက်ခံတဲ့ NLD နဲ့ ပေါင်းမယ်ဆို ပေါင်းဖို့ ရှိပါတယ်။

ပြည်ခိုင်ဖြိုးကတော့ ဒီအခွင့်အရေး လုံးဝမျှော်ကိုးလို့ မရပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အတွက် လက်လွှတ်လို့မရတဲ့ ခေါင်းဆောင်လည်း ဖြစ်နေတာမို့တိုင်းရင်းသား ဒေသတွေမှာ အရှိန်အဝါကြီးဆဲ ဖြစ်တာကို ကိုဗစ်-၁၉ မဖြစ်ခင် သူမရဲ့ ခရီးစဉ်တွေက ပြဆိုနေပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ရန်ကနေ ကာကွယ် နိုင်ခဲ့တာကိုလည်း အားလုံးကသတိတရ ရှိနေကြမှာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသား ပါတီများက လောလောဆယ် NLD ကို စိတ်ကောက်နေကြပုံသာ ရှိပြီး NLD အနေနဲ့ သူတို့နဲ့ အကျေအလည် ဆွေးနွေးလိုက်ရင် အဖုအထစ်များ ပြေပျောက်သွားဖို့ ရှိတယ်လို့ ထင်မြင်မိပါတယ်။

နိုင်ငံသား များအားလုံး မှ မိမိတို့အား ဖိနှိပ်ချုပ်ချယ်ရန် ပြန်လည် တာစူလာနေမှုများအား ဖယ်ရှား ရှင်းလင်းနိုင်ရေးဆိုသည့် သမိုင်းပေးတာဝန်ကြီး နောက်တကြိမ် ကျရောက်လာနေသည့် အရေးနှင့် ကြုံနေရချိန်တွင် မည်သည့်ဘက်မှ မပါဟု ဆိုကာ မိမိကိုယ် မိမိစိတ်ကြီးဝင် နေကြသည့် အချောက်တိုက် ဘဝင်မြင့်နေသူများကိုတော့ ကျွန်တော်၏ အတွေးထဲတွင် အရေးတယူ လုပ်ကာ နေရာပေး စဉ်းစားခဲ့ခြင်း မရှိ၍ ၎င်းတို့နှင့် ပတ်သက်၍ မည်သို့မျှ ပြောရန် အကြောင်း။မရှိပေ၊ နောင်လည်း ပြောဆိုမည် မဟုတ်ပေ။