လက်ရှိတွင် ပြည်သူများအား စစ်အုပ်စု မှ တိုက်ခိုက် နေမှု များ တွင် တရုတ် ကုမ္ပဏီ များ မည်မျှ အတိုင်းအတာ အထိ ပါဝင်ပတ်သက်နေသည် ဆိုသည် အပေါ် စိုးရိမ်မကင်း ဖြစ်လာနေရသည်ဟု မြန်မာ နောင်းက ဆိုသည်။
မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်များသည် တနင်္ဂ နွေ နေ့က မန္တလေး မြောက်ဖက် မိုင် နှစ်ဆယ် ခန့် အကွာ ပုသိမ်ကြီး မြို့နယ် အတွင်းရှိ မြကန်သာ နှင့် သရက်ခိုင် ကျေးရွာများ ရှိ စစ်စခန်းများကို ဝင်ရောက် တိုက်ခိုက် ရာမှ တရုတ် လက်နက်များ အစုလိုက် အပြုံလိုက် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည် ဟု သတင်း ထုတ်ပြန်လာခဲ့ရာမှ အစပြုလာခြင်း ဖြစ်သည်။
တိုက်ပွဲ တွင် စစ်အုပ်စု တပ်သား ၁၆ ဦး သေဆုံးသွားပြီး ဗိုလ်ကြီး အဆင့်ရှိသူ တဦး အပါအဝင် ၁၆ ဦး အား လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
သိမ်းဆည်း ရမိသော လက်နက်များထဲတွင် တရုတ် အစိုးရပိုင် လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ NORINCO အမှတ်တံဆိပ် ပါ လက်နက် သေတ္တာ ၁၄ လုံး ပါရှိလာခဲ့သည်။ အဆိုပါ ကုမ္ပဏီ သည် သတ္ထု တူးဖေါ်ရေး တွင် စစ်အုပ်စု နှင့် အကျိုးတူ ပါဝင်နေသည် ဟု သိရသည်။
PDF များ သိမ်းဆည်း ရမိခဲ့သော စခန်း ရှိရာ ကျေးရွာများကို စစ်အုပ်စု မှ ပြန်လည် သိမ်းယူ နိုင်ရန် တနေကုန် အကြိမ် ၃၀ ခန့် လာရောက် ဗုံးကြဲ တိုက်ခိုက်နေပြီး အခြေအနေများ ရှုပ်ထွေးနေဆဲ ဖြစ်သည်။
ဇွန်လ အတွင်း တွင်လည်း မတ္တရာတွင် တိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် သပိတ်ကျဉ်း မြို့အနီး ဧရာဝတီ မြစ် အတွင်း ဗန်းမော်သို့ ဦးတည် ခုတ် မောင်း လာသော စစ်အုပ်စု ၏ ရေယာဉ် အုပ်စု အား ကြားဖြတ် တိုက်ခိုက်ရာ ရိက္ခာ နှင့် လက်နက်ခဲယမ်းများ သယ်ယူလာသော စစ်ရေယာဉ် နစ်မြုပ်သွားခဲ့သည်။ စစ်အုပ်စု ဖက်မှ တရုတ်လုပ် Y-12 တိုက်လေယာဉ်များ၊ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် များ ဖြင့် မဲမဲ မြင်ရာ တိုက်ခိုက်လာ၍ တော်လှန် ရေး တပ်သား တဦး နှင့် အရပ်သား ပြည်သူ ၁၉ ဦး ထိခိုက်သေဆုံးသွားခဲ့သည်။
တရုတ် တို့ ပါဝင် ပတ်သက်နေမှု အား မြန်မာ အရေး အကြံပေး ကောင်စီ မှ "မရဏ စက်ရုံ" ဟု အမည်ပေးထားသော အစီရင်ခံစာ ကို ပြီးခဲ့သည့် အပတ် အတွင်း ထုတ်ပြန်ခဲ့ရာ တွင် အသေးစိတ် ဖေါ်ပြထားခဲ့ပြီးလည်း ဖြစ်သည်။ အထူးသဖြင့် ကပစ ၂၁ တွင် မှ ထုတ်လုပ်သော ဗုံး များ တွင် တရုတ်တို့ နောက်ကွယ် မှ ပါဝင်နေမှု အား ပေါက်ကြားလာသော စာရွက်စာတမ်းများ၊ လူပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်များ အပေါ် အခြေခံ ထားခဲ့သည်။
ယခုအခါ တွင် တော့ တဖက်တွင် ငြိမ်းချမ်းရေး ဆိုကာ တဖက် မှ လက်နက် များ တိုက်ရိုက် ပံ့ပိုးပေးနေသည့် တရုတ်တို့၏ လုပ်ရပ်များကို သက်သေ အထောက် အထား များ နှင့် တကွ လက်ပူးလက်ကျပ် ရရှိလိုက်ခြင်း ဖြစ်သည်။
ထို အရေး ကို အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် လာမည့် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကြီး တွင် မဖြစ်မနေ တင်ပြရပေတော့မည်။
မြန်မာ အရေး ကို ပတ်လည်း မပတ်သက်ချင် ခေါင်းရှုပ်လည်း မခံချင်၊ ပိုနေမြဲ ကျားနေမြဲ မြန်မြန် ပြန်ဖြစ်လျင် ပြီးရော ယူဆနေသည့် နိုင်ငံများ ကို ပြတ်ပြတ်သားသား အသိပေးရဖို့ ရှိလာသည်။
ယခု အနေအထားအရ မင်းအောင်လှိုင် အား နိုင်ငံရေး အရ သဘောကွဲလွဲသူ တဦးတလေမျှ ထောင်ထဲမှ လွဲ၍ ပြင်ပ တွင် တရားဝင် ရပ်တည်ခွင့်မရ ဖြစ်နေချိန်မှာ မည်သို့သော နိုင်ငံရေး ဖြေရှင်းချက်မျိုး ရနိုင်ပေဦး မည်နည်း။ မည်သို့သော ရွေးကောက်ပွဲ မျိုးသည် တရားဝင်ဦး မည်နည်း။
မိမိတို့ထံမှ လက်နက်ပြ အာဏာသိမ်းခဲ့ရုံ မျှမက နည်းမျိုးစုံဖြင့် အကြမ်းဖက် လာနေမှု ကို ခုခံကာကွယ်တွန်းလှန်သွားသည့် နည်းမှ လွဲ၍ အခြား မရှိတော့ဟု ပြည်သူများက အခိုင်အမာ ယုံကြည် လက်ခံထားပြီး ဖြစ်သည်။
၎င်းတို့ကို သူခိုးဓါးမြသာသာ နှိပ်စက်သ တ်ဖြတ် လာခဲ့သူများ၊ အရှင်လတ်လတ် မီးရှို့ အဆုံး စီရင်ခဲ့သူများ အား အိန္ဒိယ မှ ပေးသော စက် ထောင် ပြီး တိုင်းပြည် အား ပိုနေမြဲ ကျားနေမြဲ ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို လက်ခံကြမည် ဟု တွေးထင်ယူဆနေသည် မှာလည်း အမျှော်အမြင် နည်းလွန်းရာ ကျနေပေသည်။
လက်ရှိတွင်ပင် မင်းအောင်လှိုင်သည် တလ ၅,၀၀၀ နှုန်းဖြင့် လူငယ်လေး များကို အတင်းအကျပ် စစ်ထဲဆွဲသွင်းကာ ရှေ့တန်းတွင် အသေခံ ခိုင်းနေသည့် မိဘချင်း မစာနာ လူမဆန်လှသည့် လုပ်ရပ်ကို ကျုးလွန် နေပြီ ဖြစ်သည်။
၎င်းတို့ ဒုက္ခိတ ဘဝ ရောက်လာလျှင် ဆိုရှယ် မီဒီယာ များ တွင် လှောင်ပြောင်ခံနေရသလို စာအုပ် မရောင်းရရေး ဟူသည့် အတွေးဖြင့် အစိုးရ ပိုင်း နှင့် ပုဂ္ဂလိက ကဏ္ဍများတွင်အလုပ်အကိုင် ရှာဖွေပေးရန် ဆိုကာ ကာကွယ်ရေး ဝန်ကြီး ဆိုသူ ဗိုလ်ချုပ် မောင်မောင်အေး ဦးဆောင်သည့် ကော်မတီကို ဖွဲ့စည်းပြီး တိုင်းပြည် ၏ ကုန်ထုတ်လုပ်ငန်းများ အား ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
ထရမ့်၏ အခွန် တိုးမြှင့်ရန် နောက်ဆုံးရက် ဩဂုတ် ၃၁ ရက် နား ကပ်လာနေသော်လည်း ယခု အချိန်အထိ အမေရိကန် နှင့် ဆွေးနွေးခွင့် မရ ဖြစ်နေသည်။
ထရမ့်သည် နိုင်ငံ ၁၄ နိုင်ငံအား အကြောင်းကြားလိုက်သည့် စာ တွင် ဆွမ်းဆန်ထဲ ကြက်ချေး ရော ဆိုသလို မင်းအောင်လှိုင်၏ အမည် ပါဝင်သွားခဲ့သည့် အမှားကို ဝေဖန် ပြစ်တင်သံများ ဆူညံစွာ ထွက်ပေါ်လာ၍ သဘောပေါက်သွားပုံ ရသည်။
တရုတ်သည်လည်း အရှုံး များ နှင့် ရင်ဆိုင်နေရသော စစ်အုပ်စု အတွက် ထွက် ပေါက် ဖြစ်လာမလား ဆိုကာ ရွေးကောက်ပွဲ ကို အမျှော်လင့် ကြီး မျှော်လင့်ပြီး ဒရုန်းများ၊ နည်းပညာ များ ဖြင့် အစွမ်းကုန် ကူညီ ပံ့ပိုးပေးနေသော်လည်း ၎င်းတို့ ထင်သလို ဖြစ်မလာဘဲ ဒုံရင်းက ဒုံရင်း ဆိုက စစ်အုပ်စု အပေါ် မည်သို့ သဘောထား လာမည် ဆိုက စိတ်ဝင်စားဖို့ပင် ကောင်းနေရသည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!