ထိုင်း- ကမ္ဘောဒီယား နယ်ခြားစစ်

by Hla Soewai - Jul 30 2025

ထိုင်း နှင့် ကမ္ဘောဒီယားသည် ၎င်းတို့အကြား ကာလ ကြာမြင့်စွာ ဖြစ်ပွားနေသော နယ်ခြား အငြင်းပွားမှု များ တွင် အများအားဖြင့် လက်နက်ကြီးများ ထုတ် သုံးခဲ့ကြခြင်း မရှိပေ။ ထို့အတွက် ဇူလိုင် ၂၄ ရက် နံနက် တွင် ရုတ်ခြည်း ဆိုသလို အကြမ်းဖက်မှု များ ထွက်ပေါ်လာ၍ တုန်လှုပ် ခြောက်ခြားသွားခဲ့ရသည်။

 

ကမ္ဘောဒီယားသည် လက်နက်ကြီး များဖြင့် ထိုင်းစစ်စခန်း တခုကို ပစ်ခတ်လာပြီး၊ ထိုင်း ၏ F-16 တိုက်လေယာဉ်များကလည်း ကမ္ဘောဒီယား ဖက်သို့ ဝင်ရောက် ဗုံးကြဲ တိုက်ခိုက်လာခဲ့ကြသည်။ ထိုင်း အာဏာပိုင်များက ထိုင်း အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ နယ်ခြားဒေသရှိ လူပေါင်း ၄၀,၀၀၀ ခန့်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ကမ္ဘောဒီယား ဖက်က ယခုထိ ထိခိုက် သေဆုံးမှု သတင်း ထွက်မလာသေးပေ။

 

‌ဒန်ဂရက် တောင်တန်း‌‌ဒေသရှိ နယ်မြေ အငြင်းပွားမှုသည် အသစ် အဆန်း မဟုတ်သော်လည်း မေလထဲတွင် ထိုင်း ကင်းလှည့် တပ်ဖွဲ့မှ ကမ္ဘောဒီယား စစ်သား တဦးကို ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ရမှု ကို အကြောင်းပြု၍ အသစ်တဖန် ဖြစ်ပွားလာရခြင်း ဖြစ်သည်။

 

ဇူလိုင် ၁၆ နှင့် ၂၃ ရက်များတွင် မြေမြုပ်မိုင်းကြောင့် ထိုင်း တပ်သား ၈ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ထိုအထဲတွင် ၂ ဦး သည် ခြေလက်အင်္ဂါ ဆုံးရှုံးသွားသွားသည် အထိ ပြင်းထန်ခဲ့သည်။ ထိုင်းအာဏာပိုင်များက မိုင်းများကို အသစ်ချထားခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း ကမ္ဘောဒီယားဖက်က ငြင်းဆိုခဲ့သည်။ ခမာနီ လက်ထက်က အကြွင်းအကျန်များ ဖြစ်သည်ဟု ဆိုသည်။

 

ကြာသပတေးနေ့ နံနက်တွင်‌ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် ရှေးဟောင်း ဘုရားပျက်ကြီး အနီးတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ တိုက်ပွဲများသည် ကီလိုမီတာ ၂၀၀ ရှည်လျားသည် နယ်ခြားတလျောက် ရှစ်နေရာအထိ ကူးစက်သွားခဲ့သည်။

 

ကမ္ဘောဒီယား တပ်များသည် နှစ်စပိုင်းမှစ၍ တန်မိုအန် တုံ ဘုရားကျောင်း အပါအဝင် နယ်ခြားရှိ ဘုရား နှစ်ဆူ ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေခဲ့သည်ဟု ထိုင်း ဗိုလ်ချုပ်များက ပြောလာသည်။

 

ကမ္ဘောဒီယား ဖက်ကမူ ထိုင်း ဗိုလ်ချုပ်များသည် အာဏာ သိမ်းနိုင်ရန် အကြောင်းရှာနေခြင်း ဖြစ်သည်ဟု စွပ်စွဲလာခဲ့သည်။  

 

ကြာသပတေးနေ့ တိုက်ပွဲများ မဖြစ်ပွားမီကပင် ထိုင်း နိုင်ငံရေးသည် ဂယက်ထလာခဲ့သည်။ ဇွန်လ အတွင်း တွင် အသက် ၃၈ နှစ်ရှိ ထိုင်း ဝန်ကြီးချုပ် ပက်ထုံတန် ရှင်နာဝပ်သည် နယ်စပ် အငြင်းပွားမှု ပြေရာ ပြေကြောင်း ဖြစ်စေရန် ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောလာခဲ့သည်။ ထိုသို့ ပြောဆိုမှု အား အသံဖမ်းထားသည့် ဖိုင်သည် အပြင်သို့ ပေါက်ကြားသွားခဲ့သည်။ မစ္စက် ပက်ထုံတန်သည် ထိုသို့ ပြောဆိုနေစဉ် အတွင်း နယ်ခြားဒေသ တာဝန်ခံ ထိုင်း ဗိုလ်ချုပ် တဦးအား မှိုချိုး မျှစ်ချိုး ပြောခဲ့သည်ဟု ဝေဖန်သူ များက ပြစ်တင် ပြောဆိုလာသည်။ ဟွန်ဆန် အားလည်း မလိုအပ်ပဲ ရိုးကျိုးပြပြီး "အန်ကယ်" ဟု ပင် ခေါ်ခဲ့သည်ဟု ဆိုသည်။

 

ဇူလိုင် ၁ ရက်နေ့တွင် ထိုင်း ဖွဲ့စည်းပုံတရားရုံးမှ သူမ၏ စကားများသည် "ကျင့်ဝတ်ပိုင်းဆိုင်ရာ" ဥပ‌ဒေ ကို ဖောက်ဖျက်သည် ဆိုကာ တာဝန်မှ ရပ်ဆိုင်းခဲ့သည်။ မစ္စက် ပက်ထုံတန်ကတော့ သူမသည် ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြန်လည် ချေပ ပြောဆိုခဲ့သည်။ ပက်ထုံတန် ဖက်မှ ကာကွယ် ပြောဆိုသူများက စစ်တပ်သည် သူမ၏ မိသားစု ဝင် နှစ်ဦးအား ၂၀၀၆ နှင့် ၂၀၁၄ တွင် ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်ဟု ထောက်ပြခဲ့ကြသည်။ ယခုလည်း အလားတူ ပြုလုပ်ရန် အကြောင်းရှာလာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရားရုံး မှ အပြီးသတ် မဆုံးဖြတ်မီ ပက်ထုံတန် ပါတီမှ လက်ထောက်တဦး ဖြစ်သူ ဖုန်းထန် ဝေ့ချယာချိုင်းသည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူလာခဲ့သည်။ ဇူလိုင် ၂၄ တွင် ၎င်းက စစ်တပ်၏ အရေးယူမှု ကို ထောက်ခံကြောင်း သတင်းထောက်များကို ပြောခဲ့သည်။ သို့သော် စစ်တပ်သည် တိုက်လေယာဉ် များ စေလွှတ်လိုက်မှု အပေါ် အစိုးရအား အရင်တိုင်ပင်ခြင်း ရှိမရှိ တပ်အပ်သေချာ မပြောနိုင်သေးပေ။ သို့သော် နယ်ခြား ပဋိပက္ခ သည် "စစ်ပွဲကြီး ဆီသို့ ရွေ့လျားသွားနိုင်သည်ဟု ဖုန်းထန်က သတိပေးလာခဲ့သည်။

 

ထိုင်း အမျိုးသားရေး သမားများကတော့ ကမ္ဘောဒီယားသည် ပဋိပက္ခကို ရည်ရွယ်ချက်ရှိရှိ ဖြင့် ကြီးထွားအောင် လုပ်နေသည်ဟု ပြောလာကြသည်။ ထိုင်း ပင်လယ်ကွေ့ အတွင်းရှိ ရေနံ နှင့် ဓါတ်ငွေ့ တူးဖေါ်ပိုင်ခွင့် နှင့် ပတ်သက်၍ အငြင်းပွားနေရာ တွင် နိုင်ကွက်ရအောင် လုပ်လာနေသည်ဟု ‌ဆိုသည်။ အချို့ကလည်း ၎င်းတို့ နိုင်ငံ အတွင်းရှိ အွန်လိုင်း ငွေလိမ် ဂိုဏ်းများ အား ထိုင်းအစိုးရ မှ နှိမ်နှင်းနေသည်ကို လက်စားချေရန် ဟု ပြောနေကြသည်။

 

၂၀၂၄ အတွင်း အမေရိကန်သည် ကမ္ဘောဒီယား အာဏာရ ပါတီအား အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှင့် ဆက်နွယ်မှု ရှိသည်ဆိုကာ ဒဏ်ခတ် ပိတ်ဆို့လာခဲ့သည်။

 

၂၀၁၁ တွင်လည်း ဒန်ဂရက် တောင်တန်း ဒေသ အငြင်းပွားမှု နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အကြား တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ဖူးသည်။ ထိုအချိန်က အာဆီယံ ဥက္ကဌ အင်ဒိုနီရှားက အတင်းအကျပ် ဝင်ရောက် ဖြန်ဖြေပေးခဲ့သည်။ ယခု အခါ တွင်တော့ အာဆီယံဖက်မှ စိတ်ပါလက်ပါ ဖြေရှင်းလိုစိတ် မတွေ့ရသေးဟု ဆိုသည်။

 

လက်ရှိ အရေးကို ဖြေရှင်းရန် ပြည်ပ မှ အတင်းအကျပ် ဖိအားပေးမှု မရှိက အခြေအနေများ ပို၍ ဆိုးဝါးလာနိုင်ပေသည်။

 

(၂၀၂၅ ဇူလိုင် ၂၄ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Why Thai fighter jets have attacked Cambodia" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)