ကနေဒါ သတင်းစာ ကြီး မှ ပြောသော ကရင်နီ စစ်မျက် နှာ တစေ့တစောင်း

by Hla Soewai - Jul 30 2025

ကနေဒါ ရှိ National newspaper ကြီး ဖြစ်သော The Globe and Mail သတင်းစာ မှ ကရင်နီ စစ်မျက် နှာ သို့ ကိုယ်တိုင်ကိုယ်ကျ သတင်းယူရန် ငါးကြိမ်တိုင် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ ယခု တင်ပြမည့် အကြောင်းအရာသည် နောက်ဆုံးခရီးစဉ် အပြီး ရေးသားခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၁၈ ရက် နေ့စွဲ ဖြင့် ဓါတ်ပုံပေါင်းများစွာ ထည့်သွင်းပြီး "In Rebel Country" ခေါင်းစဉ် တပ်ကာ ပုံနှိပ် ထုတ်ဝေ လိုက်ခြင်း ဖြစ်သည်။

 

ဆောင်းပါး ကို ဒေါက်တာ အောင်မြင့်မြတ် နှင့် တွေ့ဆုံခဲ့မှုဖြင့် စတင် ဖွင့်လှစ်လိုက်သည်၊ ဒေါက်တာ အောင် နှင့် တွေ့ဆုံခဲ့သည့် အချိန်သည် ၎င်းဆေးခန်း နှင့် ကပ်နေသော နေရာတွင် လွန်ခဲ့သည့် လ ကပင် စစ်ကောင်စီ က ဗုံးကြဲပြီးကာစ ဖြစ်သည်။

 

ဒေါက်တာ အောင် မှ စစ်အုပ်စု တိုက်‌ လေယာဉ် များသည် မပြေးနိုင် မလွှားနိုင်သူ များ စုဝေးနေရာ ကျန်းမာ‌ ရေး နှင့် ပတ်သက်သည့် နေရာ များကို အမြဲလို ရှာဖွေ တိုက်ခိုက်‌ ဆေးခန်းအား လျို့ဝှက် နေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

 

ဤနေရာတွင် ဆောင်းပါးတွင် မပါသော်လည်း ကျွန်တော် သိထားသည်က ဆေးရုံ ဆေးခန်းများသည် အယုတ်အလတ် အမြတ်မရွေး ကုသ ပေးရသည် မျိုး ဖြစ်ရာ စစ်အုပ်စု ဒလန်များလည်း အယောင်ဆောင်၍ ရောက်လာတတ်ပြီး တည်နေရာ ကို GPS ဖြင့် သတင်းပို့တတ်၍ အမြဲလို တိုက်ခိုက်ခံနေကြရသည်၊ ထို့အတွက် ဒေါက်တာ ဇော်ဝေစိုးမှ မြေအောက်တွင် ဖွင့်လှစ်ရန် အကြံပေးခဲ့၍ အညာဒေသတွင် ‌မြေအောက် ဆေးရုံ နှစ်ရုံပင် အကောင်အထည် ပေါ်နေပြီဟု အတွင်းသတင်းများ အရ သိရသည်။ ဤသည်ကား အကြောင်း တိုက်ဆိုင်လာ၍ ထည့်ရေး လိုက်ခြင်း ဖြစ်သည်။

 

ဆောင်းပါးရှင်က ဆက်လက်ရေးသားရာတွင် ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ၏ ကွပ်ကဲမှု အောက်တွင် ရှိသော လျို့ဝှက် နေရာတွင် ထားရှိသည့် စစ်သုံ့ပန်း စခန်းသို့ သွားရောက်လေ့လာခွင့် ရခဲ့သည်ဟုဆိုသည်၊ အကျဉ်းသား များ နှင့် တွေ့ဆုံမေးမြန်းခွင့် မပြုဟု ပါရှိသည်။

 

အဆိုပါ နေရာ သည် ရန်သူ လေယာဉ်များ မြင်နိုင်စွမ်း မရှိသည့် နက်ရှိုင်းသော လျို ကြီး အောက်တွင် ရှိပြီး အနီးဆုံး မြို့သို့ပင် နာရီပေါင်း များစွာ ကြာအောင် ကားမောင်းသွားမှ ရောက်သည့် နေရာ မျိုး ဖြစ်သည်။

 

အကျဉ်းသား ဦးရေ ၁၅၀ ရှိပြီး ၉၉ ဦးသည် စစ်အကျဉ်းသား များ ဖြစ်သည်။ နက်ရှိုင်းသော လျိုမြောင် ကမ်းပါး များ ဝိုင်းရံထား၍ မည်သို့မျှ ထွက်ပြေး၍ မရသော နေရာမျိုးလည်း ဖြစ်နေသည်။ ဖမ်းဆီးရမိသည့် အကျဉ်းသား များအား ခြေရာခံ စာရင်းပြုစု နေသည့် အရပ်ဖက် လူမှု အဖွဲ့အစည်း တခု ဖြစ်သော "ပြည်သူ့ ရည်မှန်းချက်" အဖွဲ့၏ အဆိုအရ တနိုင်ငံလုံးတွင် စစ်အုပ်စု တပ်ဖွဲ့ဝင် အကျဉ်းသား ၁၅,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

 

ဒေါက်တာ ဆာဆာ က ဖမ်းဆီးရမိထားသော စစ် အကျဉ်းသား များကို ဂျီနီဗာ ကွန်ဗင်းရှင်းမှ ပြဋ္ဌာန်းထားသည်များ နှင့် အညီ ထားရှိသည်ဟု ပြောပြခဲ့သည်။ KNDF ၏ ဒုတပ်မှုးချုပ် မာဝီကလည်း ၎င်းတို့အား လူ ကျင့်ဝတ် နှင့် အညီ ဆက်ဆံခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ တပ်ဖွဲ့ဝင်များကိုလည်း အရပ်သား များကို သတ်ဖြတ်ခဲ့မှု များ အတွက် အကျဉ်းချ ထားပြီး ဖြစ်သည်။ လူ့အခွင့် အရေး ချိုးဖောက်မှု များကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

 

သတင်းထောက် မှ ပြီးခဲ့သည့် နှစ် ယခင် အကြိမ်များက ရှေ့တန်းသို့ ရောက်ရန် စစ်တပ် ကင်းစခန်းများကို ကွေ့ကွင်းပြီး တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ခဲ့ရသော်လည်း ယခုအခါ ထိုင်းနယ်ခြားမှ ကားဖြင့် တရက်နှင့်ပင် ရောက်လာနိုင်ခဲ့ပြီဟု ရေးသားထားသည်။ ဤသည်ကပင် တော်လှန်ရေး အဖွဲ့များ မည်မျှ အတိုင်းအတာ အထိ အောင်မြင်လာခဲ့ပြီ ဆိုသည်ကို ပြဆိုနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ စစ်အုပ်စု တပ်များသည် စခန်းများထဲတွင် မလှုပ်မယှက် နှင့် နေနေကြ၍လည်း ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ် အနည်းငယ် က အင်တာနက် ပြတ်နေ၍ အခက်အခဲများ စွာ ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါ နိုင်ငံ အတွင်း အပြင်တွင် စတားလင့်ခ် ဂြိုလ်တုများ၊ ဆက်သွယ်ရေး ရေဒီယို များ သုံး၍ ဆက်သွယ် နိုင်ကြပြီ ဖြစ်သည်။

 

ကရင်နီ ပြည်နယ် ယာယီ အစိုးရသည် ကရင်နီ နှင့် ရှမ်းပြည်နယ်ဖက် အပါအဝင် မြို့နယ် ပေါင်း ၁၆ မြို့နယ်တွင် အုပ်ချုပ်ရေး အဖွဲ့များ တည်ထောင် ထားနိုင်ပြီး အခွန် အကောက်များ ကောက်ခံကာ စီမံခန့်ခွဲ နိုင်နေပြီ ကို ကြည့်မည် ဆိုက စစ်အုပ်စု၏ ထိန်းချုပ် နိုင်မှု မရှိတော့ ဆိုသည်မှာ သိသာနေသည်။

 

နိုင်ငံ၏ ကျန် အပိုင်းများတွင်တော့ စစ်အုပ်စုသည် ရှူံးမဲ မဲကာ ရက်စက်စွာ ပြုကျင့်နေကြဆဲ ဖြစ်သည်။

 

ပြီးခဲ့သည့် ကုလ အစီရင်ခံစာတွင် စစ်အုပ်စု ၏ အာဏာ ကို ဆုပ်ကိုင်ထားမှု ယို့ယွင်းလာသည် နှင့် အမျှ လူနေထူထပ်သော ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူငယ်များအား အတင်းအကျပ် စစ်ထဲ ဆွဲသွင်းခြင်း၊ မြင်မြင်ကရာ ဖမ်းဆီး နှိပ်စက်ခြင်း များ တိုး၍ ပြုလုပ်လာခဲ့သည်၊ သဘာဝ ဘေးအန္တရာယ်ကြီး ကြုံခဲ့ရသည့် တိုင် လျော့ပါးသွားခြင်း မရှိဟု ပါရှိခဲ့သည်။ ၎င်းတို့၏ ရန်ကြောင့် လူပေါင်း ၃.၅ သန်း (ထိုထက် နှစ်ဆ ရှိနိုင်သည်ဟု ဆိုသည်) အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ထိုအထဲတွင် ကလေးများ သုံးပုံတပုံအထိ ပါဝင်နေသည်ဟု ကုလ အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

 

ဒီမောဆိုး မြို့ အနီး စစ်ရှောင်စခန်း ရှိ အသက် ၅၈ နှစ် အရွယ် ဦး ပီအို မှ စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် သားဖြစ်သူ သေဆုံးခဲ့ရပြီး‌ နောက် ရှမ်းပြည်နယ် အတွင်း နေရပ်မှ ထွက်ပြေးလာရပုံ၊ အချို့က စပါးရိတ်ရန် ရှိ၍ စွန့်ပြီး ကျန်နေသူများလည်း ရှိသည်ဟု ပြောပြခဲ့သည်။ 

 

ကရင်နီ ယာယီ အစိုးရ ၏ အရာရှိတဦး က ပြည်နယ် အတွင်း နေထိုင်သူ ၄၅၀,၀၀၀ ရှိသည့်အနက် ထက်ဝက်ခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရသည်ဟု ပြောပြခဲ့သည်။ ရသမျှ မြေနေရာ ကို အသုံးချပြီး စပါးစိုက်ကြဖို့ ပြောထားရသည်ဟုလည်း ဆိုသည်။ ကရင်နီ ပြည်နယ် အတွင်း စိုက်ပျိုး ရသမျှအား ပြည်နယ် အတွင်း တွင်ပင် ဖြန့်ဝေပေးခဲ့သည်ဟု လည်း ပြောသည်။

 

သတင်းထောက် က ၎င်းသွားရောက်ခဲ့သည့် အကျဉ်းစခန်းများ တွင် အကျဉ်းသားများအား အစားအသောက် အတွက် အနီး ပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်များ စိုက်ခိုင်းထားသည်ကို တွေ့ခဲ့ရသည်ဟု ရေးသားထားသည်။ လက်သမားရုံ၊ ယက္ကန်းရုံ၊ ဦးထုပ်ချုပ် သည့် အလုပ်ရုံ၊ စာကြည့်တိုက် အသေးစား နှင့် ဆေးပေးခန်းလည်း ရှိနေသည်။

 

ပြည်တွင်းစစ်၏ ဆိုးမွေ များသည် ပြီးဆုံးသွားခဲ့မည် ဆိုလျင် ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ဒဏ်ရာဒဏ်ချက်များ ဖြစ်ကျန်ရစ်နေပေဦးမည်သာ။

 

မြန်မာသည် ယခုအခါ မြေမြုပ်မိုင်းများ နှင့် မပေါက်ကွဲဘဲ ကျန်ခဲ့သော အမြှောက်ဆန်များ ကြောင့် ကမ္ဘာတွင် အသေအပျောက် အများဆုံး နိုင်ငံ ဖြစ်လာနေသည်။ ထိုအကြောင်းများ ကြောင့်၂၀၂၃ တွင် အရပ်သားများ သေဆုံး ဒဏ်ရာရမှုသည် ၁,၀၀၃ ဦး ရှိခဲ့သည်။ ၂၀၂၂ ထက် သုံးဆ ခန့် များလာသည်ဟု မြေမြုပ်မိုင်း လေ့လာစောင့်ကြည့် ရေး အဖွဲ့က ဆိုသည်။

 

ကမ္ဘောဒီယား ပင် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ က ပြီးဆုံးသွားသော ပြည်တွင်းစစ်ကြီးမှ ကြွင်းကျန်ခဲ့သော မြေမြုပ်မိုင်းများကို ယခုထိ ရှင်းလင်းနေရဆဲ ဖြစ်သည်။

 

ဒေါက်တာ အောင်က ဆေးရုံသို့ လာသူတိုင်းလိုလို မြေမြုပ်မိုင်းများ၊ လေကြောင်း နှင့် ဒရုန်းများ တိုက်ခိုက်ခံရ၍ ဖြစ်သည်ဟု ဆိုသည်။ ဝန်ထမ်းများသည် လည်း ဘယ်အချိန် ဗုံးကြဲ ခံရမည်ကို စိုးရွံ့နေကြရပြီး ရံပုံငွေ နှင့် ဆေးပစ္စည်းများ အမြဲလို ပြတ်လပ်နေသည်ဟု ဆိုသည်။

 

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက လှုဒန်းသည် များ ရှိသော်လည်း အမေရိကန်၏ USAID အကူအညီများ ဖြတ်တောက်ပြီး နောက်ပိုင်း လှုဒန်းမှုများ ကျဆင်းသွားခဲ့သည်ဟု ပြောပြခဲ့သည်။

 

အာဏာသိမ်းပြီးနောက်တွင် မြန်မာ ပြည်သူ အများစုက အမေရိကန်သည် ဝင်ရောက်စွက်ဖက်မည် သို့မဟုတ်ကလည်း တော်လှန်ရေး အဖွဲ့များကို ကူညီ ထောက်ပံ့လာကြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ဝါရှင်တန်၏ တုန့်ပြန်မှုသည် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခြင်းထက် မပိုခဲ့ပဲ ပြဿနာ ဖြေရှင်းရန် ကိုပင် အာဆီယံသို့ ပုံချလာခဲ့သည်။

 

ပဋိပက္ခ ကြောင့် မြန်မာ မှ ထွက်ပြေးလာသူများသည် အမေရိကန်တွင် ဒုက္ခသည် အဖြစ် နေခွင့်ရလာသော်လည်း ဇွန်လ အစောပိုင်းကစ၍ မြန်မာ တို့သည် အာဖဂန်နစ္စတန်၊ ဟေတီ နှင့် အခြား ကိုးနိုင်ငံမှ နိုင်ငံသားများ ကဲ့သို့ နိုင်ငံ လုံခြုံ‌ ရေး အတွက် အန္တရာယ် ရှိသည် ဆိုကာ အမေရိကန်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခံခဲ့ရသည်။

 

ထို့အတွက် ‌ဒေါက်တာ အောင်မှ ထရမ့် တက်လာကတည်းက ကျွန်တော်တို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်လာခဲ့ရသည်ဟု ငြည်းတွားခဲ့သည်ဟု ရေးသားထားသည်ကို ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

နောက်ဆုံး ရရှိသော သတင်းအရ အမေရိကန် အောက်လွှတ်တော် ဥပဒေရေးရာ ကော်မတီများက စစ်ကောင်စီ အား ဘဏ္ဍာရေး အရ ထိုးနှက်မည့် ဥပဒေကြမ်း သုံးခု ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

 

သို့သော် အဆိုပါ ဥပဒေ အသက် ဝင်လာရေး အတွက် အထက် နှင့် အောက်လွှတ်တော်မှ အတည်ပြု ပေးရန် လိုနေ၍ နောက်ထပ် လပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည့် အပြင် BURMA ACT သည်လည်း ဘယ်ရောက်နေမှန်း မသိ၍ သိတ်တော့ ရင်မခုံမိ။

 

သို့သော် အမေရိကန် ပါတီကြီး နှစ်ခု ပေါင်းဥပဒေပြု အမတ်များ၏ သဘောထားကို ထရမ့် နှင့် ဘူးလုံးနားမထွင်း ဖြစ်နေသည့် ၎င်း၏ အကြံပေးများ ရိပ်စားမိသွားအောင် ပြသ နိုင်ခဲ့ခြင်း ဖြစ်၍ ယခုလို အချိန်မျိုး တွင် အကျိုး များ စေမည့် လုပ်ရပ်မျိုး အဖြစ် ချီးကြူးရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!