"ရွေးကောက်ပွဲ" သည် စစ်အုပ်စု၏ လက်နက် မသုံးသော စစ်ပွဲ

by Hla Soewai - Jul 30 2025

မြန်မာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး နှင့် ငြိမ်းချမ်း ရေး အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးမှစ၍ ဘဝ တလျှောက်လုံး တိုက်ပွဲ ဝင်လာခဲ့ပြီး Progressive Voice လူ့အခွင့် ရေး လှုပ်ရှားမှု ကို ထူ ထောင်ထားသည့် ဒေါ် ခင်ဥမ္မာ က DVB တွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

 

၂၀၂၅ နှစ်ကုန် ပိုင်းတွင် စီစဉ်ထားသော စစ်အုပ်စု၏ ‌"ရွေးကောက်ပွဲ" ဆိုသည်က နိုင်ငံအား ၎င်းတို့၏ အဖွဲ့အစည်း ရာသက်ပန် ကောင်းစားရေး အတွက် အပြီးသတ် ပန္နက်ရိုက်မည့် ပွဲလည်း ဖြစ်သည်။

 

အဆိုပါ "ရွေးကောက်ပွဲ" ဖြင့် ၎င်းတို့ ရှေ့လျောက် ကိုယ်မင်းကိုယ်ချင်း ထင်ရာစိုင်းနိုင်ယုံမျှမက လူထု အား ဓါးမိုးပြီး ခြိမ်းခြောက် အုပ်ချုပ်သွားနိုင်မည့် လက်နက်ကို ထုတ်သုံးလာခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အတွက်လည်း ကျူးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် စိုးရိမ်စရာ မလိုတော့သော လက်နက်မျိုးလည်း ဖြစ်သည်။ ၎င်းတို့အား တော်လှန်နေခြင်းသည် တရားမဝင် ဟု ထင်မြင်လာပြီး နိုင်ငံတကာ မှ ပူးပေါင်းလာစေမည့် လက်နက် မျိုးလည်း ဖြစ်သည်။

 

၎င်းတို့ အဖို့ကား အမည်ပြောင်းပြီး ဘောင်းဘီချွတ် ပုဆိုး ကောက်လဲယုံသာ ဖြစ်မည့် အစီအစဉ် မျိုးလည်း ဖြစ်၍ မည်သို့မျှ အပန်းမကြီးသော လုပ်ရပ်မျိူးလည်း ဖြစ်သည်။ 

 

အာဆီယံသည် ဇူလိုင် ၁၁ ရက်နေ့တွင် ယခုအချိန်သည် ထိုအရေး ကို ဦးစားပေးရမည့် အချိန်မဟုတ်၊ ပြဿနာများကို ဖြေရှင်း နိုင်မည် မဟုတ်သည့် အပြင် ပို၍သာ ဆိုးလာနိုင်သည်ဟု နောက်ဆုံးတွင် မနေသာတော့ပဲ ထုတ်ပြောလာရသည်။

 

ယခု "ရွေးကောက်ပွဲ" ကို ပြုလုပ်ပေးမည် ဆိုသူများက ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက် အာဏာ သိမ်းယူခဲ့ကြသူများ ဖြစ်သည်ကို မေ့လျော့ထား၍ မဖြစ်။ ထိုမျှ မက‌သေး ငါးနှစ် ကာလ အတွင်း လူပေါင်း ၆,၉၀၀ ကို သတ်ဖြတ်ထားပြီး ၂၂,၀၀၀ ကို အကျဉ်းချထားသူများ ဖြစ်သည်။

 

ဇန်နဝါရီ မှ စ၍ အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၆ ‌ဦး သေဆုံး သွားခဲ့သည်။ ဇူလိုင်လထဲတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သော ရွှေညဝါ ဆရာတော်လည်း ပျံလွန်တော်မုသွားပြီး ဆရာ မောင်သာချို တို့ ငယ်ငယ်ရွယ်ရွယ် နှင့် ကွယ်လွန်သွားခဲ့ရရှာပြီ၊ လက်ရှိ နောက်ဆုံး ၎င်းတို့ လက်ချက် နှင့် ‌ကျဆုံးသွားခဲ့ရသူ သည် ဒဂုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် အသက် ၂၆ နှစ် အရွယ်ရှိ မဝတ်ရည်‌အောင်ပင် ဖြစ်သည်။

 

ထိုငါးနှစ် အတွင်းမှာပင် လေကြောင်းမှ အကြိမ်ပေါင်း ၅,၄၀၀ ခန့် တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ ကလေးသူငယ် ၃,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိသွားခဲ့သည်။ လူပေါင်း ၃.၅ သန်းသည်လည်း အိုးအိမ်မဲ့ ဘဝ နှင့် လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ကြရသည်။ ဤသည်ကား လူတစု ကောင်းစားရေး အတွက် တတိုင်းတပြည်လုံး ပေးဆပ်ခဲ့ရသည့် အတိုင်းအတာ ပင် ဖြစ်သည်။

 

 လူဦးရေ စာရင်းကိုပင် ရာနှုန်းပြည့် မကောက်နိုင်၊ ၄၀ ရာနှုန်း ချန်လှပ်ထားခဲ့ရသည်ဟု ၎င်းတို့ကိုယ်တိုင် ဝန်ခံထားခဲ့ပြီးလည်း ဖြစ်သည်။

 

ဤသည်ကလည်း နိုင်ငံ ၏ အစိတ်အပိုင်း အတော်များများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထား နိုင်၍ ဖြစ်သည်။ အဆိုပါ ဒေသများ တွင် အောက်ခြေ ဗဟိုပြု အုပ်ချုပ်ရေးစနစ် ဖြင့် စီမံ အုပ်ချုပ်နေကြပြီ ဖြစ်သည်။

 

၎င်းတို့ ခန့်အပ်ထားသည် ရွေးကော်သည်လည်း ၁၉၉၀, ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများ တွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေး ပါတီပေါင်း ၄၀ အားလည်း ဖျက်သိမ်းပစ်ခဲ့ပြီ ဖြစ်သည်။

 

ထိုကဲ့သို့သော အနေအထားတွင် ကျင်းပမည့် ရွေးကောက်ပွဲ မျိုးသည် မည်သို့များ တရားဝင်ပေမည်နည်း၊ ဤသည်က ရွေးကောက်ပွဲ မဟုတ်၊ နိုင်ငံရေး အရ အကြမ်းဖက်လာသည့် စစ်ပွဲတမျိုးသာ ဖြစ်သည်။

 

စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို သံခင်းတမန်ခင်း ဖြင့် ဖုံးကွယ် နိုင်ရန် ငြိမ်းချမ်းရေး ဖိုရမ်ကြီးကိုလည်း ခင်းကျင်းလာခဲ့ပြန်သည်။ ဤသည်ကလည်း ၎င်းတို့ အစဉ်တဆက် ကျင့်သုံးလာခဲ့သည့် နည်းဗျူဟာ မျိုးသာ ဖြစ်သည်။ ၎င်းတို့အား ဆန့်ကျင်နေမှု မှန်သမျှ ကို လမ်းလွဲ လိုက်နေခြင်းဆိုကာ ပူးပေါင်းကြဖို့ပင် တိုက်တွန်းလိုက်ပြန်သေးသည်။ အာဏာကို ၎င်းတို့ အချင်းချင်း လက်ဆင့်ကမ်း၊ လူထု ကို လက်အောက်ငယ်သား များ သဖွယ် အစဉ်တဆက် သဘောထား ဆက်ဆံလာကြသူ များ ဖြစ်သည်။ 

 

မြို့ရွာ များကို ဗုံးကြဲ တိုက်ခိုက်နေကြသူများ နှင့် အဘယ်သို့များ ငြိမ်းချမ်းရေးစကား ပြော၍ ရနိုင်ပေမည်နည်း။ ထိုဖိုရမ် ကြီး သို့ တက်ရောက်လာကြသူများက စစ်အရာရှိများသာမက၊ ၎င်းတို့နှင့် ပလဲနံပ သင့်နေသော တိုင်းရင်းသား အဖွဲ့များ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ မှ သံတမန်များ သာမက နိုင်ငံ ခြောက်နိုင်ငံမှ သံချပ်ကာ ကား ကျွမ်းကျင်သူ များပင် ပါသေးသည်။

 

၎င်းတို့သည် ကြားနေ လေ့လာသူ များ မဟုတ်ကြတော့၊ စစ်အုပ်စု ဖက်မှ ရပ်ပြီး ဆက်၍ အကြမ်းဖက် နိုင်အောင် အားပေး ကူညီ ကြမည့်လူများသာ ဖြစ်သည်။

 

ဖိုရမ် ကျင်းပနေစဉ်တွင်ပင် လေကြောင်းမှ အကြိမ်ပေါင်း ၅၅၀ တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ ၄၇၁ ဦး သေဆုံးသွားခဲ့ရသည်။ ထိုအထဲတွင် ကလေးသူငယ် ၇၂ ဦး ပါဝင်ခဲ့သည်။

 

ငြိမ်းချမ်းရေး ဆိုသည်ကို ဗုံးများ ကြဲ၍ ရယူဖို့ ဖြစ်နိုင်ပါဦးမည်လော။

 

အာဆီယံ အနေဖြင့် ထိုကဲ့သို့သော လူမျိုးများနှင့် တစားပွဲတည်း ထိုင်၍ ဆွေးနွေးရန် အတင်းအကျပ် မတိုက်တွန်းသင့်၊ ထိုကဲ့သို့သော အရိုင်းအစိုင်းများကို "ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးဖြင့်" ယဉ်ပါးအောင် လုပ်၍ ရမည်ဟု မျှော်လင့်နေခြင်းကို စွန့်လွှတ်သင့်ပြီ ဖြစ်သည်။ လက်ရှိ တွင် ၎င်းတို့ နှင့် လက်ဆွဲ နှုတ်ဆက်နေသည့် အသိဉာဏ်ပိုင်း နှင့် ကိုယ်ကျင့် တရားပိုင်း ချွတ်ခြုံကျနေသည့် လုပ်ရပ်မျိုးသား တွေ့မြင်နေရသည်။ ထိုသို့ ချွတ်ခြုံကျ‌ နေသူ များက မိမိတို့ အား ၎င်းတို့ နှင့် ဆွေးနွေးပါဟု ဖိအားပေးခြင်းကို အဘယ်သို့ လက်ခံ၍ ဖြစ်ပေမည်နည်း၊ မကူညီချင်လည်း ထိုသို့ ဖိအားမျိုး မပေးသင့်။

 

နိုင်ငံတကာ၏ အသိအမှတ် ပြု ခံရဖို့ ဆိုသည်က ထိုက်တန်အောင် လုပ်ပြနိုင်မှ ဖြစ်ပေမည်၊ ပွဲတပွဲ ဖြစ်မြောက်အောင် လုပ်ပြယုံဖြင့် ရလာမည် မဟုတ်။

 

စစ်တပ်က လုပ်သည့် ရွေးကောက်ပွဲ တိုင်းကို ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အဖြစ် ယူဆမည်ဆိုက ထိုသို့ ယူဆသူတိုင်းသည် ပြဿနာ၏ တစိတ်တပိုင်း အဖြစ် ရောက်လာပြီ ဖြစ်သည်။

 

ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ နေပြည်တော်ကို စေလွှတ်တိုင်း၊ ၎င်းတို့ အဖွဲ့တဖွဲ့ ကို လာရောက်ဖို့ ဖိတ်ခေါ်တိုင်း လူထု ကို ဒုက္ခပေးနေသူများ သက်ဆိုးရှည်အောင် လုပ်ပေးနေခြင်းသာ ဖြစ်သည်။

 

နေ့စဉ်လို မြန်မာ လူငယ် လေးများ လူထု ၏ အသက် အိုးအိမ် ကို ကာကွယ်‌ ပေး နိုင်မည့် နိုင်ငံ‌ တော်သစ် ပေါ်ထွန်းလာရေး အတွက် အသက်ပေး၍ တိုက်ပွဲ ဝင်နေကြရသည်။ လက်စားချေလိုကြ၍ မဟုတ်၊ အကြောက်တရား မှ ကင်းလွတ်ပြီး လွတ်လပ်စွာ အသက်ရှင်သန် နိုင်ခွင့် ရှိလာ‌စေရန် အတွက် ဖြစ်သည်။ ဤသည်ကား နိုင်ငံသား အားလုံး၏ အနာဂတ်လည်း ဖြစ်သည်။

 

နိုင်ငံတကာ အနေဖြင့် စစ်အုပ်စု ၏ ရွေးကောက်ပွဲ ကို အသိအမှတ် ပြုမည်ဆိုက ဂုဏ်သိက္ခာရှိရှိ၊ မျှော်လင့်ချက် အပြည့်ဖြင့် ငြိမ်းချမ်းစွာ နေထိုင်လိုကြသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ အနာဂတ်ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

 

ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးမည့် မြန်မာပြည်၏ အနာဂတ်သည် စစ်အုပ်စု ၏ မဲရုံများမှ ထွက်ပေါ်လာမည် မဟုတ်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!