ဂျပန် တွင် ကာလကြာမြင့်စွာ အာဏာရလာခဲ့သည့် လစ်ဘရယ် ဒီမိုကရက် ပါတီ (LDP) သည် တနင်္ဂနွေ့နေ့က ပြုလုပ်သော အထက်လွှတ်တော် ရွေးကောက်ပွဲ တွင် သမိုင်းတွင် လောက်သည့် အရေးနိမ့်မှု နှင့် ရင်ဆိုင်ခဲ့ရပေသည်။ အငယ်စား ညွှန်ပေါင်း အဖွဲ့ဝင် ဖြစ်သော ကိုမဲတို ပါတီ အပါအဝင် စုစုပေါင်း အမတ်နေရာ ၁၉ နေရာ လက်လွှတ်ခဲ့ရသည်။။
ထို့အတွက် ၂၀၁၃ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အထက်လွှတ်တော် တွင် လူများစု အဖြစ်မှ ဆုံးရှုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းနှင့် အတူ ပြီးခဲ့သည့် အောက်တိုဘာလ ကမှ ဝန်ကြီးချုပ် ဖြစ်လာသူ အိရှိဘာ ရှီဂဲရု အဖို့ အိမ်မက်ဆိုးကြီး ဖြစ်သွားခဲ့ရသည်။ ၎င်း၏ အာဏာရ ညွှန်ပေါင်း အဖွဲ့သည် အောက်လွှတ်တော် တွင်လည်း လူများစု အဖြစ်မှ လျှောကျ ထားခဲ့ပြီး ဖြစ်သည်။
အိရှိဘာ က ရွေးကောက်ပွဲ ရလဒ်ကို "ပြင်းထန်လွန်းလှသော စီရင်ချက်" ဟု ပြောဆိုခဲ့သော်လည်း ဝန်ကြီးချုပ် အဖြစ် ဆက်လက် တာဝန်ယူသွားမည်ဟု ဆိုသည်။ သို့သော် ၎င်းအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုမှု များ ဆူညံသည်ထက် ဆူညံလာနေပြီ ဖြစ်သည်။
LDP သည် ဂျပန် အထက် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် တခုတည်းသော အကြီးဆုံး ပါတီ အဖြစ် ရှိနေဆဲပင် ဖြစ်သည်။ သို့သော် တနင်္ဂနွေ နေ့ ရလဒ် ကို ကြည့်မည် ဆိုက ဂျပန် နိုင်ငံရေး တွင် ကာလ ကြာမြင့်စွာ ကြီးစိုးထားခဲ့မှုသည် ခြိမ်းခြောက် ခံလာရပြီ ဖြစ်သည်။ အကြီးမားဆုံး စိမ်ခေါ်လာသည်က အစဉ်အလာ ရှိထားသော ဗဟို-လက်ဝဲ အတိုက်အခံ ပါတီ ဖြစ်သော ဖွဲ့စည်းပုံ ဒီမိုကရက် ပါတီ (CDP) မဟုတ်ဘဲ တက်သစ်စ နိုင်ငံရေး ပါတီ လေးများ မှ LDP ၏ နေရာများကို အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။
တာမာကိ ယူချီရို ဦးဆောင်သည့် အလယ် အလတ်လမ်းစဉ် ပါတီ ဖြစ်သည့် ပြည်သူ အတွက် ဒီမိုကရက် ပါတီသည် ယခင် အမတ်နေရာ ကိုးနေရာ မှ ၂၂ နေရာအထိ အနိုင်ရသွားခဲ့သည်။ ထို့အတွက် အထက်လွှတ်တော်တွင် CDP ပြီးလျင် ဒုတိယ အကြီး ဆုံး အတိုက်အခံ ပါတီ ဖြစ်လာခဲ့သည်။
လူဝင်မှု ပိုင်းကို အပြင်းအထန် ဆန့်ကျင်သည့် လက်ယာစွန်း ကိုယ့်အားကိုယ်ကိုး ပါတီ (ဂျပန် အခေါ် ဆန်ဆေ့တို) သည် လည်း နေရာယူလာခဲ့သည်။ ယခင်က အထက်လွှတ်တော် တွင် ၂ နေရာ မှ ၁၅ နေရာအထိ တိုး၍ အောင်ပွဲခံခဲ့သည်။ ပါတီ ခေါင်းဆောင်သည် အသက် ၄၇ နှစ်ရှိ ခါမိယ ဆိုးဟေး (ပုံတွင်ရှူ) ဖြစ်သည်၊ ပါတီသစ်များ အပေါ် လူထု က တိမ်းညွတ်လာ၍ လာရောက် မဲပေးသူ ရာနှုန်းသည် ၂၀၁၂ နောက်ပိုင်း အမြင့်ဆုံး ဖြစ်လာပြီး ၅၉ ရာနှုန်း အထိ ဖြစ်လာခဲ့သည်။
LDP သည် မဲရုံ မဖွင့်မီကပင် ခံစစ် ဖက်က ဖြစ်လာနေသည်။ ပြီးခဲ့သည့် နှစ်များ အတွင်း ထွက်ပေါ်လာသော အရှုပ်ထုတ်များကြောင့် ပါတီ၏ ပုံရိပ် ထိခိုက်လာခဲ့ရသည်။ နိုင်ငံရေး အသိုက်အဝန်း မှ ဆင်းသက်လာသူ အသက် ၆၈ နှစ်ရှိ ဝန်ကြီးချုပ် အိရှိဘာသည် လူငယ် မဲဆန္ဒရှင်များအား ဆွဲဆောင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အများစု က ငွေကြေး ဖေါင်းပွလာမှု ကို LDP ၏ တုန့်ပြန်မှု အပေါ် မကျေမနပ် ဖြစ်နေကြသည်။
၂၀၂၂ မှ စ၍ ဈေးနှုန်းများက တရိပ်ရိပ် တက်လာနေသော်လည်း လုပ်ခနှုန်းထားများက ဒုံရင်း ဒုံရင်းသာ ဖြစ်နေသည့်အပြင် မူလ တန်ဖိုးအရ ဆိုလျင် ငါးလ တိတိ ဆက်တိုက်ကျဆင်းလာခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ပါတီပေါင်းစုံက အခွန်သက်သာခွင့်နှင့် အခြား ခံစားခွင့်များ ပေးမည်ဟု ကတိပေးလာကြသည်၊ သို့သော် အစိုးရ၏ ကြွေးမြီသည် GDP ၏ ၁၃၀ ရာနှုန်းမျှ ရှိနေ၍ ရင်းနှီးမြုပ်နှံသူများက စိတ်မသက်မသာ ဖြစ်လာကြသည်။ အထူးသဖြင့် အတိုက်အခံ ပါတီများက ဝယ်ယူမှု အပေါ် ကောက်ခံနေသည့် အခွန်နှုန်းကို ၁၀% အထိ ဖြတ်တောက်ရန် တောင်းဆိုလာနေသည့် အတွက် ဖြစ်သည်။
သို့သော် ဘဏ္ဍာရေး ကို တင်းကျပ်စွာ ကိုင်တွယ်ထားလိုသည့် အိရှိဘာ ကမူ နိုင်ငံသား တဦးလျှင် ယန်း ၂၀,၀၀၀ (၁၃၆ ဒေါ်လာ) တကြိမ် ထုတ်ပေးရန် ကတိပေးလာသော်လည်း မဲဆန္ဒရှင်များဖက်က တုတ်တုတ်မျှ ပင် လှုပ်မလာကြပေ။ ပါတီအား ထောက်ခံနေသူများကပင် အတွေးတိမ်ပြီး နောက်က လိုက်နေခြင်းဟု ပင် ယူဆလာကြသည်။
သို့သော် ရွေးကောက်ပွဲ နောက်ဆုံးရက်များ အတွင်း အဓိက လွှမ်းမိုးလာသည်က စီးပွားရေး မဟုတ်ဘဲ လူဝင်မှု ပြဿနာ ဖြစ်လာသည်။ နိုင်ငံတွင်း မွေးဖွားသူ အရည်အတွက်သည် ကျဆင်းလာနေ၍ အလုပ်အကိုင်များ ဖြည့်တင်းရန် ရွှေ့ပြောင်း ဝင်ရောက်လာသူများကို အမှီပြုလာရသည်။
ပြီးခဲ့သည့် နှစ်တွင် နိုင်ငံခြား အလုပ်သမား ဦးရေ သည် ၂.၃ သန်း ဖြစ်လာသည်။ သို့သော်လည်း အလုပ်သမား အင်အား၏ ၃ ရာနှုန်းသာ ရှိပေသေးသည်။ (ဗြိတိန် နှင့် ဂျာမဏီတွင် ၂၀ ရာနှုန်းခန့် အထိ ရှိနေသည်)၊ သို့သော် ယခင် ဆယ်စုနှစ် နှင့် နှိုင်းစာလျင် သုံးဆ ခန့် မြင့်တက်လာခဲ့သည်။
လက်ယာ အစွန်းရောက် ဆန်ဆေ့တို ပါတီက အစိုးရသည် ကုမ္ပဏီ ကြီးများ အကျိုးရှိရာ ရှိကြောင်း ကြည့်ပြီး ဈေးပေါသော အလုပ်သမားများကို ခေါ်သွင်းလာခြင်း ဖြစ်သည်ဟု စွပ်စွဲလာခဲ့သည်။ ထို့အတွက် ပြည်တွင်း အလုပ်သမားများ၏ လစာ သည် ဈေးနှိမ်ခံရပြီး ပြဿနာများ ဖြစ်လာခဲ့ရသည်ဟု ဆိုသည်။
ဆန်ဆေ့တို ၏ "ဂျပန် ပထမ" ဟု ကြွေးကြော်လာမှု ကို လူထု က သဘောကျလာကြသည်။
LDP သည် ယခုအခါ အထက် နှင့် အောက်လွှတ်တော် တွင် လူများစု ပါတီ မဟုတ်တော့၍ ဥပဒေ ပြဋ္ဌာန်းရန် အခြား ပါတီများ နှင့် ညှိနှိုင်းရတော့မည် ဖြစ်သည်။ လက်ရှိ ညွှန်ပေါင်း အဖွဲ့ထဲ နောက်ထပ် ပါတီတခု ဆွဲထဲ့ရဖို့ ဖြစ်လာသည်။ သို့သော် ပါတီအားလုံးက LDP နှင့် ပူးပေါင်းဖို့ ငြင်းဆိုထားပြီး ဖြစ်သည်။
အိရှိဘာ၏ ဝန်ကြီးချုပ် အဖြစ် ဆက်လက် ရပ်တည်နိုင်ခွင့် သည် တဖြေးဖြေး လျော့နည်းလိုက်လာနေပြီ ဖြစ်သည်။ ၎င်း၏ နေရာတွင် မျက်နှာသစ်ဖြင့် အစားထိုးရဖို့ ဖြစ်လာသည်။ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဖြစ်သူ ကိုအိဇုမိ ရှင်ဂျိရော သည် ထိပ်က ပြေးနေသည်။ ၎င်းသည် အသက်အားဖြင့် ၄၄ နှစ် ရှိပြီး ယခင် ဝန်ကြီးချုပ် ဟောင်း၏ သားလည်း ဖြစ်သည်။ လယ်ယာ ဝန်ကြီး အဖြစ် ဂျပန်တွင် ဆန်ဈေးနှုန်း များ တအား မြင့်တက်သွားမှု ကို ကောင်းစွာ ကိုင်တွယ် နိုင်၍ နာမည်ထွက်လာသူလည်း ဖြစ်သည်။
LDP သည် ဆန်ဆေ့တို ပါတီအား ကာကွယ်နိုင်ရန် လက်ယာဖက်သို့ ယိမ်းလာနိုင်သည်။ ထိုအခါတွင် စိတ်မာ ခက်ထန်သည့် အမျိုးသားရေး ဝါဒီ တဦး ဖြစ်သူ တာခအိချိ ဆာနာအဲ သည် ရှေ့ထွက်လာမည် ဖြစ်သည်။ သူမသည် ယမန်နှစ်က ပြုလုပ်သော LDP ခေါင်းဆောင် ရွေးပွဲတွင် အိရှိဘာ နှင့် ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်သည်။
ဂျပန်သည် ချမ်းသာသော နိုင်ငံများ ရင်ဆိုင်နေရသည့် ပေါ်ပြူလစ် ဝါဒ နှင့် နိုင်ငံရေး တွင် သဘောထား တောင် နှင့် မြောက် ကွဲနေမှု များကို ရှောင်ရှားလာနိုင်ခဲ့သော်လည်း ယခုအခါတွင်တော့ မလွှဲမရှောင်သာ ရင်ဆိုင်လာရတော့မည် ဖြစ်သည်။
(၂၀၂၅ ဇူလိုင် ၂၁ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် "Populism and polarisation come to Japan" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)