အဓမ္မ ရွေးကောက်ပွဲ ဝင်မည့် ပါတီများ အခြေအနေ

by Hla Soewai - Jul 30 2025

စစ်အုပ်စု အလိုကျ ရွေးကောက်ပွဲအား တရားဝင် ဖြစ်မှု နှင့် စပ်လျင်း၍ မယုံသင်္ကာမှု များ ရှိလာနေပြီး အာဆီယံ ကပင် “ရွေးကောက်ပွဲ မှ လွဲ၍ အခြား ငြိမ်းချမ်းစွာ ဖြေရှင်း ၍ ရမည့် နည်းလမ်း မရှိတော့ဘူးလား” ဟု မေးခွန်းထုတ်လာခဲ့ပြီ ဖြစ် နေချိန်တွင်ပါတီများသည် ပြင်ဆင်မှု များ အရှိန်မြှင့် ပြုလုပ်လာနေသည်ဟု ‌ဧရာဝတီ တွင် ရေးသားထားသည်။

 

စစ်အုပ်စု ခန့် ရွေးကော်သည် ယခု အချိန်အထိ နိုင်ငံရေး ပါတီ ၅၅ ပါတီအား မှတ်ပုံတင်မှု ကို အတည်ပြု ပေးခဲ့သည်။ ထိုအထဲတွင် ၉ ပါတီသာ ပြိုင်လို့ရမည့် နေရာ အနှံ ဝင်ရောက် ဆင်နွှဲဖို့ ရှိနေသည်။

 

ထိုကိုးပါတီ ထဲတွင် အများစု အား လူထုက ကြားဖူးနားဝ ပင် မရှိကြ၊ ၂၀၂၀ ရွေးကောက်ပွဲ တွင်လည်း မဲတမဲမျှပင် မရခဲ့၊ အချို့ကလည်း အနည်းငယ် မျှသာ ရခဲ့ကြသည့် ပါတီများ ပါဝင်နေသည်။

 

ရွေးကော်သည် ယခုအထိ ရွေးကောက်ပွဲ ကျင်းပမည့် ရက်၊ လုပ်ငန်းစဉ်များကို ကြေညာခြင်း မရှိသေးပေ။ သို့သော် ရွေးကောက်ပွဲ ဥပဒေ အရ နိုင်ငံ အနှံ့ ဝင်ရောက်ယှဉ် ပြိုင်မည့် ပါတီများသည် အနည်းဆုံး မြို့နယ် ၁၁၀ တွင် ရုံးခန်းများ ဖွင့်လှစ်ထားရမည် ဖြစ်ပြီး ရွေးကောက်ပွဲနေ့ မတိုင်မီ သုံးလ အတွင်း ပါတီဝင် အင်အား ၅၀,၀၀၀ အထိ ရှိနေရမည် ဖြစ်သည်။

 

ဒေသ အတွင်းသာ ယှဉ်ပြိုင်မည့် ပါတီများသည် ၎င်းတို့ ဒေသတွင် အနည်းဆုံး မြို့နယ် ၅ မြို့နယ် တွင် ရုံးခန်း များ ရှိနေရမည် ဖြစ်ပြီး ပါတီဝင် ၁,၀၀၀ ရှိနေရမည် ဖြစ်သည်။

 

လက်ရှိတွင် စစ်တပ် လက်ခွဲ ဖြစ်သော ကြံ့ဖွတ် နှင့် အခြား စစ်အုပ်စု အား ထောက်ခံသော ပြည်သူ့ပါတီ (ကိုကိုကြီး)၊ ပြည်သူ့ ရှေ့ဆောင် ပါတီ (သက်သက်ခိုင်)၊ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက် ပါတီ SNDP (စိုင်းထွန်းလင်း) ပါတီများသာ စစ်အုပ်စု ထိန်းချုပ်နယ်မြေ များ အတွင်း ရုံးခန်းများ ဖွင့်ထားကြသည်။

 

ရွေးကောက်ပွဲ အတွက် မဲဆွယ်ခွင့် မပေးသေးသော်လည်း ကြံ့ဖွတ် ခေါင်းဆောင် ခင်ရီ နှင့် အဖွဲ့သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် နေပြည်တော်တွင် လူထု ကြားထဲ တိုးဝင်ပြီး စစ်ဘေးရှောင် ပြည်သူများကို အလှုအတန်းများ လုပ်နေသည်။

 

SNDP အထွေထွေ အတွင်းရေးမှုး စိုင်းထွန်းလင်းက ၎င်း၏ ပါတီသည် ရှမ်း ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ တိုင်းများ အတွင်း ရှိ မြို့နယ်ပေါင်း ၁၃၆ မြို့နယ် တွင် ရုံးခန်းများ ဖွင့်ထားပြီး ဖြစ်သည်၊ သို့သော်လည်း #ပါတီအမှတ်တံဆိပ်နှင့်အလံများကိုမူ လုံခြုံရေး ကြောင့် အိမ်ထဲ ထည့်ထားရသည်ဟု ဆိုသည်။

 

SNDP သည် ရှမ်းပြည်တောင်ပိုင်း ရှိ မြို့နယ် အားလုံး နီးပါးတွင် ရုံးခန်းများ ဖွင့်ထားပြီး ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သိမ်းပိုက်ထားသည့် မြောက်ပိုင်းတွင်မူ နောင်ချို၊ မိုးမိတ် နှင့် မူဆယ်တွင်သာ ဖွင့်နိုင်သေးသည်။

 

၎င်းတို့ ရှိနေကြောင်း လူထု ကို ဆိုင်းဘုတ်ထောင်၍ အသိပေး နိုင်ယုံမှ လွဲ၍ အခြား ဘာမျှ လုပ်နိုင်ခြင်း မရှိ‌သေးသည်ကို တွေ့ရသည်။ တိုင်းရင်းသား ပါတီငယ်လေးများကမူ ရုံးခန်း ဖွင့် နိုင်ရန်ပင် မနည်းရုန်းကန် နေကြရသည်။

 

ကရင် အမျိုးသား ဒီမိုကရက် ပါတီသည် ကရင်ပြည်နယ် အတွင်း ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်ငြားလည်း ယခုထိ ရုံးခန်း တခန်းပင် မဖွင့် နိုင် ရှာသေးပေ။ ဖားအံ၊ လှိုင်းဘွဲ့၊ မြဝတီ မြို့သုံးမြို့ လောက်တွင်သာ လုပ်နိုင်လိမ့်မည်ဟု ယူဆထားကြသည်။

 

ပဲခူး တိုင်း တွင် ယှဉ်ပြိုင်မည့် ဖက်ဒရယ် ဒီမိုကရက် ပါတီသည် ဒေသတွင်း ရုံးခန်း ၁၅ ခု ဖွင့်ထားနိုင်ခဲ့ပြီး ဖြစ်သည်၊ သို့သော် ပဲခူး ဒေသကြီး၏ အရှေ့ နှင့် အနောက်ခြမ်း တွင် မူ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ ရန်ကုန်-ပြည်လမ်း တလျောက်တွင်ပင် လုံခြုံစွာ သွားလာ နိုင်ခြင်း မရှိသေးဟု ဆိုသည်။

 

ရခိုင်တွင် စစ်အုပ်စုသည် စစ်တွေ နှင့် မန်အောင်၊ ချင်းပြည်နယ် တွင် တီးတိန်၊ ထန်တလန်၊ ဟားခါး၊ ကရင်နီ ပြည်နယ်တွင် လွိုင်ကော်၊ မိုးဗြဲ သာ ထိန်းချုပ်ထားနိုင်စွမ်းရှိ၍ ပါတီငယ်လေး များ အဖို့ လိုအပ်သည် ငါး မြိုနယ် တွင် ရုံးခန်း ရှိရမည်ဆိုသည်က မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။

 

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆိုသည်က အင်အားပြ အနိုင်ကျင့်၍ စားပွဲဝိုင်းသို့ ရောက်လာဖို့ သာ ရည်ရွယ်နေသည် ဆိုသည်က လက်ရှိ ဆုံးရှုံးသွားသော နယ်မြေများ ပြန်ရရန် အတင်း အဓမ္မ ဆက်တိုက် နေခြင်းက သက်သေခံနေပေသည်။

 

တော်လှန်ရေး အဖွဲ့များက ၎င်းတို့ စစ်အုပ်ချုပ်ရေး ဆက်၍ တည်တံ့ရန် နှင့် နိုင်ငံတကာကို လှည့်စားရန် သက်သက်သာ ဖြစ်၍ လူထု အနေဖြင့် မပတ်သက်ဘဲ နေရန် လှုံ့ဆော်ထားသည်။

 

မွန် ပြည် တော်လှန်ရေး အဖွဲ့ နှင့် ရေး ပြည်သူ့ကာကွယ်ရေး တပ်များက အစိုးရ ဝန်ထမ်းများအား စစ်အုပ်စု နှင့် ပတ်သက်မည် ဆိုက စစ်ရေး အရ အရေးယူ သွားမည်ဟု သတိ‌ပေးထားသည်။

 

DKBA ကလည်း ၎င်းတို့ နယ်မြေများ အတွင်း ရွေးကောက်ပွဲ လုပ်ခွင့် ပြုမည်မဟုတ်ဟု ပယ်ချထားသည်။

 

စစ်အုပ်စု မှ မြို့နယ်ပေါင်း ၂၆၇ မြို့တွင် လုပ်သွားမည် ဆိုသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရက တော်လှန်ရေး တပ်များ သိမ်းယူထားသော မြို့ပေါင်း ၁၄၄ မြို့ရှိပြီး ၇၉ မြို့နယ်တွင် တိုက်ပွဲ များ ဆက်လက် ဖြစ်နေသည်ဟု ရေးသားထားသည်။

 

တပ်ထဲတွင်လည်း မင်းအောင်လှိုင် သမ္မတ တက်လုပ်၍ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်လွှတ်တော့မည်လော ဆိုကာ ဝမ်းသာအားရ ဖြစ်သွားကြသော်လည်း အသက် ၆၈ နှစ် ရှိလာသည့် ၎င်းပင် ဆက်၍ စွဲကိုင်ထားမည် ဆိုသည်ကို သိလာကြသည့် အခါတွင်တော့ စိတ်ဓါတ်များ ပြိုလဲ ကျဆင်းကုန်ကြပြန်သည်။

 

စစ်အုပ်စု လက်အောက်ခံ တပ်သားများသည် ၎င်းတို့ အပေါ် စစ်ရေး အရ မည်သို့မျှ ဦးဆောင်မှု ပေးနိုင်စွမ်း မရှိသည့် အပြင် နောက်ထပ် တိုး၍ သမ္မတ ရာထူး ပါ ယူလာသည့် အဖြစ်ကို မိုက်ရူးရဲ ဆန်စွာ မျက်စိ စုံ မှိတ်ကာ ဆက်၍ နာခံရဦးမည်လောဟု တွေးနေ လောက်ပြီ ဖြစ်သည်၊ မင်းအောင်လှိုင်သည်သာ သမ္မတ ဖြစ်သွား ဖို့ သေချာ သလောက် ဖြစ်နေသော်လည်း ၎င်းတို့ အဖို့ က ဘယ်‌သောင် ဘယ်ကမ်း ဆိုက်မည် မသိ နိုင်သည့် အဖြစ်မျိုး ရောက်နေကြရပြီ ဖြစ်သညိ။

 

အာဏာရှင် ဆိုသူများက လူထု အား လုံးဝ ငတ်သွားသည် အထိတော့ အဖြစ်ခံလေ့ မရှိ၊ သို့သော် လူအများစုအား စားရသောက်ရ ဖို့ အရေး ကို သေလု မျောပါး ရုန်းကန် နေရမည့် အဆင့်မျိုးတွင်သာ ထား ရှိ နိုင်ရန် စိတ်ကူး နေကြသူများ ဖြစ်သည်။

 

ထိုသို့ မဝရေစာ ဘဝ ဖြင့် အသက်ဆက်နေကြရသော်လည်း အာဏာရှင်များသည် လူ့တဦးတယောက်၏ ပုဂ္ဂလိက ဘဝ နှင့် အများ နှင့် ဆိုင်သော ဘဝ ဆိုသည်ကို စည်းခြားထားခြင်း မရှိရ၊ abandonment of personal feelings ဟု ဆို၍ ရသည့် မိမိ၏ ကိုယ်ပိုင် ခံစားချက် ကို ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ စွန့်လွှတ်ပြီး ၎င်းတို့ကို ထောက်ခံရမည်ဟု ဒလန်များ၊ သတင်းပေးများ မွေးပြီး အတင်းအကျပ် ဖန်တီးလာကြပေဦးမည်။

 

ထိုသို့ မဟုတ်က တတိုင်းပြည်လုံး ကိုဗစ် လှိုင်းကြောင့် တောင်ပုံရာပုံ သေဆုံးအောင် စီမံခန့်ခွဲနိုင်ခဲ့သူ၊ ကုန်ဈေးနှုန်း သည် ၁၇၇ ရာနှုန်း တက်လာ‌ နေ၍ ပြည်သူများ ကျီးလန့်စာစား ဖြစ်နေချိန်တွင်ပင် မော်စကိုမှ မိုင် ၆၀ ခန့် ဝေးသော ပန်းခြံငယ်တခု တွင် ရွှေစည်းခုံ ပုံတူ တည်ကာ “အောင်ပြီ အောင်ပြီ အောင်ပြီ” ဟု လက်သီး လက်မောင်း တန်းနေသူ အား တိုင်းပြည်ခေါင်းဆောင်အဖြစ် ရွာသာကြီး မှ လူများက လွဲ၍ မည်သူကများ သမိုင်း တရားခံ အဖြစ်ခံကာ မဲပေးရွေးချယ်မည့် သူ ရှိပေမည်နည်း။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!